Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု, ဥပဒေရေးရာ သုတေသန on Jan 22, 2020

ဒီကိစ္စက ဘာကြောင့် လူပြောများတဲ့ ကိစ္စတစ်ခု ဖြစ်နေရတာလဲ

အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ အာနန္ဒာအဖွဲ့ဟာ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဥပဒေကြမ်းအနှစ်ချုပ်၊ ဥပဒေကြမ်းမိတ်ဆက် နဲ့ ဥပဒေကြမ်းဆန်းစစ်မှုကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

သတင်းမီဒီယာအနေနဲ့ ဥပဒေကြမ်းအကြောင်းကို တိုက်ရိုက်တင်ပြ ဆွေးနွေးခြင်း မရှိပေမယ့် အစိုးရရဲ့ ဝယ်ယူခြင်းဆိုင်ရာ ကိစ္စနဲ့ ဆက်နွယ်ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ သတင်းတင်ပြမှုတွေမှာ မကြာခဏ တွေ့ရလေ့ ရှိပါတယ်။ ဥပမာတစ်ခု ဖော်ပြရရင် မကြာသေးမီက ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို မထုတ်ပြန်တဲ့ ပျက်ကွက်မှုမှာ တွေ့မြင်နိုင်ပါတယ်။ အဆိုပါဖြစ်စဉ်မှာ သတင်းမီဒီယာတွေက ရန်ကုန်မြို့ဘတ်စ်ကား ဝန်ဆောင်မှု နဲ့ ရန်ကုန်မြို့သစ်တည်ဆောက်ခြင်းတွေမှာ အစိုးရရဲ့ အဓိကဝယ်ယူမှုစာချုပ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် မေးခွန်းထုတ်တာတွေ ရှိခဲ့ပါတယ်။

အစိုးရရဲ့ဝယ်ယူခြင်း ဆိုတာ ဘာလဲ

အစိုးရ ဝယ်ယူခြင်း ဆိုတာက အစိုးရတွေနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေက ကုန်စည်၊ ဝန်ဆောင်မှု နဲ့ အလုပ်တွေကို ဝယ်ယူခြင်းကို ရည်ညွှန်းပါတယ်။ အစိုးရရဲ့ဝယ်ယူခြင်းဟာ အခွန်ထမ်းပြည်သူတွေဆီက ကောက်ခံထားတဲ့ ငွေရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုနေတာ ဖြစ်တဲ့အတွက် အကျိုးကျေးဇူး အများဆုံး ဖြစ်စေဖို့ ထိရောက်စွာ သုံးစွဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ဖို့နဲ့ မြင့်မားတဲ့ ဝန်ဆောင်မှု အရည်အသွေးတွေ ရရှိနိုင်စေဖို့အတွက် ဝယ်ယူခြင်းဖြစ်စဉ်ဟာ အဆင့်အတန်း မြင့်မားရမှာ ဖြစ်ပါတယ် (OECD, 2019) ။ ကမ္ဘာ့ဘဏ်ရဲ့ ကိန်းဂဏန်းတွေအရ အစိုးရရဲ့ဝယ်ယူခြင်းတွေဟာ ကမ္ဘာ့ GDP ရဲ့ ၁၀% မှ ၂၀% အထိ ရှိနေတာကြောင့် ကမ္ဘာ့စီးပွားရေးရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေပါတယ် (PIIE, 2016) ။

၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အစိုးရ ငွေလုံးငွေရင်းသုံးစွဲမှု (ယာဉ်တွေ၊ အဆောက်အဦးတွေနဲ့ အခြေခံအဆောက်အအုံတွေကဲ့သို့သော ပိုင်ဆိုင်မှုတွေကို ဖန်တီးတာနဲ့ ထိန်းသိမ်းတာတွေအတွက် သုံးစွဲမှု) ဟာ ကျပ် ၇၅၈၇ ဘီလီယံကျော် ( အမေရိကန် ဒေါ်လာ ၅ ဘီလီယံကျော်) အထိ ရှိခဲ့ပါတယ်။ ထိုပိုင်ဆိုင်မှုတွေဟာ မြန်မာနိုင်ငံ GDP ရဲ့ ရှစ်ရာခိုင်ခိုင်နှုန်းခန့်နဲ့ ညီမျှပြီး ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုခုထံမှ အများအားဖြင့် ဝယ်ယူမှာ ဖြစ်ပါတယ် (Ananda, 2019) ။ ဥပမာ ၂၀၁၃ ခုနှစ် Asia World ကုမ္ပဏီဟာ ရန်ကုန်လေဆိပ်မှာ တိုးချဲ့ အဆောက်အဦးတစ်ခု ဆောက်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ တန် စာချုပ်တစ်ခုကို အစိုးရနဲ့ ချုပ်ဆိုခဲ့ပါတယ် (Myanmar Times, 2016) ။ မကြာသေးခင်က လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ၊ နှောင့်နှေးမှုတွေနဲ့ စွပ်စွဲပြောဆိုမှုတွေ ရှိနေတဲ့ကြားကပင် စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာနဟာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တည်ဆောက်ဖို့အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်တွေ ချပေးခဲ့ပါတယ်။

အကျိုးစီးပွားတွေက ဘာတွေလဲ၊ ဘယ်သူတွေက အကျိုးခံစားခွင့် ရရှိနိုင်မှာလဲ

ကောင်းမွန်စွာ စီမံခန့်ခွဲထားပြီး အလေအလွင့်မရှိတဲ့ အစိုးရရဲ့ဝယ်ယူခြင်းဆိုတာက အခွန်ထမ်း ပြည်သူလူထုရဲ့ ငွေတွေကို ထိရောက်စွာ သုံးစွဲပြီး အရည်အသွေးမြင့်မားတဲ့ အများပြည်သူဝန်ဆောင်မှုတွေကို ပေးစွမ်းတာ ဖြစ်ပါတယ် (European Commission, 2020) ။ အစိုးရလုပ်ငန်းတွေအတွက် မျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ တင်ဒါတွေ ဖိတ်ခေါ်မယ်ဆိုရင် ကုမ္ပဏီတွေကို အသင့်တော်ဆုံး စျေးနှုန်းနဲ့ အကောင်းဆုံး ထုတ်ကုန်တွေကို အပြိုင်အဆိုင် ပေးအပ်စေဖို့ ဖြစ်စေလာနိုင်ပါတယ်။

ကောင်းမွန်စွာ ရေးဆွဲထားတဲ့ အစိုးရ ဝယ်ယူမှု လုပ်ငန်းစဉ်တွေက အခြားအရေးကြီးတဲ့ မူဝါဒဆိုင်ရာ ရည်မှန်းချက်တွေ ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ တီထွင်ဖန်တီးမှု ရှိရေး၊ အလုပ်အကိုင် ဖန်တီးရေးနဲ့ အသေးစား၊အလတ်စား လုပ်ငန်းတွေ ပျိုးထောင်ရေး စတာတွေကိုပါ ဖြည့်ဆည်းပေးနိုင်ပါတယ် (OECD, 2019) ။ ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီတွေရဲ့ တင်ဒါယှဉ်ပြိုင်မှုတွေကို အကဲဖြတ်သုံးသပ်ရာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေး သက်ရောက်မှုကောင်းတွေ ဖြစ်ပေါ်လာရေးကိုပါ ထည့်သွင်းခြင်းဖြင့် အဲဒီအကျိုးတရားတွေကို ရရှိစေနိုင်ပါတယ်။ တင်ဒါတွေ ခေါ်ယူရာမှာလည်း တန်းတူအခွင့်အရေးပေးခြင်းဖြင့် အသေးစားလုပ်ငန်းတွေဟာ တီထွင်ဖန်တီးမှုရှိတဲ့ အိုင်ဒီယာအသစ်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်လာနိုင်မှာ ဖြစ်ပါတယ်။ အတိတ်ကာလက အစိုးရဟာ ၎င်းတို့နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ လုပ်ငန်းကြီးတွေကို မျက်နှာသာပေးလိုတဲ့ အခင်းအကျင်းတွေ ရှိခဲ့ရင် အသေးစားလုပ်ငန်းရှင်တွေဟာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တွန့်ဆုတ်ခဲ့တဲ့ အခြေအနေ ရှိနိုင်ပါတယ်။

အစိုးရရဲ့ ဝယ်ယူခြင်းတွေကို အဆင့်မြှင့်တင်ခြင်းဖြင့် အစိုးရဟာ ပွင့်လင်းမြင်သာမှု နဲ့ တာဝန်ခံမှုတို့အပေါ်မှာ စိတ်အားထက်သန်မှု ရှိကြောင်း မဲဆန္ဒရှင်ပြည်သူတွေကို ဖော်ပြနိုင်သလို ၎င်းတို့အား ယုံကြည်စိတ်ချနိုင်ကြောင်း နဲ့ ပြန်လည်ရွေးချယ်ခံထိုက်သူတွေဖြစ်ကြောင်း ဖော်ထုတ်ပြသနိုင်ပါတယ်။

ဖြစ်ပေါ်နိုင်တဲ့ ဘေးအန္တရာယ်တွေက ဘာတွေလဲ

အစိုးရရဲ့ ဝယ်ယူခြင်းကို စီမံခန့်ခွဲဖို့ သဘောတရားတွေနဲ့ လုပ်ငန်းစဉ်တော်တော်များများဟာ အဓိကအားဖြင့် အကျင့်ပျက်ခြစားမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ကြပါတယ်။ အစိုးရရဲ့ ဝယ်ယူခြင်းမှာ အကျင့်ပျက်ခြစားမှု ဖြစ်နိုင်ချေ မြင့်မားစွာ ရှိပါတယ်။ အကြောင်းရင်းက ပါဝင်တဲ့ ဘဏ္ဍာရေးပမာဏ ကြီးမားတာ နဲ့ ဝယ်ယူခြင်းလုပ်ငန်းစဉ်တွေရဲ့ ရှုပ်ထွေးခက်ခဲမှုတွေကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေနဲ့ နီးကပ်စွာ ဆက်ဆံလာသောကြောင့် ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ၊ ပြည်သူ့ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားဟာ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ တစ်ထပ်တည်း တူညီခြင်း မရှိတာကို တွေ့ရပါတယ်။ OECD ရဲ့ အစီရင်ခံစာအရ လာဘ်ပေးလာဘ်ယူမှု အများဆုံးဖြစ်ရပ်တွေဟာ အစိုးရရဲ့ ဝယ်ယူခြင်းလုပ်ငန်းတွေမှာ ဖြစ်လေ့ရှိပြီး အစိုးရချပေးတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ချပေးတာတွေကို လွှမ်းမိုးဖို့ လုပ်ငန်းရှင်တွေက လာဘ်ပေးမှုတွေ ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ ဝယ်ယူခြင်းတွေမှာ အကျင့်ပျက်ခြစားတာတွေ ဖြစ်ပေါ်ရင် အလေအလွင့်တွေ ရှိလာနိုင်ပြီး အများပြည်သူအတွက် အတော်ကို နစ်နာစေပါတယ် (OECD, 2019) ။

ဝယ်ယူခြင်းမှာ အကျင့်ပျက်ခြစားမှုတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တာ၊ စျေးကွက်ယန္တရားတွေကို နှောက်ယှက်တာ နဲ့ ယှဉ်ပြိုင်နိုင်မှု၊ ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတာတွေကို လျော့ကျစေပြီး စျေးကွက်စွမ်းဆောင်နိုင်မှု ပျက်ပြားစေတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အကျင့်ပျက်ခြစားမှုဟာ ဝယ်ယူခြင်းစည်းမျဉ်းတွေကို ဖောက်ဖျက်တာ ဒါမှမဟုတ် ဥပဒေကို လက်တလုံးခြား ဆောင်ရွက်တာတွေ ပြုလုပ်တဲ့အခါမှာ ဖြစ်ပေါ်ပါတယ်။ အခြားသော ရှာဖွေတွေ့ရှိချက်တွေကတော့ -

  • လာဘ်ငွေအများဆုံးသူဆီက ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူတဲ့အတွက် ပြည်သူတွေ ရရှိခံစားတဲ့ ဝန်ဆောင်မှု အရည်အသွေး ထိခိုက်တာ
  • လာဘ်ပေးတဲ့ လုပ်ငန်းတွေက နိုင်ငံတော်မူဝါဒတွေကို ချုပ်ကိုင်လာတဲ့အတွက် အကျင့်ပျက်ခြစားမှုတွေဟာ နိုင်ငံတော်အဆင့် အကျင့်ပျက်မှု ဖြစ်လာတာ
  • အကျင့်ပျက်ခြစားမှု ဖြစ်ပွားနိုင်ချေဟာ ပါဝင်တဲ့ ငွေကြေးပမာဏ၊ နည်းပညာ ရှုပ်ထွေးမှု၊ ဝန်ဆောင်မှုတွေကို အရေးတကြီး ရရှိရန် လိုအပ်မှု နဲ့ အစိုးရအရာရှိတွေအကြား လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် အခြေအနေ စတာတွေအပေါ် မူတည်တာ
  • ဝယ်ယူခြင်း စည်းမျဉ်းတွေကို ဖောက်ဖျက်တယ်ဆိုတာ တင်ဒါခေါ်ယူမှု ကန့်သတ်တာ၊ တင်ဒါဒီဇိုင်းရေးဆွဲတာ နဲ့ လျှို့ဝှက်အချက်အလက်တွေကို လာဘ်ပေးတဲ့ ကုမ္ပဏီကို ပေးတာ
  • အရေးပေါ် အခြေအနေတွေမှာ လျင်မြန်စွာ ဆောင်ရွက်ရန် လိုအပ်တဲ့အတွက် ဝယ်ယူခြင်းစည်းမျဉ်းတွေကို လျစ်လျူရှုပြီး လုပ်ဆောင်ရတာဟာ သင့်တော်တဲ့ အကြောင်းပြချက် ဖြစ်ပေမယ့် အဲဒီအကြောင်းပြချက်ကို အသုံးချပြီး လာဘ်ယူမှုတွေ ဖြစ်ပွားနိုင်တာ

အကျင့်ပျက်ခြစားမှုကို လျော့ချဖို့ လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ မဟာဗျူဟာတွေက အစိုးရရဲ့ ဝယ်ယူခြင်းလုပ်ဆောင်တဲ့ အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်း ၊ ပိုမိုမြင့်မားတဲ့ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်း နဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းခြင်းတို့ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း မဟာဗျူဟာ တစ်ခုစီတိုင်း အောင်မြင်မှု ရရှိရေး လုပ်ဆောင်ရာမှာတော့ နိုင်ငံရေး ဆန္ဒထက်သန်မှု ရှိဖို့က မရှိမဖြစ် အရေးကြီးလှပါတယ် (GSDRC, 2002) ။

မူဝါဒ ချမှတ်သူများအတွက် အကြံပြုချက်များ

ဥရောပသမဂ္ဂရဲ့ အစိုးရ ဝယ်ယူခြင်းဆိုင်ရာ ညွှန်ကြားချက်တွေထဲမှာ ပါဝင်တဲ့ အဓိက သဘောတရားတွေက ပွင့်လင်းမြင်သာမှု၊ တန်းတူဆက်ဆံမှု၊ မျှတတဲ့ ယှဉ်ပြိုင်မှု နဲ့ ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းစီမံခန့်ခွဲမှု တို့ ဖြစ်ကြပါတယ်။ ဒီလို ဒီဇိုင်းရေးဆွဲတာဟာ ယှဉ်ပြိုင်မှုရှိတဲ့၊ ပွင့်လင်းမြင်သာတဲ့၊ ကောင်းမွန်စွာ ထိန်းကျောင်းလည်ပတ်တဲ့ ဝယ်ယူမှု စျေးကွက် တစ်ခု ရရှိနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဘဏ္ဍာငွေတွေကို ကောင်းမွန်စွာ သုံးစွဲနိုင်စေဖို့ မရှိမဖြစ်ကို လိုအပ်ပါတယ်။ အဲဒီညွှန်ကြားချက်တွေဟာ ဥရောပသမဂ္ဂထဲက ကုမ္ပဏီတွေအနေဖြင့် မြန်ဆန်ပြီး ထိရောက်တဲ့ ဆန်းစစ်အယူခံမှုတွေကို ရရှိစေဖို့လည်း သေချာစေပါတယ်။ ဒီလိုဆန်းစစ်အယူခံမှုတွေက ပြည်သူတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ဝယ်ယူမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တာနဲ့ အကောင်အထည်ဖော်မှုပိုင်းတွေကို မေးခွန်းထုတ်ဖို့ ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှု ရှိပါတယ်။ နောက်ပြီး OECD နိုင်ငံတွေဟာ အစိုးရရဲ့ ဝယ်ယူခြင်းနဲ့ပတ်သက်ပြီး စစ်ဆေးနိုင်မယ့် အချက်တွေ ပါဝင်တဲ့ ပြည့်စုံလွှမ်းခြုံတဲ့ သဘောတရားတွေကိုလည်း သဘောတူညီခဲ့ကြပါတယ် (အောက်တွင် ကြည့်ရှုပါ)။ ဒီသဘောတရားတွေဟာ မြန်မာနိုင်ငံအစိုးရ တင်သွင်းထားတဲ့ အစိုးရ၏ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းအသစ်ကို အကဲဖြတ်သုံးသပ်ရာတွင်လည်း အသုံးပြုနိုင်တဲ့ ကောင်းမွန်တဲ့ မူဘောင်တစ်ခု ဖြစ်ပါတယ်။


OECD အစိုးရများ၏ ဝယ်ယူခြင်းအတွက် အကြံပြုထားသော သဘောတရားများ

ပွင့်လင်းမြင်သာမှုရှိခြင်း ။ ။ ဝယ်ယူခြင်းဖြစ်စဉ် တစ်လျှောက်လုံး ရှိရမှာ ဖြစ်ပါတယ်။ ပစ္စည်းထောက်ပံ့သူတွေကို အင်တာနက်မှတစ်ဆင့် လွတ်လပ်စွာ ဝင်ရောက်ပါဝင်နိုင်စေဖို့ တန်းတူညီမျှစွာ ဆက်ဆံခြင်း၊ ပြည်တွင်း နဲ့ နိုင်ငံခြားမှ လုပ်ငန်းရှင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နဲ့ သာမန်ပြည်သူလူထုတွေ စတဲ့ ပါဝင်ဆက်နွယ်နေသူအားလုံးကို အစိုးရရဲ့ ဝယ်ယူခြင်းစနစ်နဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို ရယူခွင့်ပေးထားခြင်း။

ကိုယ်ကျင့်တရားရှိခြင်း ။ ။ အစိုးရဝန်ထမ်းတွေ လိုက်နာရမယ့် ကိုယ်ကျင့်တရားကျင့်ဝတ်တွေ ( ဥပမာ အကျိုးစီးပွားဆိုင်ရာပဋိပက္ခကို စီမံခန့်ခွဲခြင်း၊ သတင်းအချက်အလက် ထုတ်ပြန်ခြင်း ဒါမှမဟုတ် အခြားသော လုပ်ငန်းခွင်ဆိုင်ရာ အပြုအမူ စံနှုန်းများ) ချမှတ်နိုင်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လေ့ကျင့်သင်တန်းပေးခြင်း အစီအစဉ်တွေဟာ အကျင့်ပျက်ခြစားတာ၊ လိမ်လည်တာ၊ လုပ်ကြံ ကြံစည်တာ နဲ့ ခွဲခြားဆက်ဆံတာ စတဲ့ ကိုယ်ကျင့်တရားကို ပျက်စီးစေတဲ့ အန္တရာယ်တွေကို နားလည်သဘောပေါက်စေပါတယ်။ ဌာနတွင်းထိန်းချုပ်မှု၊ ပြန်လည်တိုင်ကြားနိုင်တဲ့ နည်းလမ်း၊ နဲ့ သင့်လျော်တဲ့ စောင့်ကြည့်မှုအပါအဝင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ် ချမှတ်တာတွေကိုလည်း စီမံထားသင့်ပါတယ်။

ဝင်ရောက်ပါဝင်ခြင်း။ ။ အစိုးရရဲ့ ဝယ်ယူခြင်းဆိုင်ရာ အခွင့်အလမ်းနဲ့ပတ်သက်ရာမှာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ လုပ်ငန်းရှင်တိုင်းကို ရှေ့နောက်ညီညွတ်မှုရှိပြီး တည်ငြိမ်တဲ့ အဖွဲ့အစည်းဆိုင်ရာ၊ ဥပဒေဆိုင်ရာ နဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ မူဘောင်တွေနဲ့ အားပေးရပါမယ်။ ၄င်းမူဘောင်တွေဟာလည်း အခြားသော ဥပဒေတွေနဲ့ ထပ်နေတာ ဒါမှမဟုတ် ဆန့်ကျင်ဘက် ဖြစ်နေတာတွေ မရှိစေဘဲ နိုင်ငံခြားမှ ပစ္စည်းထောက်ပံ့သူတွေ အပါအဝင် ဝင်ရောက်ယှဉ်ပြိုင်သူအားလုံးကို မျှတပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့ တန်းတူထားဆက်ဆံမှုပုံစံနဲ့ ဆက်ဆံရပါမယ်။

မူဝါဒ ရည်မှန်းချက်များ ။ ။ (ဥပမာ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး) နဲ့ ဝယ်ယူခြင်းဆိုင်ရာ ရည်မှန်းချက်တွေကြား မျှခြေရှိစေရပါမယ်။

အကျိုးသက်ဆိုင်သူများ ပူးပေါင်းပါဝင်ရေး။ ။ ဒီအချက်မှာ အများပြည်သူနဲ့ ကြားနာပွဲတွေ ကျင်းပတာ၊ ပုဂ္ဂလိကနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းမှ တုန့်ပြန်မှတ်ချက်တွေကို နားထောင်တာ၊ အများပြည်သူနဲ့တွေ့ဆုံပွဲက ရလဒ်တွေကို ထုတ်ပြန်ကြေငြာတာ နဲ့ အခြားကျန်ရှိတဲ့ ရွေးချယ်စရာလမ်းကြောင်းတွေကို ရှင်းလင်းတင်ပြတာတွေ ပါဝင်ပါတယ်။

ထိရောက်မှုရှိခြင်း။ ။ လုပ်ငန်းပိုင်းဆိုင်ရာ ထပ်နေတာ၊ ဌာနတွေကနေ ပူးပေါင်းမှုမရှိဘဲ သီးသန့်ဆန်နေတာ နဲ့ အခြားသော အလေအလွင့် ဖြစ်ပေါ်နိုင်တဲ့ အကြောင်းအရင်းတွေကို ရှောင်ရှားနိုင်ဖို့ရန် အထစ်အငေါ့မရှိဘဲ ချောမွေ့တဲ့ အစိုးရရဲ့ ဝယ်ယူခြင်း စနစ်မှတဆင့် ဆောင်ရွက်ခြင်း။

ဒစ်ဂျစ်တယ် နည်းပညာများ ။ ။ ယှဉ်ပြိုင်မှု များပြားစေရန် နဲ့ လုပ်ပိုင်ခွင့်ချပေးခြင်းဆိုင်ရာ ဒါမှမဟုတ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ရိုးစင်းအောင် လုပ်ပေးရန် ဝယ်ယူခြင်းလုပ်ငန်းစဉ်အတွင်း အီလက်ထရွန်းနစ် နည်းလမ်းဖြင့် ထောက်ပံ့ပေးခြင်း၊ နဲ့ ပွင့်လင်းမြင်သာမှု၊ ဝင်ရောက်ပါဝင်နိုင်မှုကို သေချာစေခြင်း။

ဝယ်ယူခြင်း ဝန်ထမ်းများ ။ ။ အသိပညာဗဟုသုတ၊ လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်မှု နဲ့ ကိုယ်ကျင့်တရားရှိမှု စတာတွေအတွက် လုပ်ငန်းခွင်ဆိုင်ရာ စံနှုန်းမြင့်မြင့်တွေကို ကျင့်သုံးလာစေဖို့ ကူညီထောက်ပံ့ပေးခြင်း။

ပုံမှန် စစ်ဆေးသုံးသပ်ခြင်း ။ ။ အစိုးရရဲ့ ဝယ်ယူခြင်းစနစ် ထိရောက်မှု ရှိမရှိ။

ဘေးအန္တရာယ် စီမံခန့်ခွဲခြင်း ။ ။ မဟာဗျူဟာတွေဟာ အစိုးရရဲ့ ဝယ်ယူခြင်း လုပ်ငန်းစဉ်တလျှောက် မြေပုံရေးဆွဲတာ၊ စမ်းသပ်ရှာဖွေတာ နဲ့ ပြုပြင်ကုစားတာတွေအတွက် ဖြစ်ပါတယ်။ သတိပေးတဲ့ စနစ်တွေ ဒါမှမဟုတ် အတွင်းသတင်းပေးခြင်း အစီအစဉ်တွေ ပါဝင်ပါတယ်။

ကြီးကြပ်ခြင်းနဲ့ ထိန်းချုပ်ခြင်း ။ ။ ယန္တရားတွေဟာ သင့်တော်တဲ့ တိုင်ကြားတာ၊ အပြစ်ပေးအရေးယူတာ အပါအဝင် အစိုးရရဲ့ ဝယ်ယူခြင်း လုပ်ငန်းစဉ်တစ်လျှောက်မှာ တာဝန်ခံမှု ရှိစေဖို့ ထောက်ပံ့ပေးရပါမယ်။

စနစ်များ ပေါင်းစပ်ခြင်း။ ။ ဝယ်ယူခြင်း လုပ်ငန်းစဉ်တွေကို အစိုးရရဲ့ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ်အတွင်း ပေါင်းစပ်ရပါမယ်။ ဒါဟာ အစိုးရရဲ့ ဝယ်ယူခြင်းနဲ့ ဆက်စပ်တဲ့ အသုံးစရိတ်တွေကို နားလည်မှု တိုးစေဖို့ ဖြစ်တဲ့အပြင် အစိုးရရဲ့ ဝယ်ယူခြင်းလုပ်ငန်းစဉ်တွေကို စီမံတာနဲ့ ဒီဇိုင်းဆွဲရာမှာ ပိုမိုကောင်းမွန်စေဖို့ နှစ်ရှည် ဘက်ဂျက်ရေးဆွဲတာ နဲ့ ဘဏ္ဍာငွေသုံးစွဲတာတွေကိုလည်း အားပေးရာ ရောက်ပါမယ်။

ဆက်စပ်ဖတ်ရှုရန်

ဥပဒေကြမ်းဆန်းစစ်မှု - အစိုးရ၏ ဝယ်ယူခြင်း နှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း

ဥပဒေကြမ်းအနှစ်ချုပ် - အစိုးရ၏ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း

ဥပဒေကြမ်းမိတ်ဆက် - အစိုးရ၏ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း