Posted in ဥပဒေရေးရာ သုတေသန on Jan 17, 2020
ဥပဒေကြမ်းက နိုင်ငံတော်ဘဏ္ဍာငွေနဲ့ နိုင်ငံတော်ပိုင်ပစ္စည်းတွေကို စီမံခန့်ခွဲရာမှာ အထိရောက်ဆုံးနဲ့အကောင်းဆုံးပုံစံတစ်ခုဖြစ်လာစေဖို့အတွက် တင်သွင်းလာတာဖြစ်ပြီး အဓိက အပိုင်းနှစ်ပိုင်းပါရှိပါတယ်။ အဲဒီအပိုင်းနှစ်ပိုင်းက အစိုးရရဲ့ ဝယ်ယူခြင်း နဲ့ ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချခြင်း၊ နိုင်ငံတော်ပိုင်ပစ္စည်းရောင်းချခြင်း နဲ့ ငှားရမ်းခြင်း တို့ ဖြစ်ပါတယ်။ အခုလေ့လာဆန်းစစ်မှုကတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ တာဝန်ယူ၊ တာဝန်ခံမှုအားကောင်းခြင်းစတဲ့ ရှုထောင့်တွေကနေ ရေးသားမှာ ဖြစ်ပါတယ်။
(၁) အစိုးရရဲ့ ဝယ်ယူရေးခြင်း နဲ့ ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချခြင်း
တင်ဒါကော်မတီ
အစိုးရဝယ်ယူရေးဆိုင်ရာနဲ့ ပတ်သက်လို့ လက်ရှိကျင့်သုံးနေတာက နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းဖြစ်ပြီး အဲဒီထဲမှာ တင်ဒါကော်မတီဖွဲ့စည်းတဲ့အခါ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းတွေမှာ ဥက္ကဋ္ဌအဖြစ် အနိမ့်ဆုံးက အမြဲတမ်းအတွင်းဝန်ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် တင်ဒါကော်မတီတွေမှာတော့ သက်ဆိုင်ရာဝန်ကြီးတွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။
ဥပဒေကြမ်းထဲမှာတော့ တင်ဒါကော်မတီဖွဲ့စည်းတဲ့အခါ "နည်းဥပဒေ၊ စံပြု လုပ်ထုံးလုပ်နည်းပါ သတ်မှတ်ချက်တွေနဲ့အညီ ဝယ်ယူသည့် ဌာန၊ အဖွဲ့အစည်း၏ အကြီးအမှူး"က ဦးဆောင်ရမယ်လို့ ဆိုထားပါတယ်။ " ဝယ်ယူသည့်ဌာန၊ အဖွဲ့အစည်း၏ အကြီးအမှူး"ကို အဓိပ္ပာယ်ဖွင့်ရာမှာတော့ ဘဏ္ဍာရေးဆိုင်ရာဥပဒေတွေအရ ခွင့်ပြုငွေနဲ့ ဝယ်ယူရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့တာဝန်ရှိပုဂ္ဂိုလ်ကို ဆိုလိုပြီး အဲဒီထဲမှာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးတွေကစပြီး ဌာနအဖွဲ့အစည်းအကြီးအမှူးတွေထိ ပါဝင်ပါတယ်။ ဒီအတွက် "တင်ဒါကော်မတီ"ဖွဲ့စည်းရာမှာ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးအဆင့်ဝန်ကြီးတွေကိုလည်း ပါဝင်ဖွဲ့စည်းနိုင်တယ်ဆိုတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဒီနေရာမှာ စဉ်းစားစရာ အချက် (၂) ချက် ရှိပါတယ်။ ပထမတစ်ချက်က တင်ဒါကော်မတီတွေကို ဖွဲ့စည်းတဲ့အခါမှာ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဝန်ကြီးတွေကိုယ်တိုင် ပါဝင်ဖို့ လိုအပ်ခြင်း ရှိ/မရှိဆိုတာ ဖြစ်ပါတယ်။ တင်ဒါကော်မတီတိုင်းမှာ ဝန်ကြီးအဆင့်တွေ ပါဝင်ဖို့ မလိုအပ်ဘဲ အချို့ကြီးမားတဲ့ စီမံကိန်းလိုမျိုးကလွှဲရင် တင်ဒါကော်မတီဖွဲ့စည်းရာမှာ ဌာနအဖွဲ့အစည်းရဲ့ အကြီးအမှူးက ဦးဆောင်တာမျိုးသာလျှင် ဖြစ်စေသင့်ပါတယ်။
နောက်တစ်ချက်က ဝယ်ယူခြင်းအစီအစဉ် တင်ပြခြင်းဆိုင်ရာကိစ္စရပ်အပိုင်း ဖြစ်ပါတယ်။ ဝယ်ယူရေးအစီအစဉ်နဲ့ ပတ်သက်ရင်တော့ ၁/၂၀၁၇ ညွှန်ကြားချက်မှာ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းရဲ့ အကြီးအကဲနဲ့ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေကို တင်ပြရမယ်လို့ ဆိုထားပါတယ်။ ဥပဒေကြမ်းထဲမှာတော့ "တင်ဒါကော်မတီ"က အတည်ပြုထားတဲ့ ဝယ်ယူရေးအစီအစဉ်အတိုင်းဖြစ်ရမယ်လို့ ဆိုထားပါတယ်။ ဒီအတွက် "တင်ဒါကော်မတီ"ဖွဲ့စည်းရာမှာ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအကြီးအမှူးတွေကိုသာ ဦးဆောင်စေရင် မြန်ဆန်ထိရောက်တဲ့ အစိုးရရဲ့ ဝယ်ယူရေးအစီအစဉ်တွေ ဖြစ်ပေါ်နိုင်မှာဖြစ်ပြီး၊ တစ်ဖက်မှာလည်း လက်ရှိကြုံတွေ့နေရတဲ့ ဘက်ဂျက် ပိုလျှံလို့ ပြန်လည်အပ်နှံရမှုမျိုးတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ နဂိုရှိရင်းစွဲ ကြီးကြပ်မှုပေးနိုင်တဲ့ အရေးကြီးယန္တရားကို ဖယ်ရှားလိုက်သလို ဖြစ်တဲ့အတွက်လည်း တင်ဒါကော်မတီရဲ့ လုပ်ဆောင်မှုတွေကို ထိန်းကျောင်းနိုင်မယ့် လုပ်ငန်းစဉ်တစ်ခုတော့ သေသေချာချာ စီစဉ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
မှတ်တမ်းထိန်းသိမ်းခြင်း
၁/၂၀၁၇ ညွှန်ကြားချက်မှာ ဝယ်ယူရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို အနည်းဆုံး (၃)နှစ် ထိန်းသိမ်းထားရှိရမယ်လို့ ဆိုထားပေမယ့် ဥပဒေကြမ်းထဲမှာ အနည်းဆုံး (၇)နှစ် သိမ်းဆည်းထားရမယ်လို့ ဆိုထားပါတယ်။ ဒါဟာမြန်မာနိုင်ငံကို တခြားနိုင်ငံတွေနည်းတူ စာရင်းထိန်းသိမ်းတဲ့ အလေ့အထတွေကို ဖြစ်ပေါ်စေတဲ့အပြင် အစိုးရတစ်ဆက်နဲ့ တစ်ဆက်ကြားမှာ ပြန်လည်ဆန်းစစ်မှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး တာဝန်ယူ၊ တာဝန်ခံမှုအပိုင်းကိုလည်း အားကောင်းစေမှာ ဖြစ်ပါတယ်။
တင်ဒါလုပ်ငန်းစဉ်ဖျက်သိမ်းခြင်း
တင်ဒါလုပ်ငန်းစဉ်တွေကို ဖျက်သိမ်းနိုင်တဲ့ အခြေအနေတွေထဲမှာ ဝယ်ယူတဲ့ ဌာနအဖွဲ့အစည်းဟာ "ဝယ်ယူရေးလိုအပ်ချက်မရှိတော့ခြင်းနဲ့ ဝယ်ယူခြင်းဆောင်ရွက်ဖို့အတွက် လုံလောက်တဲ့ ရန်ပုံငွေ လုံလောက်မှု မရှိတော့ခြင်း"ဆိုပြီး ပါရှိပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းထဲက ဝယ်ယူခြင်းဆိုင်ရာစည်းကမ်းသတ်မှတ်ချက်အခန်းမှာ "ဝယ်ယူခြင်းဆိုင်ရာကိစ္စရပ်အားလုံးသည် ဝယ်ယူသည့် ဌာနအဖွဲ့အစည်း၏ခွင့်ပြုငွေနှင့် ဝယ်ယူရေးအစီအစဉ်"တွင် ပါရှိရမယ်လို့ ဆိုထားပါတယ်။ ဒီအချက်နှစ်ခုက ဆန့်ကျင်ဘက်သဘောမျိုးဖြစ်နေတာကို တွေ့ရပါတယ်။
နောက်ပြီး ဥပဒေကြမ်းမှာ "ဝယ်ယူရေး"နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ထားတာက ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အစိုးရဌာန၊ အဖွဲ့အစည်းတွေက ဘဏ္ဍာရေးဆိုင်ရာဥပဒေတွေပါ သုံးငွေအရပ်ရပ်နဲ့ ဆောက်ရွက်တဲ့ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနဲ့ ဝန်ဆောင်မှုရယူခြင်းတွေလို့ ဆိုထားပါတယ်။ ဒါ့အပြင် ဝယ်ယူရေးအစီအစဉ်ဆိုတာကလည်း ဝယ်ယူတဲ့ ဌာနအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ရရှိပြီးဖြစ်တဲ့ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းမှာ ပါရှိရမှာဖြစ်ပြီး ဘက်ဂျက်ရေးဆွဲခြင်းလုပ်ငန်းစဉ် စတင်ကတည်းက ထည့်သွင်းထားပြီး ဖြစ်ပါတယ်။
ဒီအတွက် တင်ဒါလုပ်ငန်းစဉ် ဖျက်သိမ်းနိုင်ခြင်းထဲမှာ "ဝယ်ယူရေးလိုအပ်ချက်မရှိတော့ခြင်းနဲ့ ဝယ်ယူခြင်းဆောင်ရွက်ဖို့အတွက် လုံလောက်တဲ့ ရန်ပုံငွေ လုံလောက်မှု မရှိတော့ခြင်း"ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာဟာ အစိုးရအနေနဲ့ ၄င်းရဲ့ ဘက်ဂျက်ရေးဆွဲရေးလုပ်ငန်းစဉ်တွေ ထိရောက်အားကောင်းအောင် မလုပ်နိုင်တာကို ဝန်ခံနေသလားဆိုပြီး မေးစရာ ဖြစ်နေပါတယ်။ တကယ်လို့များ အဲ့ဒီလို တင်ဒါဖျက်သိမ်းတာကို စစ်ဆေးဖို့ သင့်တော်တဲ့ ယန္တရားမရှိဘူးဆိုရင် (ဥပမာ စာရင်းစစ်ဆေးမှု လုပ်ထုံးလုပ်နည်းတွေ) အကျိုးဆက်အနေနဲ့ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ တာဝန်ယူ၊ တာဝန်ခံမှုကိုပါ အားနည်းသွားစေနိုင်ပါတယ်။ နောက်ပြီး ဘက်ဂျက်ရေးဆွဲရေးလုပ်ငန်းစဉ်တွေဆိုတာကလည်း မြို့နယ်အဆင့်ကစပြီး နိုင်ငံတော်အဆင့်ထိ အစိုးရဌာနအဖွဲ့အစည်းတွေက အသေအချာ အစီအစဉ်ချပြီး ဆောင်ရွက်ရတာဖြစ်တာမို့ အစိုးရအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်ပိုင်းကို ဖော်ညွှန်းတဲ့ ပေတံတစ်ချောင်း ဖြစ်တယ်ဆိုတာကို သတိချပ်သင့်ပါတယ်။
နိုင်ငံရေးရာထူးရှိသူနဲ့ နိုင်ငံ့ဝန်ထမ်းတွေ လိုက်နာရမယ့် ကျင့်ဝတ်
ဝယ်ယူခြင်းနဲ့ ထုခွဲခြင်းလုပ်ငန်းစဉ်တွေကို စီစဉ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ဦးစီးဆောင်ရွက်ခြင်းနဲ့ ဝယ်ယူခြင်းနဲ့ ထုခွဲခြင်းစာချုပ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ နိုင်ငံရေးရာထူးလက်ရှိ ဖြစ်သူတွေနဲ့ နိုင်ငံဝန်ထမ်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေထဲမှာ တင်ဒါတင်သွင်းသူတွေရဲ့ ပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အပါအဝင် ဝယ်ယူခြင်း၊ ထုခွဲခြင်းလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အားလုံးကို လျှို့ဝှက်ထားရမယ်လို့ ဆိုထားပါတယ်။
ဒီနေရာမှာ အပိုင်းနှစ်ပိုင်းရှိပြီး အဂတိဆိုင်ရာကိစ္စရပ် မဖြစ်ပေါ်စေဖို့အတွက် ထိန်းသိမ်းထားရမယ့်အချိန်၊ လျှို့ဝှက်ထားရမယ့် အချက်အလက်နဲ့ အများပြည်သူ သိသင့်သိထိုက်ပြီး အဂတိမဖြစ်စေဖို့အတွက် ထုတ်ပြန်ရမယ့် သတင်းအချက်အလက်ဆိုတဲ့ အပိုင်းတွေပဲ ဖြစ်ပါတယ်။
ဝယ်ယူခြင်း၊ ထုခွဲခြင်းဆိုင်ရာလုပ်ငန်းစဉ်နဲ့ ပတ်သက်ရင် လုပ်ငန်းစဉ် မစတင်ခင်မှာ လျှို့ဝှက်ရမယ့်သတင်းအချက်အလက်အပိုင်းမှာ နိုင်ငံရေးရာထူးရှိသူတွေနဲ့ နိုင်ငံဝန်ထမ်းတွေဟာ ထိန်းသိမ်းထားရှိရမှာ ဖြစ်ပါတယ်။ အဲဒါက ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စရပ်ဖြစ်သလို အကျိုးစီးပွားဆိုင်ရာပဋိပက္ခကိုလည်း တားဆီးနိုင်ဖို့ အတွက်လည်း ဖြစ်ပါတယ်။ နိုင်ငံရေးရာထူးရှိသူတွေနဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ ပတ်သက်ဆက်နွယ်သူတွေ ဒါမှမဟုတ် လာဘ်ပေးလာဘ်ယူမှုတွေကို တားဆီးနိုင်ဖို့အတွက် လျှို့ဝှက်ထားရမယ့် သတင်းအချက်အလက်ကို ဘယ်သူတစ်ဦး တစ်ယောက်ကိုမျှ ဦးစွာသိရှိခွင့်မရရှိအောင် တိတိကျကျ လုပ်ဆောင်ထားဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ဝယ်ယူရေးလုပ်ငန်းစဉ်တွေ စတင်ပြီဆိုရင်တော့ အစိုးရဌာန၊ အဖွဲ့အစည်းတွေရဲ့ တာဝန်ယူ၊တာဝန်ခံမှုဆိုင်ရာ အားကောင်းလာစေရေးအတွက် ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အများပြည်သူ သိရှိဖို့လည်း လိုအပ်ပါတယ်။
တင်ဒါတင်သွင်းသူတွေရဲ့ ပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်ပိုင်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိခိုက်နိုင်တဲ့ အချက်အလက်ကလွဲရင် စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်က လျှို့ဝှက်ထားဖို့ မလိုအပ်ပါဘူး။ အကြောင်းကတော့ နိုင်ငံရေးရာထူးရှိသူတွေနဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ ပတ်သက်ဆက်နွယ်သူတွေက ကုမ္ပဏီထူထောင်ထားရှိပြီး တင်ဒါလုပ်ငန်းစဉ်တွေမှာ ၎င်းပုဂ္ဂိုလ်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေက တင်ဒါအောင်မြင်ခဲ့ရင် အများက ဝေဖန်ထောက်ပြစရာ ဖြစ်နေပါမယ်။ နောက်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ အမည်ပျက်စာရင်းထည့်သွင်းခံရတဲ့ ကုမ္ပဏီတွေကနေ အခြားအမည်နဲ့ ကုမ္ပဏီထူထောင်ပြီး အစိုးရတင်ဒါတွေကို ဝင်ရောက်ယှဉ်ပြိုင်နေကြတာမျိုးတွေကို နိုင်ငံသားတွေ နဲ့ သတင်းမီဒီယာတွေကနေ ဖော်ထုတ်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိခိုက်နိုင်မယ့် သတင်းအချက်အလက်ကလွဲရင် စီးပွားရေးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်တွေက ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း စီးပွားရေးလုပ်ငန်းတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်တက်လာပြီး အများပြည်သူက အရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ခံစားရရှိမှာ ဖြစ်ပါတယ်။
(၂) နိုင်ငံတော်ပိုင်ပစ္စည်း ရောင်းချခြင်းနဲ့ ငှားရမ်းခြင်း
နိုင်ငံပိုင်ပစ္စည်းတွေနဲ့ ပတ်သက်လို့ သီးခြားဥပဒေ၊ နည်းဥပဒေနဲ့ ညွှန်ကြားမှုတွေ မရှိခဲ့ရင် အစိုးရဌာန၊ အဖွဲ့အစည်းတွေဟာ ရောင်းချခြင်းနဲ့ ငှားရမ်းခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ လေလံခေါ်ယူခြင်း၊ ဈေးနှုန်းကမ်းလှမ်းခြင်းနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက စီမံခန့်ခွဲမှုနည်းလမ်းတွေနဲ့အညီ ဆောင်ရွက်နိုင်ပါတယ်။
နိုင်ငံပိုင်ပစ္စည်းလို့ဆိုရာမှာ “ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့မပြောင်းနိုင်သော ပစ္စည်း၊ မြေ၊ အဆောက်အအုံ” စသဖြင့်လို့ ဆိုထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းရဲ့ အထွေထွေအခန်းမှာတော့ မြေ၊ လက်ရှိ အဆောက်အုံတွေ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းနဲ့ ရောင်းချခြင်းတွေဟာ ဒီဥပဒေနဲ့ အကျုံးဝင်ခြင်းမရှိစေရဆိုပြီး ပါရှိပါတယ်။ ဒါဟာ အတော့်ကို ရှေ့နောက်မညီ ဖြစ်နေတာကြောင့် နိုင်ငံပိုင် မြေ၊ အဆောက်အအုံနဲ့ပတ်သက်ပြီး သီးခြားဥပဒေတွေမရှိရင် ဘယ်လိုစီမံမလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
အချုပ်ဆိုရရင် အစိုးရရဲ့ဝယ်ယူရေးနဲ့ ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချခြင်းဆိုင်ရာဥပဒေကြမ်းဟာ နိုင်ငံတော်ဘဏ္ဍာငွေတွေကို စီမံခန့်ခွဲရာမှာ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် ဥပဒေကြမ်းကို လွှတ်တော်ထဲ တင်သွင်းလာရင် ဗဟိုချုပ်ကိုင်မှုလျှော့ချတဲ့ လုပ်ငန်းစဉ်တွေ ပိုမိုအားကောင်းလာစေရေးနဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြဖို့ လိုအပ်ပါတယ်။ ဒါအပြင် နောက်ဆက်တွဲ ပြဋ္ဌာန်းလာမယ့် နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေမှာလည်း ဗဟိုချုပ်ကိုင်မှုနဲ့ ပွင်လင်းမြင်သာမှုကို အတားအဆီးဖြစ်စေမယ့် အချက်တွေ မပါရှိလာစေရေးကို အထူးဂရုပြုဖို့ လိုပါတယ်။
ဆက်စပ်ဖတ်ရှုရန်
ဥပဒေကြမ်းအနှစ်ချုပ် - အစိုးရ၏ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း
ဥပဒေကြမ်းမိတ်ဆက် - အစိုးရ၏ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း