အာနန္ဒာအကြောင်း
ဒီမိုကရေစီဆိုတာ ငါးနှစ်တစ်ကြိမ် မဲပေးရုံထက် ပိုတယ်လို့ အာနန္ဒာအနေနဲ့ ယုံကြည်ပါတယ်။ နိုင်ငံသားတစ်ယောက်စီဟာ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ တန်းတူအကျိုးသက်ဆိုင်သူတွေအဖြစ် ပြည်သူ့ရေးရာကီစ္စတွေမှာ ပါဝင်ခွင့်ရှိတယ်ဆိုတဲ့မူဟာ ဒီမိုကရေစီရဲ့ အမြုတေ အနှစ်သာရ ဖြစ်ပါတယ်။
ဒီလို ပါဝင်နိုင်ခွင့်ရှိဖို့အတွက် နိုင်ငံသားတွေဟာ ပြည်သူ့ရေးရာအချက်အလက်တွေကို ရရှိနေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့်ပဲ အများပြည်သူရေးရာ အဖွဲ့အစည်းတွေက စီမံကိုင်တွယ်နေတဲ့ သတင်းအချက်အလက်တွေကို ရရှိအသုံးပြုပိုင်ခွင့်ဟာ အခြေခံ လူ့အခွင့်အရေးတစ်ရပ်အဖြစ် ခံယူလက်ခံထားကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်က ကိုင်တွယ်ထိန်းသိမ်းထားတဲ့ အချက်အလက်တွေဟာ လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ပန်းခြံတွေလိုပဲ ပြည်သူပိုင်ပစ္စည်းတွေ ဖြစ်ပါတယ်။
အဲဒါကြောင့် “သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုမှသည် အားကောင်းသော ဒီမိုကရေစီသို့” ဦးတည်စေမယ်လို့ အာနန္ဒာက ယုံကြည်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီဟာ သက်တမ်းမရှည်ကြာသေးသလို အစိုးရယန္တရားတွေဟာလည်း ပြည်သူကို ဝန်ဆောင်မှုပေးမယ်ဆိုတဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို စတင်ပုံဖော်နေရဆဲ ဖြစ်ပါတယ်။ ဒါဟာ အကြွင်းမဲ့ အာဏာပိုင်ပြီး ဆုံးဖြတ်ချက်အလိုက် တာဝန်ခံမှုမရှိခဲ့တဲ့ အတိတ်ကနေ လမ်းခွဲပြီး အသစ်ဖြစ်ထွန်းလာခဲ့တဲ့ အပြောင်းအလဲလို့ ဆိုနိုင်ပါတယ်။
အနာဂတ်မှာ နိုင်ငံတော်ဟာ ပြည်သူ့ရေးရာကိစ္စတွေ ဆုံးဖြတ်ချက်ချမှတ်တဲ့အခါ နိုင်ငံသားတွေကို ရှင်းပြဖို့၊ သတင်းအချက်အလက်တွေကို ဝေမျှဖို့၊ ဆုံးဖြတ်ချက်တွေမှာ နိုင်ငံသားတွေကို ပါဝင်စေဖို့ဆိုတဲ့ တာဝန်ကို အပြည့်အဝ ရယူအကောင်အထည်ဖော်နိုင်တဲ့ အခြေအနေ ရောက်ရှိလာဖို့က ကျွန်တော်တို့ရဲ့ ရေရှည်မျှော်မှန်းချက် ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို မရောက်သေးခင်စပ်ကြား ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းမောင်းသန် ပါဝင်နိုင်စေဖို့အတွက် အချက်အလက်အားဖြင့်၊ သုံးသပ်ချက်အားဖြင့်၊ ကျွမ်းကျင်မှုအားဖြင့် အာနန္ဒာအနေနဲ့ တက်စွမ်းသမျှ ပံ့ပိုးကူညီနိုင်ဖို့ ဖြစ်ပါတယ်။
အာနန္ဒာ ဘာတွေလုပ်သလဲ
အာနန္ဒာ အနေနဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ နည်းလမ်း သုံးမျိုးနဲ့ ချဉ်းကပ်ပါတယ်။
- နိုင်ငံရေးဆိုင်ရာအဆောက်အဦး၊ အစိုးရရဲ့ ယန္တရား၊ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ သုတေသနတွေ
- နိုင်ငံသားအခြေပြု နည်းပညာ ဆန်းသစ်တီထွင်မှုတွေ
- သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုအတွက် တိုက်တွန်းအားပေးမှုတွေ
အာနန္ဒာအနေနဲ့ အစိုးရဘတ်ဂျက်၊ လွှတ်တော်တွေနဲ့ ပတ်သက်ပြီး အလေးပေးဆောင်ရွက်နေပါတယ်။ ဒီကဏ္ဍနှစ်ရပ်မှာ ပွင့်လင်းမြင်သာမှု ပိုမိုရရှိလာခြင်းကနေတစ်ဆင့် ပြည်သူ့ရေးရာကိစ္စရပ်တွေမှာ အများပြည်သူ ပိုမိုပါဝင်လာနိုင်စေမယ့် အလားအလာကောင်းတွေ ရှိတယ်လို့ အာနန္ဒာအနေနဲ့ ခံယူပါတယ်။
လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကိုတော့ အောက်ကအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။
သုတေသန
- ဥပဒေကြမ်း အနှစ်ချုပ်၊ မူဝါဒအကျဉ်း၊ ဥပဒေကြမ်း သုံးသပ်ချက်
- အစိုးရဘတ်ဂျက်၊ နိုင်ငံရေးဆိုင်ရာ အဆောက်အဦး၊ နိုင်ငံတကာ အလားတူဖြစ်စဉ်လေ့လာမှုများ၊ အခြားသက်ဆိုင်ရာ အကြောင်းအရာများနဲ့ ပတ်သက်တဲ့ ဆောင်းပါးများ
- ၂၀၁၆-၂၀၂၀ ဥပဒေ သုံးသပ်ချက် သုတေသန
ဆန်းသစ်တီထွင်မှု
- ပြည်သူ့ဘဏ္ဍာ ဝက်ဘ်ဆိုဒ် (mmbudgets.info)
- လွှတ်တော်မှတ်တမ်းများ (transcripts.theananda.org)
တိုက်တွန်းအားပေးမှု
- ဒေသန္တရ အုပ်ချုပ်ရေး - ပြည်သူ့ဘဏ္ဍာ လေ့လာစောင့်ကြည့်မှု လုပ်ငန်းများတွင် ပံ့ပိုးကူညီခြင်း
- အရပ်ဘက်အဖွဲ့အစည်းများ အတွက် လိုအပ်ချက်အလိုက် ပံ့ပိုးပါဝင်မှုများ
အာနန္ဒာမှာ ဘယ်သူတွေ ပါဝင်သလဲ
အာနန္ဒာကို ၂၀၁၈ ခုနှစ် မတ်လမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အကျိုးအမြတ်မယူတဲ့ လူမှုအကျိုးပြုလုပ်ငန်းတစ်ခု ဖြစ်ပြီး ရှယ်ယာဖြင့် ကန့်သတ်ထားသော ကုမ္ပဏီအနေနဲ့ မှတ်ပုံတင်ထားရှိပါတယ်။
အာနန္ဒာရဲ့ လုပ်ငန်းတွေကို အောက်ပါ အဖွဲ့သုံးဖွဲ့အနေနဲ့ ဆောင်ရွက်ပါတယ်။
- ဘတ်ဂျက်ပွင့်လင်းမြင်သာမှု
- ဥပဒေနှင့် မူဝါဒ သုတေသန
- နိုင်ငံသားအခြေပြု နည်းပညာ (အခြားအဖွဲ့နှစ်ဖွဲ့ကို စီမံကိန်းအလိုက် ပံ့ပိုးကူညီမှု)