Posted in ဥပဒေရေးရာ သုတေသန on Dec 13, 2019
ဥပဒေကြမ်းကို ၂၉.၁၀.၂၀၁၉ နေ့ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေ(၁၃.၁၂.၂၀၁၉) - လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။
ဥပဒေကြမ်း
ဥပဒေကြမ်းထဲမှာ ဝယ်ယူခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ၊ တင်ဒါဖိတ်ခေါ်တဲ့ နည်းလမ်းတွေ၊ ပြည်ပမှ ဝယ်ယူခြင်းကိစ္စရပ်တွေ၊ စာချုပ်စီမံခန့်ခွဲခြင်းတွေ၊ ထုခွဲခြင်းဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံပိုင်ပစ္စည်း ရောင်းချခြင်းနဲ့ ငှားရမ်းခြင်းဆိုင်ရာတွေအပါအဝင် တင်ဒါလုပ်ငန်းစဉ်ဖျက်သိမ်းခြင်း၊ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူတွေနဲ့ နိုင်ငံဝန်ထမ်းတွေ စောင့်ထိန်းရမယ့်ကျင့်ဝတ်ဆိုင်ရာတွေနဲ့ ခုံအဖွဲ့ဖွဲ့စည်းခြင်းတွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
အကျဉ်းချုပ်
- နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေဖို့၊ အစိုးရရဲ့ ဝယ်ယူခြင်းနဲ့ ပုံသေပိုင်ပစ္စည်းတွေ ထုခွဲရောင်းချခြင်းမှာ ထိရောက်အကျိုးရှိစေဖို့၊ ပွင့်လင်းမြင်သာမှု၊မျှတမှု၊ယှဉ်ပြိုင်မှုရှိစေဖို့နဲ့ တာဝန်ယူ၊ တာဝန်ခံမှုတို့ကို မြှင့်တင်ပေးဖို့ ရည်ရွယ်တယ်လို့ ဥပဒေကြမ်းက ဆိုထားပါတယ်။
- စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အစိုးရရဲ့ ဝယ်ယူခြင်းနဲ့ ပုံသေပိုင်ပစ္စည်းတွေ ထုခွဲရောင်းချတာတွေနဲ့ ပတ်သက်ရင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း ရေးဆွဲခြင်းတွေနဲ့ စောင်ကြပ်ကြည့်ရှုခြင်းတွေမှာ တာဝန်ရှိပါတယ်။ တာဝန်တွေအနေနဲ့လည်း တင်ဒါနဲ့ ပတ်သက်လာလို့ တိုင်ကြားမှုတွေရှိရင် ဥပဒေအရ ဖွဲ့စည်းထားတဲ့ ခုံအဖွဲ့က ကြားနာစစ်ဆေး ဆုံးဖြတ်နိုင်ဖို့ စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနဟာ အစိုးရရဲ့ ဝယ်ယူခြင်းနဲ့ ပုံသေပိုင်ပစ္စည်း ထုခွဲခြင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကို နှစ်စဉ် အစီရင်ခံစာ တင်ပြရမှာ ဖြစ်ပါတယ်။
- အစိုးရရဲ့ ဝယ်ယူခြင်းနဲ့ ပုံသေပိုင်ပစ္စည်းတွေ ထုခွဲရောင်းချခြင်းတွေကို ဆောင်ရွက်ရတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ ဒါမှမဟုတ် တိုင်းဒေသကြီး/ပြည်နယ်အဆင့် အစိုးရဌာနနဲ့ အဖွဲ့အစည်းတွေဟာ တင်ဒါကော်မတီ ဒါမှမဟုတ် ပုံသေပိုင်ပစ္စည်းတွေ ထုခွဲခြင်းကော်မတီတို့ကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ဝယ်ယူခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုမီမှာ ဝယ်ယူရေးအစီအစဉ်တွေ ရေးဆွဲရမှာဖြစ်ပြီး ဝယ်ယူခြင်းဆိုင်ရာ အစီရင်ခံစာတွေကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နည်းလမ်းနဲ့ အချိန်ကာလအတိုင်း ပြုစုပြီး ဝန်ကြီးဌာနကို တင်ပြရမှာ ဖြစ်ပါတယ်။
- တင်ဒါကော်မတီကို ဝယ်ယူတဲ့ဌာနအဖွဲ့အစည်းရဲ့ အကြီးအမှူးအပါအဝင် အနည်းဆုံးသုံးဦးနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပြီး ဝယ်ယူတဲ့ကိစ္စရပ်အပေါ် မူတည်ပြီး သက်ဆိုင်ရာဌာနက အဖွဲ့ဝင်တွေကို ထည့်သွင်းနိုင်ပါတယ်။ တင်ဒါကော်မတီဟာ ဝယ်ယူခြင်းအစီအစဉ်တင်ပြခြင်း၊ စံသတ်မှတ်ထားတဲ့ တင်ဒါစာရွက်စာတမ်းတွေနဲ့ အညီ ပြုစုထားတဲ့ စာရွက်စာတမ်းတွေ အတည်ပြုခြင်း၊ လိုအပ်တဲ့ ကော်မတီတွေ ဖွဲ့စည်းတာဝန်ပေးခြင်းနဲ့ တင်ဒါအောင်မြင်သူနဲ့ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဝယ်ယူတဲ့ဌာနအကြီးအမှူးကို အကြံဉာဏ်ပေးခြင်းတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
- ဥပဒေကြမ်းရဲ့ အထွေထွေအခန်းမှာ ၎င်းဥပဒေနဲ့ အကျုံးဝင်မှု မရှိတဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေးအတွက် လျှို့ဝှက်ဆောင်ရွက်ဖို့ လိုအပ်တဲ့ ဝယ်ယူခြင်းဆိုင်ရာကိစ္စရပ်တွေ၊ ပညာသင်ဆု၊ သင်တန်း၊ ဆွေးနွေးပွဲ ဒါမှမဟုတ် အလားတူကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်မှုတွေစတဲ့ ကိစ္စရပ်တွေနဲ့ အခြားပြဋ္ဌာန်းချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။
လင့်ခ်
ဆက်သွယ်ရန်
မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org