Posted in ဥပဒေရေးရာ သုတေသန on Dec 23, 2019
ဥပဒေကြမ်းကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက တင်သွင်းလာတယ်လို့ ယူဆရပြီး၊ ရည်ရွယ်ချက်အနေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်ဆုံးရှုံးမှု မရှိစေဖို့၊ အစိုးရရဲ့ ဝယ်ယူခြင်းနဲ့ ပုံသေပိုင်ပစ္စည်း ထုခွဲခြင်းလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စံချိန်မီစေဖို့၊ ပွင့်လင်းမြင်သာမှု၊ မျှတမှုနဲ့ ယှဉ်ပြိုင်မှုတွေ တိုးတက်ဖြစ်ပေါ်စေဖို့အပါအဝင် တာဝန်ယူ၊ တာဝန်ခံမှုတွေကို မြှင့်တင်ပေးနိုင်ဖို့လို့ ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီးရုံးအမိန့်ကြော်ငြာစာ
၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စုဝန်ကြီးရုံးက အမိန့်ကြော်ငြာစာအမှတ် ၁၃၈/၂၀၁၆ ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ ပြည်သူ့ဘဏ္ဍာရေးစနစ်စီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ နယ်ပယ် (၃) ခု ဖြစ်ကြတဲ့ ဘတ်ဂျက်အကောင်အထည်ဖော်မှု ထိထိရောက်ရောက် ရှိစေဖို့၊ မြန်မာနိုင်ငံရဲ့ အစိုးရ ပစ္စည်းဝယ်ယူမှုစနစ်ကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီမှု ဖြစ်စေဖို့နဲ့ ပစ္စည်းဝယ်ယူတဲ့ လုပ်ငန်းစဉ်တွေမှာ ပြည်ထောင်စုဝန်ကြီးဌာနတွေအကြား တပြေးညီဖြစ်စေရေးအတွက် စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရာမှာ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းနိုင်ဖို့အတွက် အစိုးရပစ္စည်း ဝယ်ယူမှု စည်းမျဉ်းစည်းကမ်းနှင့်လုပ်ထုံးလုပ်နည်းပြုစုရေး ကြီးကြပ်မှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ယင်းကြီးကြပ်မှုကော်မတီကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းအား ဦးဆောင်စေမှာ ဖြစ်ပြီး လုပ်ငန်းတာဝန်တွေကိုပါ သတ်မှတ်ပေးထားပါတယ်။ အဲဒီလုပ်ငန်းတာဝန်တွေထဲမှာ ဝယ်ယူရေးဥပဒေတစ်ရပ် ရေးဆွဲတင်ပြဖို့လည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀)
မဟာဗျူဟာ ၃.၆.၂ တွင် စီးပွားရေးအရ တွက်ခြေကိုက်တဲ့ အခြေခံအဆောက်အအုံစီမံချက်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုယန္တရားတွေ တိုးမြှင့်သတ်မှတ်ရန်လို့ ဖော်ပြထားပြီး၊ ဝယ်ယူရေး၊ ကုန်ကျစရိတ်နဲ့ ညီမျှတဲ့ တန်ဖိုးရရှိရေးအတွက် စံပြ PPP program တစ်ခု ဖြစ်ပေါ်ရန် အခြေအနေတွေ ဖန်တီးပေးဖို့ရည်ရွယ်ထားတာကို တွေ့ရပါတယ်။
၂၀၁၈ ခုနှစ် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာနရဲ့ ရသုံးမှန်ခြေငွေစာရင်းဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၁၈ ခုနှစ်၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာရဲ့ ပြုပြင်ပြောင်းလဲရေးဒုတိယအဆင့် လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ (၂၀၁၈-၂၀၂၂) ထဲမှာ ပစ္စည်းဝယ်ယူမှု စည်းမျဉ်းစည်းကမ်းတွေ သုံးသပ်ပြင်ဆင်ခြင်းနဲ့ အသစ်ပြဋ္ဌာန်းခြင်းဆိုတာ ပါရှိပါတယ်။ လုပ်ငန်းတာဝန်တွေရဲ့ ရလဒ်ရည်မှန်းချက်အနေနဲ့ ဝန်ကြီးဌာနတွေအကြား အပြည်ပြည်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ပစ္စည်းဝယ်ယူရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ဖို့လို့လည်း ဖော်ပြထားပါတယ်။
တင်ဒါလုပ်ထုံးလုပ်နည်းနဲ့ လုပ်ငန်းလမ်းညွှန်
လက်ရှိအခြေအနေမှာ အစိုးရဌာန၊ အဖွဲ့အစည်းတွေရဲ့ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ ငှားရမ်းခြင်းနဲ့ ရောင်းချခြင်းတွေ ဆောင်ရွက်ရာမှာ လိုက်နာရမယ့် တင်ဒါလုပ်ထုံးလုပ်နည်းတွေကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၁၇ နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်က ထုတ်ပြန်ထားတဲ့ ကန်ထရိုက်စနစ်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လုပ်ငန်းလမ်းညွှန်ချက်တွေနဲ့အညီလည်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။