Posted in ဥပဒေရေးရာ သုတေသန on May 15, 2020

မတ်လတွင် ရေးသားပြုစုခဲ့သော ကူးစက်ရောဂါထိန်းချုပ်ခြင်းဆိုင်ရာမူဝါဒစာတမ်း၏ နောက်ဆက်တွဲအဖြစ် အာနန္ဒာ အဖွဲ့နှင့် Westminster Foundation for Democracy (WFD) အဖွဲ့တို့ ပူးပေါင်း၍ ဤစာတမ်းတိုနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များအတွက် အစိုးရကို မေးမြန်းနိုင်မည့် အကြံပြုမေးခွန်းအချို့ကို မေလ ၁၈ ရက်နေ့၊ လွှတ်တော် ပုံမှန် အစည်းအဝေးအမီ ရေးသားပြုစုခဲ့ပါသည်။ ဤမေးခွန်းများကို လွှတ်တော်အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေး မေးမြန်းနိုင်မည်ဟု မျှော်လင့်ပါသည်။

အကျဉ်းချုပ်

ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပုံမှန်အစည်းအဝေးများကို မေလ ၁၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး အောက်ပါအစီအစဉ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

  • COVID-19 အပေါ် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်များရေးဆွဲခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်း

  • ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေကြမ်း

  • ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း

  • နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသောဥပဒေကြမ်းများ - ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကြမ်းနှင့် စက်မှုဇုန်ဥပဒေကြမ်း

ဤအကျဉ်းချုပ်စာတမ်းတွင် COVID-19 အပေါ် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်နှင့် ဆက်နွှယ်သောကိစ္စရပ်များကို တင်ပြ ထားပါသည်။ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စက်မှုဇုန်ဥပဒေကြမ်းများနှင့်ပတ်သက်သော နောက်ခံအကြောင်းအရာ များကို အောက်ပါဝဘ်ဆိုက်စာမျက်နှာများတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

နောက်ခံအကြောင်းအရာ

လက်ရှိတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် ၎င်း၏ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းအပေါ် အကျိုးသက်ရောက်မှုများကို ရေးသားပြုစုထားသော စာတမ်းမျိုးစုံ ရှိနေပြီဖြစ်သည်။ ယခင်က မိမိတို့ ရေးသားပြုစုခဲ့သော ကူးစက်ရောဂါထိန်းချုပ် ခြင်းဆိုင်ရာ မူဝါဒစာတမ်းတွင် ကူးစက်ရောဂါ၏ နောက်ခံအကြောင်းအရာ၊ မူဝါဒရေးရာ အဓိကစိန်ခေါ်မှုများ၊ လွှတ်တော်နှင့် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍများကို မိတ်ဆက်ရေးသားခဲ့ပါသည်။ ထပ်မံသိရှိလိုသော အကြောင်း အရာများအတွက် ဖတ်ရှုနိုင်မည့် လင့်ခ်များကို ဤစာတမ်းတစ်လျှောက်တွင် ထည့်သွင်းဖော်ပြထားပါသည်။


COVID-19 ရောဂါဖြစ်ပွားနေသောကာလအတွင်း လွှတ်တော်၏ အခန်းကဏ္ဍ

ရပ်ရွာလူထုကို ကိုယ်စားပြုခြင်း

၁။ အထိအခိုက်ခံရနိုင်ခြေအများဆုံး ပြည်သူများကို ကိုယ်စားပြုခြင်း

၂။ ရပ်ရွာလူထုအသိုက်အဝန်းကို ဦးဆောင်ခြင်း

၃။ ပြည်သူလူထုကို သတင်းအချက်အလက်ဖြန့်ဝေခြင်း

အစိုးရ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့် ထိန်းကျောင်းခြင်း

၄။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုအစီအစဉ်များနှင့် စပ်လျဉ်း၍ မေးခွန်း မေးမြန်းခြင်း

၅။ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ် များနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းခြင်း

၆။ အစိုးရနှင့် ပြည်သူလူထုအကြား ဆက်သွယ်ဆက်ဆံ ရေးနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းခြင်း

၇။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအမံများနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းခြင်း

၈။ COVID-19 နှင့် သက်ဆိုင်သော ဥပဒေကို စိစစ်ရန် အတွက် ကြိုတင်ပြင်ဆင်ခြင်း

လွှတ်တော်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ခြင်း

၉။ လွှတ်တော်လုပ်ငန်းများကို မည်ကဲ့သို့ အကျိုးထိ ရောက်စွာနှင့် ဘေးကင်းလုံခြုံစွာ လည်ပတ်ရန် စီစဉ်ထား ရှိသည်နှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းခြင်း

၁၀။ လွှတ်တော်နှင့် ပြည်သူလူထုအကြား ပုံမှန်ထိတွေ့ ဆက်ဆံမှုများရှိစေခြင်း

အသေးစိတ်အကြောင်းအရာများကို ဤလင့်ခ်တွင် ဖတ်ရှုပါ


မြန်မာနိုင်ငံသည်လည်း ကမ္ဘာတစ်ဝန်းရှိ အခြားသောနိုင်ငံများကဲ့သို့ပင် ကပ်ရောဂါ၏ ထိခိုက်သက်ရောက်မှုကို ပြင်း ထန်စွာ ခံစားနေရလျက်ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည် (မေလ ၁၄ ရက်နေ့အထိ ရရှိသော အချက်အလက်များကို ကိုးကားထားပါသည်)။

  • မြန်မာနိုင်ငံ၏ ပထမဆုံးသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာကို ၂၀၂၀၊ မတ်လ ၂၃ ရက်နေ့တွင် စတင် တွေ့ရှိခဲ့သည်။

  • ၂၀၂၀၊ မေလ ၁၄ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာဦးရေ ၁၈၁ ဦးရှိခဲ့ပြီး ရောဂါပိုးကင်းစင်လာသူ ၇၉ ဦးနှင့် သေဆုံးလူနာ ၆ ဦးရှိသည် (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်)။

  • အတည်ပြုလူနာဦးရေ နည်းသကဲ့သို့ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်မှာလည်း နည်းနေသေးသည့်အတွက် (လက်ရှိအချိန်အထိ ဓာတ်ခွဲစစ်ဆေးသူဦးရေ ၁၂၄၈၂ ဦးရှိသည်) ရောဂါဖြစ်ပွားသူဦးရေမှာ ထို့ထက်ပိုများကောင်းများနေနိုင်ပါသည်။

  • ထို့ကြောင့် ခန့်မှန်းယူဆချက်အရ မြန်မာနိုင်ငံသို့ COVID ရောဂါ၏ ရောက်ရှိမှုမှာ မိမိတို့ ခန့်မှန်းထားသည်ထက် ပိုမိုကြာရှည်စွာရှိနေခဲ့ပြီး မိမိတို့ ထင်ထားသည်ထက်လည်း လျင်မြန်စွာပျံ့နှံ့နေသည်ဟု ယူဆရပါသည်။

  • မေလ ၁၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု နေသူဦးရေ စုစုပေါင်း ၅၈၆၂၂ ရှိပါသည် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)။

  • မြန်မာနိုင်ငံ၏ နယ်စပ်ဝင်ပေါက်အားလုံးကို ပိတ်ထားပြီး ကယ်ဆယ်ရေးလေယာဉ်များပျံသန်းခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများ၏ နေရပ်ပြန်ရေးကိစ္စရပ်များနှင့် အရေးပေါ်ဆေးဝါးအသုံးအဆောင်တင်သွင်းခြင်း ကိစ္စရပ် များအပ နယ်စပ်ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်ထားပါသည်။

  • အချို့သော စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း နိုင်ငံတစ်ဝန်းရှိ ရာနှင့်ချီသော စက်ရုံများအပါအဝင် စားသောက်ဆိုင်များနှင့် ဘားများကို ပိတ်ထားဆဲဖြစ်သည်။ ခရီးသွားဧည့်သည်များ၏ အရေအတွက်သည်လည်း လုံးဝကျဆင်းသွားသည့်အတွက် ခရီးသွားလုပ်ငန်းမှာ ရပ်တန့်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရသည် ကပ်ရောဂါကို နည်းလမ်းအမျိုးမျိုးဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။ ရောဂါပျံ့နှံ့မှုကို ထိန်း ချုပ်ရန်နှင့် ပြန့်ပွားနှုန်းကြန့်ကြာစေရန်ရည်ရွယ်၍ အစိုးရသည် "သိမ်မွေ့သောလုပ်ပိုင်ခွင့်အာဏာ - soft power" (ပြည် သူလူထုအားအကြံဉာဏ်နှင့် လမ်းညွှန်ချက်များ ဖြန့်ဝေခြင်း) နှင့် "တင်းကျပ်သောလုပ်ပိုင်ခွင့်အာဏာ - hard power" (အမိန့် နှင့်ညွှန်ကြားချက်များထုတ်ပြန်ခြင်း) နှစ်မျိုးလုံးကို အသုံးပြုလျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် ကနဦးတုံ့ပြန် ဆောင်ရွက်မှုအဆင့်မှ နောက်ထပ်အဆင့်အဖြစ် မူဝါဒရေးဆွဲခြင်းကို အစပြုရန် ဆောင်ရွက်လျက်ရှိပါသည်။ ဤအဆင့်၏ ရည်ရွယ်ချက်များမှာ -

  • ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ခြင်းနှင့် အထိအခိုက်ခံရနိုင်ခြေအများဆုံး ပြည်သူများကို အကာ အကွယ်ပေးခြင်း

  • ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို စဉ်ဆက်မပြတ် လည်ပတ်နိုင်ရန်အတွက် ပံ့ပိုးဆောင်ရွက်ခြင်းနှင့် ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ်ပေးခြင်း

  • လူမှုရေးနှင့် စီးပွားရေးအပေါ် ထိခိုက်သက်ရောက်မှုများကိုလျှော့ချခြင်း တို့ဖြစ်သည်။

မေလ ၁၈ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော်ပုံမှန်အစည်းအဝေး၏ အစီအစဉ်များအရ ဤဦးစားပေးလုပ်ငန်း များကို ထင်ဟပ်နေသည်ကို တွေ့မြင်ရပါသည်။ ဤစာတမ်း၏ ကျန်ရှိသည့် အပိုင်းများတွင် COVID-19 အပေါ် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်များ နှင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များမှ မေးမြန်းနိုင်မည့် အကြံပြုမေးခွန်းများကို အလေးပေးဖော်ပြထားပါသည်။ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံ မှုနှင့် ဒီမိုကရေစီအရေးကို အဓိကအားပြုလုပ်ဆောင်နေသည့်အားလျော်စွာ လာမည့်လွှတ်တော်အစည်းအဝေးများတွင် ကိုယ်စားလှယ်အများအပြားမှ တက် တက်ကြွကြွနှင့် အပြည့်အဝ ပါဝင်ဆွေးနွေးကြရန် မျှော်လင့်ထားကြပါသည်။

ဤသို့သော မကြုံစဖူးအခြေအနေများတွင် အချို့နိုင်ငံများမှ အစိုးရများသည် လွှတ်တော်၏ စောင့်ကြည့်ထိန်းကျောင်း ခြင်းကို အဟန့်အတား သို့မဟုတ် အနှောင့်အယှက်တစ်ရပ်သဖွယ် သဘောထားနိုင်ပါသည်။ သို့သော် ဤအခြေအနေ တွင် လွှတ်တော်၏ အခန်းကဏ္ဍမှာ ပို၍ပင် အရေးကြီးပါသည်။ ကမ္ဘာတစ်ဝန်းရှိ လွှတ်တော်ကိုယ်စားလှယ်များအနေ ဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် တွန့်ဆုတ်နေရန်မလိုဘဲ အစိုးရ၏ ရှေ့ဆက်လုပ်ငန်းစဉ် များကို အားကြိုးမာန်တက် အပြန်အလှန် ပါဝင်ဆွေးနွေးသင့်ပါသည်။ ဤလုပ်ငန်းဆောင်ရွက်ချက်မှာ ကိုယ်စားလှယ် များ၏ မဲဆန္ဒနယ်မြေများတွင် အခက်အခဲများကြားထဲမှ ကူညီဆောင်ရွက်နေသောအခန်းကဏ္ဍနှင့် အလားတူပင် အရေးကြီးပါသည်။

COVID-19 အပေါ် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်

ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် သို့မဟုတ် ကြန့်ကြာစေရန်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပံ့ပိုးကူညီရန်နှင့် စီးပွားရေး/လူမှုရေးအပေါ် ထိခိုက်သက်ရောက်မှုများကို လျှော့ချရန်အတွက် အစိုးရအားလုံးသည် ရန်ပုံငွေအသစ်များကို ရှာ ဖွေနေကြပြီး ဘဏ္ဍာငွေများကို လွှဲပြောင်းအသုံးပြုလျက်ရှိသည်။မြန်မာနိုင်ငံတော်အစိုးရသည်လည်း ဧပြီလ ၂၇ ရက်နေ့ တွင် အားလုံးလွှမ်းခြုံသော စီမံချက်ဖြစ်သည့် ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) ကိုထုတ်ဝေခဲ့ပြီး အထက်ပါရည်ရွယ်ချက်များကိုလည်း ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရပါသည်။

ကိုယ်စားလှယ်များအနေဖြင့် ဆန္ဒရှိပါက လွှတ်တော်အစည်းအဝေးများတွင် မေးမြန်းအဆိုပြုနိုင်ရန်အတွက် အောက်ပါ အကြံပြုမေးခွန်းများကို ပြုစုထားပါသည်။ ဤမေးခွန်းများသည် CERP နှင့်ပတ်သက်၍ မိမိတို့၏ လေ့လာသုံးသပ်မှုများ နှင့် ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ထုတ်ဖော်ပြောဆိုသည့်ကိစ္စရပ်များ (သတင်းစာအသီးသီး တွင်ရေးသားတင်ပြထားချက်များ) အပေါ် အခြေခံထားပါသည်။ ထို့အပြင် COVID-19 နှင့်စပ်လျဉ်း၍ နိုင်ငံတကာလွှတ် တော်များ၏ ဥပဒေရေးဆွဲခြင်းနှင့် စောင့်ကြည့်ထိန်းကျောင်းခြင်းဆိုင်ရာ အတွေ့အကြုံများနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ စာပေများကို လေ့လာသုံးသပ်ခဲ့ပါသည်။

တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းအစီအစဉ်များ

ပုဂ္ဂလိကကဏ္ဍကို ကူညီပံ့ပိုးခြင်း

  • "CERP တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ ချေးငွေများကို ပံ့ပိုးမည့် အစီအစဉ်ပါရှိပါသည်။ မြန်မာ့စီးပွားရေး၏ အသက်သွေးကြောဖြစ်သည့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ကြိုဆိုရမည့်အစီအစဉ်ဖြစ်ပါသည်။ ချေးငွေခွဲဝေချထားခြင်းနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များချ မှတ်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် မျှတမှုရှိရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပါမည်နည်း။ ဥပမာ - သက်ဆိုင်ရာ ဆုံး ဖြတ်ချက်ချမှတ်ခြင်း အစည်းအဝေးမှတ်တမ်းများနှင့်အတူ ချေးငွေထုတ်ပေးခြင်းဆိုင်ရာ စံနှုန်းများအတွက် ရှင်း လင်းသည့် အမှတ်ပေးစနစ်များကို ထုတ်ပြန်ရန်ရှိပါသလား။ ယင်းအစည်းအဝေး၏ အဖွဲ့ဝင်များသည် ၎င်းတို့၏ အကျိုးစီးပွားပဋိပက္ခဖြစ်နိုင်ချေရှိသော ပုဂ္ဂလိက ပတ်သက်မှုများကို ကြေညာရန် လိုအပ်ပါသလား၊ ဥပမာ - အစည်းအဝေးအဖွဲ့ဝင်နှင့် ချေးငွေလျှောက်ထားသူ၏ ပုဂ္ဂိုလ်ရေးအရ ပတ်သက်ဆက်ဆံမှုများ။"

  • "ချေးငွေလျှောက်ထားခွင့်ရှိသည့် စီးပွားရေးလုပ်ငန်းတိုင်းသည် ဤအခွင့်အရေးကို သိရှိနိုင်ရန်အတွက် အစိုးရအနေ ဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်ပါမည်နည်း။ ဥပမာ - ဝေးလံသော ကျေးလက်ဒေသများတွင်ရှိသည့် ဟိုတယ် သို့မဟုတ် တည်းခိုခန်းများအတွက် ဤသတင်းအချက်အလက်ကို လက်လှမ်းမမီနိုင်သော အခြေအနေများလည်း ရှိ ကောင်းရှိနိုင်ပါသည်။ မည်သည့်သတင်းအချက်အလက်ဆက်သွယ်ရေးနည်းလမ်းကို အသုံးပြုရန်စီစဉ်ထားသနည်း၊ မည်သူ့ကို တာဝန်ပေးမည်နည်း၊ လျှောက်ထားခွင့်ရှိသော ဒေသခံစီးပွားရေးလုပ်ငန်းများကို သတင်းအချက်အလက် ဖြန့်ဝေပေးနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများကို မည်ကဲ့သို့ အကြောင်းကြားဆောင်ရွက်ထားပါ သနည်း။"

  • "ကုန်ကြမ်းပေး ကုန်ချောယူ လက်ခစားစနစ် (CMP) လုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများမှာ ကြီးမားသောစိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ သို့သော် အစိုးရအနေဖြင့် အချို့သော ကဏ္ဍများမှ အသေးစား စီးပွားရေးလုပ်ငန်းများ၊ ဥပမာ - လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အခြားသော ဒေသကုန်စုံဆိုင်များကို မည် ကဲ့သို့ ပံ့ပိုးကူညီရန် အစီအစဉ်များရှိပါသနည်း။"

  • "ဝင်ငွေခွန်၊ ပို့ကုန်နှင့် ကုန်သွယ်ခွန်အပါအဝင် အခွန်များကို ကင်းလွတ်ခွင့်ပြုထားပါသည်။ ဤကင်းလွတ်ခွင့်ကာလ မှာ မည်မျှကြာပါမည်နည်း။ ဤကဲ့သို့ အခွန်ကင်းလွတ်ခွင့်ပြုခြင်းကြောင့် အစိုးရမှ ဆုံးရှုံးရသော ဝင်ငွေပမာဏကို COVID-19 တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်၏ စုစုပေါင်းကုန်ကျစရိတ်တွင် ထည့်သွင်းပေါင်းစပ်ပါမည်လား။ အစိုးရ အနေဖြင့် ၎င်း၏ ခန့်မှန်းခြေ ကုန်ကျစရိတ်ပမာဏများကို ထုတ်ပြန်ကြေညာရန်ရှိပါသလား။"

CERP စီမံချက်အပေါ် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ သဘောထားအမြင်များကို ဤ ဧရာဝတီဆောင်းပါးတွင်ဖတ် ရှုနိုင်ပါသည်။*

ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ခြင်း

  • "CERP ၏ လုပ်ငန်းအစီအစဉ် ၂.၃ တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ခြင်းကို အရှိန်မြှင့်ဆောင်ရွက် ခြင်းနှင့် လျင်မြန်ထိရောက်သော ဝယ်ယူဖြည့်တင်းရေးလုပ်ငန်းစဉ်များကို ထည့်သွင်းရေးဆွဲထားသည်။ မြန်မာနိုင်ငံ တွင် အဂတိလိုက်စားမှုနှင့် ခရိုနီပြဿနာကိစ္စရပ်များ အမြစ်တွယ်နေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ် ချက်များချမှတ်ရာတွင် စည်းစနစ်တကျဖြစ်သော လုပ်ငန်းစဉ်များ (ဥပမာ - ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် လူထုနှင့် တွေ့ဆုံညှိနှိုင်းခြင်း) ကို တိမ်းရှောင်ရန်အတွက် COVID-19 ကို အလွဲသုံးစားပြုလုပ်ခြင်းမရှိစေရန်အလို့ငှာ အစိုးရအနေဖြင့် မည်ကဲ့သို့ စီမံကြီးကြပ်ပါမည်နည်း။ အစိုးရအနေဖြင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှု ကြီးမားပြီး ပြည်သူလူထု၏ ထောက်ခံမှုမရရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း လွှတ်တော်အား ကတိကဝတ်ပြုနိုင်ပါမည်လား။ အကယ်၍ လျင်မြန်သော ဝယ်ယူဖြည့်တင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်မည်ဆိုပါက အခြားမည်သို့သောအဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအစီအမံများကို ဆောင်ရွက်ရန်ရှိပါသနည်း။"

အလုပ်သမားများကို ကူညီပံ့ပိုးခြင်း

  • "CERP ၏ အလုပ်သမားများကို အကာအကွယ်ပေးခြင်းဆိုင်ရာအပိုင်းသည် စီးပွားရေးလုပ်ငန်းများကို ကူညီပံ့ပိုးမည့် စီမံချက်များနှင့်ယှဉ်လျှင် များစွာတိုတောင်းကြောင်း တွေ့ရပါသည်။ အစိုးရအနေဖြင့် ၎င်း၏ စီးပွားရေးလုပ် ငန်းများကို အကူအညီပေးခြင်းဆိုင်ရာ စီမံချက်များသည် စီးပွားရေးလုပ်ငန်းရှင်များကိုသာ အကျိုးခံစားခွင့်ရရှိစေ ခြင်းမဟုတ်ဘဲ လုပ်ငန်းများကို သဘောရိုးဖြင့် ရေရှည်လည်ပတ်ရန်နှင့် အလုပ်သမားများကို ဆက်လက်ခန့်ထားစေ ရန်အတွက် မည်ကဲ့သို့သော ရှင်းလင်းတိကျသည့် လုပ်ငန်းစဉ်များဖြင့် ကြီးကြပ်ပါမည်နည်း။"

  • "(လုပ်ငန်းအစီအစဉ် ၃.၁.၁) အရ အလုပ်လက်မဲ့ဖြစ်သွားသော လူမှုဖူလုံရေး (SSB) အကျုံးဝင်အလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုအကျိုးခံစားခွင့်ကို ၆ လမှ ၁ နှစ်အထိ သက်တမ်းတိုးမြှင့်ပေးသည့် အစီအစဉ် ကို ကြိုဆိုထောက်ခံပါသည်။ သို့သော် မြန်မာနိုင်ငံတစ်ဝန်းရှိ အလုပ်သမားအများစု၊ ဥပမာ - တောင်သူလယ်သမားများနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များမှာ SSB အဖွဲ့ဝင်များ မဟုတ်ပေ။ ထို့ကြောင့် အစိုးရအနေဖြင့် ၎င်းတို့ ကို မည်ကဲ့သို့ ပံ့ပိုးကူညီမည်နည်း။ ယခုအချိန်သည် နိုင်ငံသားအားလုံးအတွက် အကျုံးဝင်သည့် "အားလုံးကိုလွှမ်းခြုံ နိုင်သော လူမှုဖူလုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်"၏ လိုအပ်မှုကို ပြန်လည်သုံးသပ်နိုင်မည့် အချိန် ကောင်းဖြစ်နိုင်ပါမည်လား။ အချို့ကမူ ဤကပ်ရောဂါသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပြောင်းလဲပုံဖော်ရန် အတွက် အခွင့်အလမ်းတစ်ခုပင်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။"

  • "မြန်မာအစိုးရ၏ ငွေကြေးနှင့် စားသောက်ကုန် ထောက်ပံ့ခြင်းအစီအစဉ်များသည် အိမ်ထောင်စုများအတွက် စီးပွားရေးကျပ်တည်းသောကာလ၌ အနည်းငယ်ပိုမိုခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးများအပါအဝင် အစိုးရအဖွဲ့အနေဖြင့် ယင်းထောက်ပံ့မှုများကို အမှန်တကယ်လိုအပ်သော ပြည်သူများထံ ရောက်ရှိရန်နှင့် အဂတိလိုက်စားမှု သို့မဟုတ် စီမံခန့်ခွဲမှုမှားယွင်းခြင်းကြောင့် လေလွင့်ပျောက်ဆုံးမှု မရှိစေရန် မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်မည်နည်း။ အိမ်ထောင်စုများကို ထောက်ပံ့မည့် ငွေကြေးနှင့် စားသောက် ကုန်များ၏ တစ်နှစ်တာ စုစုပေါင်းခန့်မှန်းခြေအသုံးစရိတ်မှာ မည်မျှရှိပါမည်နည်း။"

  • "စိတ်မကောင်းစရာတစ်ခုမှာ ကပ်ရောဂါကြောင့် အချို့သောစီးပွားရေးလုပ်ငန်းများကို ပိတ်သိမ်းခြင်း သို့မဟုတ် အလုပ်သမားလျှော့ချခြင်းတို့ကို ဆောင်ရွက်နေကြရပြီဖြစ်သည်။ အလုပ်ရှင်များသည် ဤအခြေအနေကို အခွင့် ကောင်းယူ၍ သမဂ္ဂအဖွဲ့ဝင်အလုပ်သမားများကို တမင်ရည်ရွယ်ချက်ဖြင့် အလုပ်ဖြုတ်ခြင်းမျိုး မပြုလုပ်ရန် အစိုးရအနေဖြင့် မည်ကဲ့သို့ စီမံကြီးကြပ်ပါမည်နည်း။ အလုပ်သမားသမဂ္ဂများသည် မြန်မာနိုင်ငံ၏ သမိုင်းဝင်ဒီမိုကရေစီ ဖြစ်စဉ်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အစိုးရအနေဖြင့် ၎င်းတို့ကို အကာအကွယ်ပေးရန်နှင့် အလုပ် သမားများ၏ စုပေါင်းအသံကို နားထောင်ပေးရန် လိုအပ်ပါသည်။ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများကို ကူညီပံ့ပိုးခြင်းမှာ အလုပ်သမားများ၏ အခွင့်အရေးကို အပေးအယူလုပ်သကဲ့သို့ မဖြစ်စေရန် မည်ကဲ့သို့ စီမံဆောင်ရွက် ပါမည်နည်း။"*

ကျန်းမာရေးစောင့်ရှောက်မှုစနစ်

  • "လုပ်ငန်းအစီအစဉ် ၆.၁.၂ တွင် ဆေးနှင့် ဆေးပစ္စည်းများ "ဝယ်ယူဖြည့်တည်းရေးလုပ်ငန်းစဉ်ကို မကြာရှည်စေဘဲ" တင်သွင်းရန်ဟု ဖော်ပြပါရှိပါသည်။ အစိုးရအနေဖြင့် လုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်ခြင်းသည် ဆေးဘက် ဆိုင်ရာပစ္စည်း၏ အရည်အသွေးကို မထိခိုက်စေဘဲ ပေးရသောတန်ဖိုးနှင့် ကိုက်ညီစေရန်နှင့် အချို့သောပစ္စည်း တင် သွင်းရောင်းချသူများကို မျက်နှာသာပေးမှုများမရှိစေရန် မည်ကဲ့သို့ စီမံကြီးကြပ်ပါမည်နည်း။ အစိုးရအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စိစစ်သုံးသပ်မှုများဆောင်ရွက်ရန်နှင့် ပုံမှန်ဝယ်ယူဖြည့်တင်းရေး လုပ်ငန်းစဉ်မှ ကင်းလွတ်ခွင့်ပေးထားသော ပစ္စည်းတင်သွင်းသူများနှင့် စိစစ်မှုများဆောင်ရွက်ရန်အတွက် ဖိတ်ကြား နိုင်ပါမည်လား။

  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေးကို ဦးစီး ဆောင်ရွက်ရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ဆေးဘက်ဆိုင်ရာပစ္စည်းများဝယ်ယူရေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးစီးဆောင်ရွက်ခြင်းမပြုသည်မှာ ထူးခြားနေပါသည်။ ထို့ကြောင့် အစိုးရ အနေဖြင့် ဆေးနှင့် ဆေးပစ္စည်းများကို ဝယ်ယူရာတွင် ကျန်းမာရေးစနစ်၏ လိုအပ်ချက်များကို ထင်ဟပ်မှုရှိစေရန် အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ရန် ရှိပါသနည်း။

တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များကို ငွေကြေးထောက်ပံ့ခြင်း

CERP လုပ်ငန်းအစီအစဉ်များအတွက် ငွေကြေးထောက်ပံ့မှုကို အရင်းအမြစ်နှစ်ခုမှ ရရှိနိုင်ပါသည်။ ၎င်းတို့မှာ အစိုးရ အတွင်း (အစိုးရ၏ လက်ဝယ်ရှိ အရင်းအမြစ်များကို လွှဲပြောင်းသုံးစွဲခြင်း) နှင့် အစိုးရပြင်ပ(နိုင်ငံခြားထောက်ပံ့မှု) တို့ဖြစ် သည်။ အစိုးရသည် စီမံချက်ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံခြားထောက်ပံ့မှုမှ ရရှိနိုင်မည့်ဘတ်ဂျက်နှင့် အစိုးရ၏ လက်ဝယ်ရှိ အရင်းအမြစ်များမှရရှိနိုင်မည့် ဘတ်ဂျက်ပမာဏတို့ကို တွက်ချက်နေကြောင်း စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားပါသည်။ ငွေကြေးအရင်းအမြစ်များကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည်။

အစိုးရအတွင်း / အစိုးရဘတ်ဂျက်

  • လက်ဝယ်ရှိ ဘတ်ဂျက်များကို လွှဲပြောင်းသုံးစွဲခြင်း - အစိုးရ၏ အခြားသော လုပ်ငန်းကဏ္ဍတစ်ခုမှ စုဆောင်းငွေ ကို လွှဲပြောင်းရန် လိုအပ်မည်ဖြစ်သည် (ဆိုလိုသည်မှာ COVID-19 နှင့်ပတ်သက်သော လုပ်ငန်းအစီအစဉ်ကို ငွေကြေးထောက်ပံ့ရန်အတွက် အခြားသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို ဖြတ်တောက်ရန်ဖြစ်သည်။)

  • အရန်ငွေများမှ ရရှိသော ငွေကြေးများ၊ ပိုင်ဆိုင်မှုပစ္စည်းများရောင်းချခြင်း သို့မဟုတ် ပြည်သူလူထု၏ လှူဒါန်းမှု များမှ ရရှိသော ငွေကြေးများ

  • ပြည်တွင်းချေးငွေများ - ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ် သို့မဟုတ် ပြည်တွင်းပုဂ္ဂလိက ချေးငွေလုပ် ငန်းများ

ပြင်ပ / နိုင်ငံခြားထောက်ပံ့မှု

  • နိုင်ငံတကာအေဂျင်စီများမှထောက်ပံ့ငွေများ - သတ်မှတ်ထားသောလုပ်ငန်းများအတွက် အသုံးပြုရန်ဖြစ်သည်။

  • နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများမှ အတိုးနှုန်းသက်သာသည့် ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ချေးငွေများ။ ၎င်း ချေးငွေများတွင် တိကျသော စည်းကမ်းချက်များ ပါဝင်သည်။

  • အခြားသော ပုံမှန်အတိုးနှုန်းဖြင့် ချေးယူသော ချေးငွေများ သို့မဟုတ် ချေးငွေဈေးကွက်အတွင်းမှ ချေးငွေများ

CERP စီမံချက်နှင့်ပတ်သက်သော အကြံပြုမေးခွန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • "အစိုးရအနေဖြင့် CERP စီမံချက်ကို အကောင်အထည်ဖော်ရန်အတွက် ငွေကြေးထောက်ပံ့မှုရရှိနိုင်မည့် အရင်း အမြစ်နှင့် ပတ်သက်၍ ရှင်းလင်းထုတ်ပြန်ရန် လိုအပ်နေပါသေးသည်။ သို့သော် သတင်းဌာနအသီးသီး၏ အစီရင်ခံ ချက်များအရ နိုင်ငံခြားထောက်ပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ (ဒေါ်လာ သန်း ၂၀၀၀) ကို ကမ်းလှမ်း ခံထားရကြောင်းနှင့် ဝန်ကြီးဌာန ၂၂ ခုက ၎င်းတို့၏ ဘတ်ဂျက်မှ ၁၀ ရာခိုင်နှုန်းစီ သို့မဟုတ် ကျပ်သိန်း ၂၀၀၀ စီ ထောက်ပံ့ကူညီရန်ရှိသည်ဟု ဖော်ပြထားကြသည်။ ကျေးဇူးပြု၍ အစိုးရအနေဖြင့် CERP စီမံချက်ကို အကောင် အထည်ဖော်ရန်အတွက် လျာထားသော ငွေကြေးပမာဏနှင့် ငွေကြေးအရင်းအမြစ် အသေးစိတ်ကို လွှတ်တော်အား ရှင်းလင်းတင်ပြနိုင်ပါမည်လား။"

  • "ဝန်ကြီးဌာနများမှ ၁၀ ရာခိုင်နှုန်းစီ သို့မဟုတ် ကျပ်သိန်း ၂၀၀၀ စီ ကူညီမည်လားဆိုသည်မှာ ရှင်းလင်းမှုမရှိပါ။ သတင်းမီဒီယာတွင်မူ နှစ်မျိုးလုံးကို ဖော်ပြထားကြပါသည်။ ဖြစ်တန်ရာသည်မှာ ၎င်းထောက်ပံ့ငွေများကို ဝန်ကြီး ဌာနများ၏ ပုံမှန်လုပ်ငန်းအသုံးစရိတ်များထဲမှ ထုတ်ယူသုံးစွဲရမည်သာဖြစ်သည်။ ကျေးဇူးပြု၍ အစိုးရအနေဖြင့် ဝန် ကြီးဌာနတစ်ခုစီမှ ကတိပြုထားသည့် ငွေကြေးပမာဏအသေးစိတ်နှင့် အခြားသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အကျိုးသက်ရောက်နိုင်မှုများကို လွှတ်တော်အား ရှင်းလင်းတင်ပြပေးနိုင်မည်လား။ ဥပမာ - ပညာရေး ဝန်ကြီးဌာနမှ ပြန်လည်ပေးအပ်မည့် ထောက်ပံ့ငွေများမှာ ကျောင်းဆရာ/ဆရာမများ၏ လုပ်ခလစာအပေါ် သက် ရောက်မှုရှိနိုင်ပါသလား။ ထို့အပြင် ဤကဲ့သို့ ဘတ်ဂျက်ကို ထုတ်ယူသုံးစွဲခြင်းကြောင့် လာမည့်နှစ်များ၏ ဘတ်ဂျတ် အပေါ်မည်ကဲ့သို့ သက်ရောက်မှုရှိနိုင်သည်ကိုလည်း သိရှိနားလည်ရန် အရေးကြီးပါသည်။"

  • "CERP စီမံချက်တွင် ဘတ်ဂျက်လုပ်ငန်းစဉ်ကိုဖော်ပြရာ၌ "လိုက်လျောညီထွေစွာဆောင်ရွက်နိုင်သောဘတ်ဂျက်" နှင့် "ခေတ်မီတိုးတက်စေခြင်း" ဟူသည့် အသုံးအနှုန်းများကို သုံးနှုန်းထားပါသည်။ အစိုးရအနေဖြင့် ဤအသုံးအနှုန်းများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြပေးနိုင်ပါမည်လား။ ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်၏ ဘတ်ဂျက်စိစစ်ထိန်းကျောင်းခြင်းလုပ်ငန်းကို ထိခိုက်မှုမရှိစေရန်နှင့် ပြည်သူ့ဘဏ္ဍာငွေနှင့် ပတ်သက်သော ဆုံးဖြတ်ချက် ချမှတ်မှုတိုင်းကို ဘဏ္ဍာရေးစည်းမျဉ်းများအတိုင်း စိစစ်ဆောင်ရွက်မည်ဟု ကတိပြုနိုင်ပါမည်လား။"

  • "အစိုးရဌာနများ (ဥပမာ - လူမှုဖူလုံရေးအဖွဲ့) နှင့် နိုင်ငံပိုင် (တပ်မတော်ပိုင်အပါအဝင်) စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ အရန်ငွေအများအပြားကို ပြည်တွင်းဘဏ်များ၌ အပ်နှံထားကြသည်။ အစိုးရအနေဖြင့် CERP စီမံချက်ကို ထောက်ပံ့နိုင်ရန်အလို့ငှာ ယင်းဘဏ္ဍာငွေများကို ထုတ်ယူသုံးစွဲနိုင်ရန်အတွက် မည်ကဲ့သို့ ဆွေးနွေးညှိနှိုင်းသွားရန် စီစဉ်ထားရှိပါသနည်း။"

  • "အစီရင်ခံချက်များအရ နိုင်ငံခြားထောက်ပံ့ငွေ ဒေါ်လာ ၂ ဘီလီယံကို နိုင်ငံတကာအေဂျင်စီ ၅ ဖွဲ့မှ ထောက်ပံ့မည် ဟု သိရှိထားပါသည်။ ထိုပမာဏသည် ကမ္ဘာ့ဘဏ်မှ အရေးပေါ်ဘဏ္ဍာငွေအဖြစ်ထောက်ပံ့မည့် ဒေါ်လာသန်း ၅၀ နှင့် အခြားသော ထောက်ပံ့ငွေများ၊ ဥပမာ - ဥရောပသမဂ္ဂမှအထည်ချုပ်အလုပ်သမားများအတွက် ထောက်ပံ့ငွေ ယူရို ၅သန်း အပြင် ထပ်တိုးထောက်ပံ့ငွေ ဟုတ် မဟုတ်ကို အစိုးရမှ အတည်ပြုပေးနိုင်ပါမည်လား။"

  • "နိုင်ငံတကာအေဂျင်စီများမှ ရရှိမည့် ထပ်တိုးထောက်ပံ့ငွေများကို ကြိုဆိုရမည်ဖြစ်ပါသည်။ ပြည်သူ့ကြွေးမြီစီမံ ခန့်ခွဲမှုကိုစောင့်ကြည့်ထိန်းကျောင်းရန်မှာလွှတ်တော်များ၏ အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်။ အစိုးရအနေ ဖြင့် ချေးငွေဒေါ်လာ ၂ ဘီလီယံမှာ မည်သည့် ချေးငွေအမျိုးအစားများဖြစ်ကြောင်း၊ မည်သည့် စည်းကမ်းချက်များ ပါဝင်ကြောင်းနှင့် သဘောတူညီထားသည့် အတိုးနှုန်းထားများနှင့် ချေးငွေပြန်ဆပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များကို လွှတ်တော်အား ရှင်းလင်းတင်ပြပေးနိုင်ပါမည်လား။"

  • "အစိုးရအနေဖြင့် ချေးငွေအသစ်များကို လက်ခံရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေကို လိုက်နာ၍ လက်ခံခြင်းဖြစ်ကြောင်း အတည်ပြုပေးနိုင်ပါမည်လား။ ချေးငွေအသစ်များသည် မြန်မာနိုင်ငံ ၏ ကြွေးမြီနှင့် GDP အချိုးအပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိနိုင်ပါသနည်း။ ဝန်ကြီးအနေဖြင့် ဘဏ္ဍာငွေအသစ်၏ မြန်မာနိုင်ငံ ဘဏ္ဍာရေးအနေအထားအပေါ် အကျိုးသက်ရောက်မှုနှင့်ပတ်သက်သော ထုတ်ပြန်ချက်ကို တင်ပြပေး နိုင်ပါမည်လား။"

  • "CERP စီမံချက် အကောင်အထည်ဖော်ခြင်းအတွက် ထောက်ပံ့ငွေများ၊ ချေးငွေများနှင့် ပတ်သက်သော ထုတ်ပြန် ကြေညာချက်များသည် အခြားနိုင်ငံများမှ မြန်မာနိုင်ငံ အစိုးရအဖွဲ့အစည်းများသို့ နှစ်နိုင်ငံအကျိုးတူပေးအပ်သော ထောက်ပံ့ငွေများ၊ ချေးငွေများ သို့မဟုတ် ထောက်ပံ့ရေးပစ္စည်းများနှင့်ပတ်သက်သော အခြားကြေညာချက်များနှင့် မည်ကဲ့သို့ ဆက်စပ်ပါသနည်း။"

တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်ကို စောင့်ကြည့်လေ့လာခြင်းနှင့် ထိန်းကျောင်းခြင်း

  • "CERP တွင် မှတ်ချက်ပြုထားသည်မှာ "ရန်ပုံငွေများအသုံးပြုခြင်းကို စောင့်ကြည့်ထိန်းကျောင်းခြင်းသည် အကူ အညီပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းအတွက် အရေးကြီးရုံသာမက အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုကို မြင့်တက်စေသည်" ဟု ဖော်ပြထားပါသည်။ ဤအဆိုကို ကြိုဆိုထောက်ခံသော်လည်း စီမံချက်တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အစီအစဉ် များမှာ ရှင်းလင်းမှုမရှိပါ။ ထို့ကြောင့် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုတို့ကို မည်ကဲ့သို့ ဆောင်ရွက်မည်ဖြစ်ကြောင်း အသေးစိတ် ရှင်းပြပေးနိုင်ပါမည်လား။ လုပ်ငန်းတိုးတက်မှုအခြေအနေများကို လွှတ်တော်သို့ မည်သည့်ပုံစံနှင့် မည်သည့်ကာလလျှင်တစ်ကြိမ် တင်ပြပါမည်နည်း။"

  • "CERP စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရကို တာဝန်ခံမှုရှိစေရန်အတွက် လွှတ်တော်မှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို လွှတ်တော်နာယကအနေဖြင့် ၎င်း၏ သဘောထားအမြင်များကို ရှင်းလင်းပြောကြားရန် ဆန္ဒရှိပါသလား။ ဤလုပ်ငန်းအစီအစဉ်များကို အထောက်အကူပြုရန်အတွက် လက်ရှိ ရေးရာကော်မတီ များကို တာဝန်ပေးအပ်ရန် သို့မဟုတ် COVID-19 စောင့်ကြည့်ခြင်းပူးပေါင်းကော်မတီအသစ်တစ်ရပ်ကို တာဝန်ပေး အပ်ရန် သင့်မသင့်ကို စဉ်းစားသုံးသပ်မည်ဆိုပါက အကျိုးရှိနိုင်မည်ဖြစ်ပါသည်။"

  • "အစိုးရသည် ကော်မတီအများအပြားကို ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ဖွဲ့စည်းခဲ့ကြပါသည်။ သို့သော် ဆုံးဖြတ်ချက်များကို မည်ကဲ့သို့ ပူးပေါင်းညှိနှိုင်းချမှတ်သည်ဟူသည့်အချက်မှာ မဲဆန္ဒနယ်မှ ပြည်သူများ သို့မဟုတ် ပြည်သူလူထုများအတွက် ရှင်းရှင်းလင်းလင်းမရှိတော့ပေ။ အစိုးရအနေဖြင့် ဤစီမံချက်ကို အကောင်အထည်ဖော် ရန်အတွက် လက်ရှိကော်မတီများ၏ လည်ပတ်မှုပုံစံကို ရှင်းလင်းတင်ပြပေးနိုင်ပါမည်လား။ မည်သည့်ဝန်ကြီးဌာန က စီမံချက်၏ မည်သည့်ကဏ္ဍအတွက် တာဝန်အပြည့်အဝရှိပါသနည်း။ အစိုးရအနေဖြင့် ၎င်း၏ စီမံချက်အကောင်ထည်ဖော်ခြင်းအတွက် သုံးလတစ်ကြိမ်အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရန် ရည်ရွယ်ထားခြင်းရှိပါသလား။"

  • "မကြာသေးမီက ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများတွင် မေးခွန်းမေးမြန်းခြင်းအစီအစဉ် များ မရှိခဲ့ပါ။ သို့သော် မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသော စိုးရိမ်ရသည့် အခြေအနေအရသော်လည်းကောင်း၊ အစိုးရ၏ မူဝါဒများအတွက် အထောက်အကူပြုလိုသော လွှတ်တော်ကိုယ်စားလှယ်များ၏စိတ်အားထက်သန်မှုကို အသိ အမှတ်ပြု၍သော်လည်းကောင်း၊ နာယကအနေဖြင့် လာမည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မေးခွန်း မေးမြန်းခြင်းကို ပြန်လည်ခွင့်ပြုပေးရန် ထည့်သွင်းစဉ်းစားဆုံးဖြတ်ပေးနိုင်ပါမည်လား။"

အာနန္ဒာနှင့် WFD သို့ ဆက်သွယ်ရန်

ထင်ကျော်အေး - hka@theananda.org, +95 9798422440, www.theananda.org

စောသီရိရူပ - SaoSiri.Rupa@wfd.org, +95 9445342644, www.wfd.org