Posted in ဥပဒေရေးရာ သုတေသန on Sep 11, 2019

လက်ရှိအခြေအနေ (ဝ၆.ဝ၉.၂၀၁၉) – ၁၅.ဝ၈.၂၀၁၉ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အင်တာနက် စာမျက်နှာမှာ ဥပဒေကြမ်း တင်ထားတာကို တွေ့ရပြီး ပြည်သူ့လွှတ်တော်ကို ပေးပို့သွားမယ်လို့ ယူဆပါတယ်။


ဥပဒေကြမ်း

ဥပဒေကြမ်းထဲမှာ မော်တော်ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းလိုင်စင်လျှောက်ထားခြင်းနဲ့ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပါရှိပါတယ်။

အကျဉ်းချုပ်

  • ဥပဒေကြမ်းဟာ မော်တော်ယာဉ်တွေကို ဥပဒေနဲ့အညီ မှတ်ပုံတင်ဖို့ နဲ့ ယာဉ်မောင်းလိုင်စင် ထုတ်ပေးဖို့ မော်တော်ယာဉ်ကြောင့် လေထု၊ ရေထု၊ မြေထု ညစ်ညမ်းတာ နဲ့ အသံဆူညံတာတွေ လျော့နည်းစေဖို့ ယာဉ်မတော်တဆ ဖြစ်တာတွေ ကျဆင်းလာစေဖို့ ရည်ရွယ်ပါတယ်။
  • ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ပြည်တွင်းယာဉ်တွေ သွားလာနိုင်တဲ့ နေရာ ကန့်သတ်သတ်မှတ်ခြင်း၊ နိုင်ငံဖြတ်ကျော် ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်သွားလာခြင်းနဲ့ သက်ဆိုင်တဲ့ လိုက်နာရမယ့်အချက်တွေ သတ်မှတ်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့အတွက် ရန်ပုံငွေထူထောင်ခြင်း၊ ယာဉ်သက်တမ်း သတ်မှတ်ပေးခြင်းနဲ့ မော်တော်ယာဉ်စစ်ဆေးခြင်းလုပ်ငန်း စစ်ဆေးဖို့ နည်းပညာကျွမ်းကျင်တဲ့ အဖွဲ့ကို တာဝန်ပေးခြင်းတွေ ပါရှိပါတယ်။
  • ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လုပ်ငန်းတာဝန်တွေကတော့ စည်းကမ်းနဲ့ စံချိန်စံညွှန်းတွေ သတ်မှတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာတွေက တည်ဆောက်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အကြံပြုချက် ပေးပို့ခြင်း၊ ယာဉ်ကြောဆိုင်ရာ အဆင့်မြင့်နည်းပညာတွေအတွက် သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းခြင်းအပါအဝင် လိုင်စင်သက်တမ်း သတ်မှတ်ခြင်း စတာတွေ ဖြစ်ပါတယ်။
  • မော်တော်ယာဉ်ပိုင်ရှင်ဟာ သတ်မှတ်ထားတဲ့အခြေအနေနဲ့ မငြိစွန်းရင် ယာဉ်ကို သက်ဆိုင်ရာမှတ်ပုံတင်အရာရှိဆီမှာ မှတ်ပုံတင်နိုင်ပါတယ်။ အရာရှိက ကနဦး ဒါမှမဟုတ် ယာယီ မှတ်ပုံတင်သက်သေခံလက်မှတ်နဲ့ အမှတ်အသားတွေ ထုတ်ပေးနိုင်ပါတယ်။ မော်တော်ယာဉ်ပိုင်ရှင်ဟာ စီးပွားရေးလုပ်ငန်းသုံးယာဉ်ကို အငှားယာဉ် အနေနဲ့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မော်တော်ယာဉ်ကို ပြင်ဆင်ပြောင်းလဲခြင်းတွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာမှတ်ပုံတင်အရာရှိဆီက ကြိုတင်ခွင့်ပြုချက် ယူရမှာ ဖြစ်ပါတယ်။
  • ယာဉ်မောင်းလိုင်စင် ဒါမှမဟုတ် ယဉ်အကူလိုင်စင် ဒါမှမဟုတ် ယာယီယာဉ်မောင်းနှင်ခွင့်လက်မှတ်ကို သက်ဆိုင်ရာလိုင်စင်ထုတ်ပေးသူအရာရှိဆီမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။ လိုင်စင်တွေကို ယာယီရပ်ဆိုင်းတာ၊ ဖျက်သိမ်းတာတွေအတွက်လည်း သတ်မှတ်ချက်တွေ ပြဋ္ဌာန်းထားပါတယ်။
  • မော်တော်ယာဉ်စစ်ဆေးခြင်းလုပ်ငန်း နဲ့ မော်တော်ယာဉ်မောင်းသင်တန်းကျောင်းလုပ်ငန်း လုပ်ကိုင်လိုသူတွေဟာ ဦးစီးဌာနမှာ လုပ်ငန်းလိုင်စင် လျှောက်ထားရပါမယ်။ လုပ်ငန်းလိုင်စင်ရရှိသူတွေဟာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်ရမှာဖြစ်ပါတယ်။
  • မှတ်ပုံတင်ခြင်းကိစ္စ နဲ့ ယာဉ်မောင်းလိုင်စင် ဒါမှမဟုတ် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းကိစ္စရပ်တွေအတွက် သက်ဆိုင်ရာ အဆင့်အလိုက် ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေအတွက် အယူခံမှုအဆင့်ဆင့်ရှိပြီး ဝန်ကြီးဌာနဆုံးဖြတ်ချက်က စီမံခန့်ခွဲရေးနည်းလမ်းအရ အပြီးအပြတ် ဖြစ်ပါတယ်။

အခြားဆက်စပ်ဥပဒေများ

မော်တော်ယာဉ်ဥပဒေ ၂၀၁၅

လင့်ခ်များ

ဥပဒေကြမ်း - https://pyidaungsu.hluttaw.mm/uploads/pdf/MQZbg0_20190814.docx.pdf

ဆက်သွယ်ရန်

Moe Aung, The Ananda, moeaung@theananda.org