Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Mar 30, 2020

ဘာကြောင့် လူပြောများတဲ့ အကြောင်းအရာ ဖြစ်နေရသလဲ

ကူးစက်ရောဂါထိန်းချုပ်ခြင်းဟာ ကိုဗစ်-၁၉ (COVID-19) ကူးစက်ရောဂါပိုး ပျံ့နှံ့မှုကြောင့် လက်ရှိ ပြည်သူတွေကြားမှာ အပြောများနေတဲ့ အကြောင်းအရာ ဖြစ်နေပါတယ်။ အခုအခါမှာတော့ ဒီရောဂါပိုးက ကမ္ဘာ့နိုင်ငံအားလုံးနီးပါးမှာ တွေ့မြင်နေရတဲ့ အတွက် နိုင်ငံအစိုးရတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းက ဘယ်လိုတုန့်ပြန်ကြသလဲ ဆိုတာကို လက်တွေ့ကျကျ တွေ့မြင်နိုင်ကြမှာ ဖြစ်ပြီး မူဝါဒချမှတ်သူတွေအတွက် မူဝါဒရွေးချယ်စရာတွေ များစွာ စဉ်းစားနိုင်ဖို့ အခွင့်အရေး ပေးလိုက်တာ ဖြစ်ပါတယ်။

လွှတ်တော်ကလည်း ဒီလို ကူးစက်ရောဂါတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်ဖို့ ဥပဒေကြမ်းတစ်ခုကို လေ့လာနေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ကောင်းမွန်တဲ့ အခွင့်အလမ်း တစ်ခုလို့လည်း တစ်နည်းအားဖြင့် ဆိုနိုင်ပါတယ်။ ဒီမူဝါဒအကျဉ်းမှာတော့ ရောဂါသစ်တစ်ခုရဲ့ ခြိမ်းခြောက်မှုကို ဖြေရှင်းဖို့ ဆောင်ရွက်ရာမှာ မူဝါဒသမားတွေအတွက် ထည့်သွင်းစဉ်းစားစရာအချက်အချို့ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကူးစက်ရောဂါဆိုတာ ဘာလဲ

ကူးစက်ရောဂါဆိုတာ “ကူးစက်ခံရသူတစ်ဦးဦးကနေ တခြားတစ်ဦးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ရောဂါပိုး ဖြန့်ဖြူးပေးနိုင်တဲ့ ရောဂါမျိုး ဖြစ်ပါတယ်”။ ဥပမာအားဖြင့် တုပ်ကွေးရောဂါ၊ ဝက်သက်ရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV/AIDS) နဲ့ ကိုဗစ်-၁၉ တို့ ဖြစ်ကြပါတယ်။ ဒီရောဂါတွေနဲ့ မတူညီတဲ့ ရောဂါကတော့ မကူးစက်နိုင်တဲ့ ရောဂါ ဖြစ်ပြီး လူတစ်ဦးကနေ တစ်ဦးကို ရောဂါပိုး မဖြန့်ဖြူးပေးနိုင်ပါဘူး။ မကူးစက်နိုင်တဲ့ ရောဂါတွေက မျိုးရိုးဗီဇဆိုင်ရာ၊ ဇီဝကမ္မဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ အပြုအမူဆိုင်ရာ အကြောင်းခြင်းရာတွေ ပေါင်းစပ်သွားရာမှ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်ရလဒ် ဖြစ်ပါတယ်။ အဲဒီရောဂါတွေထဲမှာ ဆီးချို၊ ပန်းနာနဲ့ ကင်ဆာ တို့ ပါဝင်ပါတယ်။

ကူးစက်ရောဂါတွေဟာ လူသားသမိုင်းတလျှောက် လူဦးရေ အများအပြားကို အန္တရာယ်ပေးလာခဲ့တဲ့ ရောဂါတွေ ဖြစ်ကြပါတယ်။ ၁၉ ရာစုထဲ ရောက်တော့မှသာ ဆေးသိပ္ပံပညာက ကာကွယ်ဆေးတွေ ထုတ်လုပ်ခြင်း၊ ရောဂါပျံ့နှံ့ပုံကို ပိုမိုနားလည်လာခြင်းနဲ့ တစ်ကိုယ်ရည်၊ ပတ်ဝန်ကျင်သန့်ရှင်းရေး ရဲ့ အရေးကြီးပုံကို ပိုမိုနားလည်လာတာကြောင့် ကူးစက်ရောဂါတွေကို စတင်ထိန်းချုပ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အကြီးစား ကူးစက်ရောဂါ ဖြစ်ပွားမှုတွေဟာ လူ့သမိုင်းရဲ့ အဓိက အင်္ဂါရပ်တွေ ဖြစ်ခဲ့ပြီး အဲဒီဖြစ်ပွားမှုတွေကြောင့် လူ့သမိုင်းလမ်းကြောင်း ပြောင်းလဲသွားခဲ့တဲ့အထိ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဥပမာ ပြောရလျှင် ၁၄ ရာစုမှာ ဖြစ်ပွားခဲ့တဲ့ အနက်ရောင်သေမင်းတမန် (Black Death) လို့ လူသိများတဲ့ ပလိပ်ရောဂါဟာ ဥရောပတိုက် လူဦးရေ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကို သေကြေပျက်စီးစေခဲ့ပါတယ်။ ပလိပ်ရောဂါ က ဥရောပတိုက်ရဲ့ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ စီးပွားရေးတွေအပေါ် ကြီးကြီးမားမား ရိုက်ခတ်ခဲ့ပြီး ခေတ်သစ် ဒီမိုကရေစီ စနစ်နဲ့ အနုပညာ၊ စာပေ ပြန်လည်ထွန်းကားလာတဲ့ ခေတ် (Renaissance) တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ပလိပ်ရောဂါလို ရောဂါမျိုးဟာ နိုင်ငံတကာနယ်နိမိတ်အပိုင်းအခြားတွေကို မကြာခဏဆိုသလို ဖြတ်ကျော်ပြီး အဲဒီလို ဖြတ်ကျော်တာဟာလည်း ရာစုနှစ်ပေါင်းများစွာကတည်းက ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ နည်းပညာ တိုးတက်ထွန်းကားမှုတွေကြောင့် လူတွေက တစ်နေရာနဲ့ တစ်နေရာကို အလွန်လျင်မြန်စွာ သွားလာနိုင်နေပြီ ဖြစ်တဲ့အတွက် ရောဂါတွေကလည်း လျင်လျင်မြန်မြန်နဲ့ ဝေးကွာတဲ့ နေရာတွေက လူသားတွေဆီအထိ ရောက်ရှိနေနိုင်ပြီ ဖြစ်ပါတယ်။ ဒီလို ရောဂါမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် ကြုံတွေ့ရတဲ့ အချို့ ဒေသက လူသားတွေဟာလည်း ကြီးမားတဲ့ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်လာနေရပါတယ်။ ၁၅ ရာစုနဲ့ ၁၆ ရာစုတွေမှာ ဥရောပက ကျူးကျော်သူတွေဟာ ရေကျောက်ရောဂါကို တောင်နဲ့ မြောက် အမေရိကတိုက်တွေဆီ သယ်ဆောင်သွားခဲ့ပြီး ပြင်းထန်ဆိုးဝါးတဲ့ အကျိုးဆက်များစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။ ရေကျောက်၊ တုပ်ကွေးနဲ့ ဝက်သက်ရောဂါတွေကြောင့် ဒေသခံအမေရိကန် (Native American) လူဦးရေ ရဲ့ ၉၀ ရာခိုင်နှုန်းကို သေဆုံးခဲ့ရတယ်လို့ ယူဆရပါတယ်။

လူဦးရေ အများအပြားကို လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့တဲ့ ရောဂါတွေကို ကူးစက်မြန်ရောဂါ (epidemic) လို့ ခေါ်ဝေါ်ကြပါတယ်။ တကယ်လို့ ရောဂါဟာ ကမ္ဘာ့တိုက်ကြီးတွေ ဒါမှမဟုတ် ကမ္ဘာတစ်ဝန်းလို ပထဝီဧရိယာ ကျယ်ကျယ်ပြန့်ပြန့်ကို ကူးစက်သွားတဲ့အခါ ကပ်ရောဂါ (pandemic) လို့ ခေါ်ပါတယ်။ ကူးစက်မြန်ရောဂါနဲ့ ကပ်ရောဂါ နှစ်ခုစလုံးဟာ ဘယ်လို အချိန်မှာ ဖြစ်လေ့ရှိသလဲဆိုရင် အရင်က လူတွေကို အန္တရာယ်မပေးနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုးက မျိုးရိုးဗီဇ ပြောင်းလဲမှု ဖြစ်ပြီး တိရိစ္ဆာန်ကတဆင့် လူကို၊ အဲဒီကနေ နောက်ပိုင်းမှာ လူအချင်းချင်း စတင်ကူးစက်ရာကနေ ဖြစ်ပွားကြပါတယ်။

ဖြစ်ပွားခဲ့တဲ့ ကူးစက်မြန်ရောဂါများ 

•   အနက်ရောင် သေမင်းတမန် ။  ။ ၁၃၃၁ မှ ၁၃၅၃ ခုနှစ်အတွင်း ဥရောပနိုင်ငံတွေမှာ ပျံ့နှံ့ ဖြစ်ပွားခဲ့ပြီး လူ ၇၅ သန်းမှ သန်း၂၀ဝ ခန့်အထိ (ဥရောပတိုက်ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းထိ) အသက်ဆုံးရှုံးခဲ့ရပါတယ်။
•   Cocoliztli ကူးစက်မြန်ရောဂါ ။ ။ Salmonella Enterica ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားရတယ်လို့ ယူဆရပြီး ၁၅၄၅ နဲ့ ၁၅၄၈ ခုနှစ်အတွင်း မက္ကဆီကိုနိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း သေဆုံးခဲ့ပါတယ်။
•   ပထမဆုံး ကာလဝမ်းရောဂါ (First Cholera) ။  ။ အဲဒီ ကပ်ရောဂါကြောင့် ၁၈၁၆ နဲ့ ၁၈၂၆ ခုနှစ်အတွင်း အာရှနဲ့ ဥရောပဒေသရှိ လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပါတယ်။
•   Encephalitis lethargica ။ ။ ၁၉၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ကာ ကမ္ဘာတဝန်းက လူပေါင်း ၁.၅ သန်းကို သေဆုံးစေခဲ့ပါတယ်။
•   ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ။  ။ ၁၉၆၀ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့ကာ အခုအချိန်ထိ လူပေါင်း ၃၂ သန်း သေဆုံးခဲ့ပါတယ်။
•   ရာသီတုပ်ကွေး (Seasonal Flu) ။  ။ ၂၀ဝ၉ ခုနှစ်မှာ ကမ္ဘာတဝန်းရှိ လူပေါင်း ၂၀၃,၀ဝ၀ ကို သေစေခဲ့ပါတယ်။
•   အီဘိုလာ (Ebola) ။  ။ ၂၀၁၃ နဲ့ ၂၀၁၆ ခုနစ်ကြားတွင် ဖြစ်ပွားခဲ့ပြီး အာဖရိကရှိ လူပေါင်း ၁၁,၃၀ဝ ကို သေဆုံးစေခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ ရောဂါတစ်ခုကို ကပ်ရောဂါအဖြစ် ကြေညာလိုက်ခြင်းဟာ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ကြိုတင်သတိပေးခြင်းနဲ့ ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ဖို့ အရင်းအမြစ်တွေ သုံးစွဲခြင်းတွေအတွက် အသုံးဝင်တဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ကြေညာဖို့အတွက် လူတွေကြားမှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ မဖြစ်ပေါ်စေရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် အဲဒီလိုကြေညာလိုက်ခြင်းဟာ ရောဂါကာကွယ်တားဆီးရေးကို အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။

အစိုးရတွေအနေနဲ့ ဘယ်လို တုန့်ပြန်သင့်သလဲ

ကမ္ဘာတစ်ဝန်းက အစိုးရတွေအနေနဲ့ ဗိုင်းရပ်စ်သစ်ရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်တဲ့နေရာမှာ အဓိကအားဖြင့် နည်းလမ်း (၂) လမ်းကို သုံးနေကြပါတယ်။ ပထမနည်းလမ်းက အသွားအလာ ကန့်သတ်တာ၊ အဝင်အထွက် ပိတ်ပင်တာနဲ့ လူမှုရေးအရ သီးသန့်နေစေတာ တွေလို မူဝါဒတွေကို သုံးပြီး ကူးစက်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ ဒုတိယနည်းလမ်းကတော့ ရောဂါရဲ့ သက်ရောက်မှုတွေကို လျှော့ချဖို့ အထောက်အပံ့တွေ ပေးကမ်းတာ ဖြစ်ပါတယ်။ ဒါဟာ ကျန်းမာရေးဝန်ဆောင်မှုလို အဓိကကျတာတွေအပေါ် တိုက်ရိုက်သက်ရောက်မှုနဲ့ စီးပွားရေးအပေါ် ရိုက်ခတ်တဲ့ သွယ်ဝိုက်သက်ရောက်မှုတွေကို ဖြေရှင်းပေးဖို့ ဖြစ်ပါတယ်။

၁။ ကူးစက်ရောဂါ ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်ခြင်း

ရောဂါသစ်တွေအတွက် ကာကွယ်ဆေး ဖော်ထုတ်ဖို့ အချိန်ဟာ ပုံမှန်အားဖြင့် ကြာမြင့်လေ့ရှိပြီး ကိုဗစ်-၁၉ လို ဗိုင်းရပ်စ်မျိုးအတွက် အနည်းဆုံး ၁၈ လ ခန့် ကြာမြင့်နိုင်ပါတယ်။ ဒီလိုအချိန်မှာ အစိုးရတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကူးစက်နှုန်းကို အရှိန်လျှော့ချဖို့၊ ထိခိုက်အလွယ်ဆုံးသူတွေကို ကာကွယ်ဖို့နဲ့ လူနာတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြင်ဆင်ဖို့တွေအတွက် နည်းလမ်းတွေကို အကောင်အထည်ဖော်နေကြပါတယ်။

အင်တာနက်ပေါ်မှာ တွေ့ရတဲ့ အချက်အလက်အခြေပြု နဲ့ သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုတွေဟာ မျဉ်းကွေးကို တန်းသွားအောင် (flattening the curve) လုပ်ဖို့ အရေးကြီးတယ်ဆိုတာကို ညွှန်းဆိုကြပါတယ်။ ကိုဗစ်-၁၉ လို ကပ်ရောဂါမျိုးဟာ လူတွေကြားထဲ ကူးစက်သွားမှာကို တားဆီးဖို့ မဖြစ်နိုင်တဲ့အတွက် ကူးစက်နှုန်းကို လျှော့ချနိုင်မယ်၊ ထိခိုက်အလွယ်ဆုံးသူတွေကို ကာကွယ်မှု ပိုပေးမယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အနေနဲ့ လူနာများပြားလွန်းတဲ့ မနိုင်ဝန်ထမ်းရတဲ့ အဖြစ်မျိုးကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

Source: Wikimedia

အဆုံးမှာတော့ တူညီတဲ့ အရေအတွက်တစ်ခုရှိတဲ့ လူတွေ ကူးစက်ခံရမယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ စုပြုံပြီး ကူးစက်ခံရတာမျိုး မဟုတ်ဘဲ ရှည်ကြာတဲ့ အချိန်ကာလတစ်ခုမှာ ဖြစ်ပေါ်မယ်။ ဒါဆိုရင် ဆေးရုံကုတင်တွေနဲ့ အသက်ရှုစက်တွေဟာ ပြင်းထန်စွာ ခံစားနေရတဲ့၊ သေလုမျောပါး ဖြစ်နေရတဲ့ လူနာတွေကို ပေးအပ်လာနိုင်ပြီး သေဆုံးမှုကလည်း ပိုနည်းပါးလာမယ်။ အချိန်ကြာလာတော့ လူအများစုက ရောဂါခံနိုင်ရည်အား မြင့်တက်လာမယ်။ ဒီသီအိုရီ (Herd Immunity) ကို အချို့က မေးခွန်းထုတ်နေပေမယ့်လည်း အခုအချိန်မှာ တစ်ကမ္ဘာလုံး သဘောတူညီထားတဲ့ အချက်တစ်ခုကတော့ အစိုးရတွေဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို စောစီးစွာ ဆောင်ရွက်ထားဖို့ပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သွားလာမှုတွေကို ကန့်သတ်တားမြစ်ဖို့အတွက် အတည်ပြု ရောဂါရှင် များပြားလာတာကို စောင့်ဆိုင်းမနေဘဲ ကန့်သတ်မိန့်တွေ ထုတ်ပြန်ရမှာလို ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး အဆိုးသတင်းတွေကြားထဲက ထိုင်ဝမ်နိုင်ငံ ဆောင်ရွက်ခဲ့တဲ့ ဥပမာက ဒီနည်းဗျူဟာရဲ့ အလုပ်ဖြစ်နိုင်မှုကို ညွှန်ပြနေပါတယ်။

အဲဒီလိုနည်းဗျူဟာတွေမှာ အသွားအလာကန့်သတ်တာ၊ ခရီးသွားလာမှု တားမြစ်တာ၊ ကျောင်း၊ ဆိုင်နဲ့ အခြား အရေးမကြီးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိတ်ပစ်တာ၊ ပွဲလမ်းသဘင်တွေ နဲ့ အများပြည်သူ စုဝေးမှုတွေကို ဖျက်သိမ်းတာတွေ ပါဝင်ပါတယ်။

၂။ သက်ရောက်မှုကို လျှော့ချဖို့ အထောက်အပံ့

အပေါ်မှာ ဖော်ပြထားသလိုပဲ ရောဂါရဲ့ သက်ရောက်မှုကို လျှော့ချဖို့ နည်းလမ်းတွေကို ကမ္ဘာတစ်ဝန်း လုပ်ဆောင်နေရာမှာ အများအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ နဲ့ စီးပွားရေးအရ ကျားကန်ပေးထားမှု နှစ်ခုလုံး ပါဝင်လေ့ ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာဆိုရင် တစ်ကိုယ်ရည်သုံး ကာကွယ်ရေးပစ္စည်း (PPE) လို ကိရိယာ၊ ပစ္စည်းပစ္စယတွေအတွက် ရန်ပုံငွေ တိုးမြှင့်ခြင်း ပါဝင်ပါတယ်။ နောက်ပြီး ထိခိုက်လွယ်သူတွေကို ကာကွယ်ဖို့ နဲ့ ‌ရောဂါစမ်းသပ်ခြင်းကို ပြုလုပ်ဖို့အတွက် အစိုးရက တည်ဆဲဥပဒေကို အသုံးပြုပြီး အရေးပေါ်အာဏာကို အသုံးပြုခြင်းလည်း ပါပါတယ်။

စီးပွားရေးအရ ကျားကန်ပေးတာကတော့ ပုံစံအမျိုးမျိုး ရှိပြီး ဘဏ္ဍာရေးဆိုင်ရာ ဖြေရှင်းနည်းတွေ ပါဝင်ပါတယ်။ သာဓကပြရရင် ပုဂ္ဂိုလ်တစ်ဦးချင်းတွေအတွက် အလုပ်လက်မဲ့အထောက်အပံ့တွေ တိုးမြှင့်တာတွေ၊ ကုမ္ပဏီတွေအတွက် အခွန်ကင်းလွတ်ခွင့်ပေးတာတွေ ဖြစ်ပါတယ်။ ဗဟိုဘဏ်အတိုးနှုန်းလျှော့ချတာလို ငွေကြေးဆိုင်ရာ မူဝါဒကိုလည်း နိုင်ငံတော်တော်များများက အသုံးပြုကြပါတယ်။


မူဝါဒရေးဆွဲသူများအတွက် ထည့်သွင်းစဉ်းစားစရာများ

ဒီလို အရင်က မကြုံတွေ့ခဲ့ဖူးတဲ့၊ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေတဲ့ ဘေးအန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ မူဝါဒချမှတ်သူတွေအတွက် မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ဆိုတာ အလွန်အမင်း ခက်ခဲလှပါတယ်။ သွားလာမှုတွေကို အတင်းအကျပ် ထိန်းချုပ်လိုက်ခြင်းက စီးပွားရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်သလို လူမှုရေးအရ၊ နိုင်ငံရေးအရ မတည်မငြိမ်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံအများစု အထူးသဖြင့် ဥရောပနိုင်ငံတွေဟာ တုန့်ပြန်ဆောင်ရွက်မှု နှေးကွေးတာ၊ ရောဂါပျံ့နှံ့မှာထက် စီးပွားရေးအရ ထိခိုက်မှာကို ပိုပြီး စိုးရိမ်ပူပန်နေတာ တွေအတွက် ဝေဖန်ခံနေရပါတယ်။

ထိန်းချုပ်ပြီး နှောင့်နှေးထားတာမျိုး (Contain and Delay) နည်းဗျူဟာတွေကို အသုံးချဖို့ ဆိုတာ ဝင်ငွေများတဲ့ နိုင်ငံတွေအတွက် မှန်ကန်နိုင်ပေမယ့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နိုင်ငံတွေအတွက် စိုးရိမ်ရမယ့် အကြောင်းအရင်းတွေ အများကြီး ရှိပါတယ် -

  • မျဉ်းကွေးကို တန်းသွားအောင် လုပ်ခြင်းရဲ့ ရည်ရွယ်ချက်က ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းပစ္စယတွေအပေါ် သက်ရောက်မှုကို လျော့နည်းစေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် အသုံးစရိတ်ကို ကြည့်ရင် မြန်မာနိုင်ငံဟာ အလွန်ကို နည်းပါးနေပြီး စနစ်ကြီးကလည်း ဝန်ပိနေပြီးသား ဖြစ်နေပါတယ်။
  • လုံးဝနီးပါး အဝင်အထွက် ပိတ်ပင်တယ်ဆိုရာမှာ စီးပွားရေးအတွက် ခက်ခဲမှုတွေ ဖြစ်စေပေမယ့် ချမ်းသာတဲ့ နိုင်ငံတွေမှာဆိုရင် လူမှုလုံခြုံမှုကွန်ယက် တစ်မျိုးမျိုး ရှိနေတတ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ အဲဒီလို အစီအမံတွေ မရှိတာကြောင့် ပိုတိုးပြီး ဆင်းရဲမွဲတေသွားနိုင်သလို ငတ်မွတ်ခေါင်းပါးခြင်းအထိပါ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ကျန်းမာရေးလုပ်သားတွေအနေနဲ့ လူအသေအပျောက်များနေသေးတဲ့ အခြားရောဂါတွေ (ဥပမာ - တီဘီရောဂါ နဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ကို ကုသဖို့ မဖြစ်နိုင်တော့သလို အဝင်အထွက်ပိတ်ပင်တာကို အကောင်အထည်ဖော်ရတဲ့ အာဏာပိုင်တွေအတွက် အာဏာအလွဲသုံးစားလုပ်ဖို့အတွက် ခွင့်ပြုပေးလိုက်သလို ဖြစ်နေပါမယ်။
  • သေဆုံးမှုနှုန်းတွေကို ကြည့်ရင် သက်ကြီးလူဦးရေများတဲ့ နိုင်ငံတွေမှာပဲ ပိုမြင့်မားပါတယ် (အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေအတွက် အန္တရာယ်ပိုရှိတယ်) ။ ဒါပေမယ့် မြန်မာနိုင်ငံဟာ အတော် ငယ်ရွယ်တဲ့ လူဦးရေကို ပိုင်ဆိုင်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ အားနည်းချက်ကြောင့်သာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေက လူတွေကို သက်တမ်းစေ့ မနေနိုင်စေတာ ဖြစ်ပါတယ်။

မှန်ကန်တဲ့ နည်းဗျူဟာ ရွေးချယ်တာက အလွန်တရာ ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အပေးအယူ လုပ်ရမှာက ရောဂါက ယူဆောင်လာမယ့် ဖျားနာမှု၊ သေဆုံးမှု နဲ့ တင်းကျပ်တဲ့ အဝင်အထွက်ပိတ်ပင်တာ ရဲ့ အကျိုးဆက်ဖြစ်တဲ့ စီးပွားရေးအရ ခက်ခဲမှု အကြား ဖြစ်ပါတယ်။ ဒီစာစုက ဘယ်လမ်းကြောင်းကို ရွေးချယ်ပါဆိုတဲ့ အကြံပေးဖို့ မဟုတ်ပေမယ့် ဘယ်လမ်းကြောင်းကိုပဲ ရွေးရွေး မလွဲမသွေ စွဲကိုင်ထားရမယ့် အခြေခံစည်းမျဉ်းတွေကို အကြံပေးဖို့ပဲ ဖြစ်ပါတယ် -

  • ဆောင်ရွက်တော့မယ်ဆိုရင် မြန်မြန်ဆောင်ရွက်လိုက်ပါ - ရောဂါထိန်းချုပ်မှု (Containment) နည်းလမ်းက အလုပ်ဖြစ်မယ်ဆိုရင် အလျင်အမြန် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ရောဂါကူးစက်ခံရသူ အရေအတွက် မများခင်မှာတော့ အဲဒီလို တားမြစ်ချက်ကို ထုတ်ပြန်တာက မှားနိုင်တယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်နေသလို ရောဂါစမ်းသပ်မှုတွေကို အနည်းအကျဉ်းသာ လုပ်နိုင်နေချိန်မှာ ယူဆထားရမှာက ဗိုင်းရပ်စ်က နိုင်ငံမှာ ရောက်နေပြီ၊ ပျံ့လည်း ပျံ့နှံ့နေပြီ၊ ဒါကြောင့် လိုက်လျောညီထွေစွာ ဆောင်ရွက်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။
  • သိပ္ပံနည်းကျမှုတွေကိုသာ လက်ခံပါ - ဒီလိုချိန်မှာ အရေးကြီးတာက နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ သိပ္ပံနည်းကျတဲ့ အသိတွေကိုသာ ရယူဖို့ ဖြစ်ပါတယ်။ မူဝါဒချမှတ်သူတွေဟာ ဆုံးဖြတ်ချက်ချဖို့ အကောင်းဆုံးသော အချက်အလက်တွေကို တောင်းဆိုရပါမယ်။ ‌ရောဂါဘယ်လို ပျံ့နှံ့ပါတယ်ဆိုတဲ့ လူထုကြားက ယူဆချက်တွေ၊ ဒါမှမဟုတ် ဒဏ္ဍာရီ/ဘာသာရေးဆန်ဆန် အယူအဆတွေကို အထောက်အထားတွေနဲ့ အခိုင်အမာ သက်သေမပြနိုင်ရင် ငြင်းဆန်ရပါမယ်။
  • ပြည်သူကို အမှန်ပဲ ပြောပါ - အရေးကြုံနေတဲ့အချိန်မှာ အစိုးရတွေက ပြည်သူလူထုကို အမှန်ပဲ ပြောဖို့ ပိုလို့တောင် တာဝန်ရှိပါတယ်။ နိုင်ငံရေးသမားဟာ ခေါင်းဆောင်မှုကို ပြသရမယ်လို့ ဆိုရာမှာ သာမန်ပြည်သူတွေ နားမလည်မှာ၊ ရှုပ်ထွေးမှာကို စိုးရွံ့ပြီး သတင်းကို ထိန်းချုပ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဘယ်လို နည်းလမ်းတွေကို လုပ်ဆောင်နေတယ်၊ ဘာကြောင့် လုပ်တယ် ဆိုတာကို ရိုးရိုးသားသား ရှင်းပြဖို့ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။
  • စောင့်ကြည့်ခြင်း နဲ့ ပူးပေါင်းခြင်းသာ၊ စောင့်ကြပ်ဖို့ နဲ့ ခြောက်လှန့်ဖို့ မဟုတ် - ရောဂါစစ်ဆေးမှုတွေကို အနည်းအကျဉ်းပဲ လုပ်ဆောင်နိုင်သေးတဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေမှာ အောက်ခြေအဆင့်မှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို သိချင်ရင် အစိုးရဟာ ဖျားနာမှု၊ ဆေးရုံတက်ရောက်မှုနဲ့ အခြားအချက်အလက်တွေလို လူမှုအသိုင်းအဝိုင်းက သတင်းတွေကို အားကိုးရပါမယ်။ လူမှုအသိုင်းအဝိုင်းကိုလည်း အဲဒီလို အားထုတ်မှုအတွက် အားပေးသင့်ပါတယ်။ ဒါပေမယ့် ဒါဟာ အိမ်နီးနားချင်းတွေကို ‌ထောက်လှမ်းဖို့နဲ့ ပြည်သူတွေ ထိတ်လန့်စေနိုင်တဲ့ သတင်းတွေ မဖြန့်ဝေရန် ခြိမ်းခြောက်ဖို့ အတွက် မဖြစ်သင့်ပါဘူး။ ဒီအချိန်မှာ လူမှုအသိုင်းအဝိုင်းဟာ တစ်ဦးကို တစ်ဦး စောင့်ရှောက်ရမှာ ဖြစ်ပြီး တစ်ဦးတစ်ယောက်ရဲ့ ခရီးသွားမှတ်တမ်း ဒါမှမဟုတ် နိုင်ငံသားခံယူမှုအပေါ် အခြေခံပြီး သံသယရှိနေရမှာ မဟုတ်ပါဘူး။
  • လက်ဝယ်ရှိ အရင်းအမြစ်တွေကို လွှဲပြောင်းသုံးစွဲခြင်း - အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံ ဖြစ်ပေမယ့် နိုင်ငံရဲ့ ကြွယ်ဝမှုကို အလွန်သေးငယ်လှတဲ့ လူတစ်စုကပဲ ပိုင်ဆိုင်ထားပါတယ်။ အစိုးရဘဏ္ဍာပြင်ပက အဖွဲ့အစည်းတွေဆိုရင် ဘဏ်မှာ ရန်ပုံငွေတွေကို အပ်နှံထားပါတယ်။ အဆိုပါ ရန်ပုံငွေတွေကို ကျန်းမာရေးစနစ်ကို ထောက်ပံ့ဖို့ နဲ့ ကပ်ရောဂါကြောင့် စီးပွားရေးသက်ရောက်မှုတွေကို လျော့ပါးစေဖို့ လွှဲပြောင်းသုံးစွဲနိုင်ပါတယ်။ ဥပမာပြောရရင် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအချို့မှာ ရှိနေတဲ့ ဘဏ်စာရင်းရှိ ငွေတွေကို အလုပ်လက်မဲ့သူတွေကို ထောက်ပံ့ဖို့ သုံးစွဲနိုင်ပါတယ်။
  • ရှိပြီးသား အဖွဲ့အစည်းကိုပဲ သုံးပါ - မြန်မာနိုင်ငံမှာ မြင်နေကျ ပုံစံအတိုင်းပဲ မူဝါဒတွေကို ချမှတ်ရာမှာ မပြီးဆုံးနိုင်တော့တဲ့ ကော်မတီများစွာကို ဖန်တီးတာနဲ့ပဲ အချိန်ကုန်နေပါတယ်။ လက်ရှိကာလက မြန်ဆန်တဲ့ လုပ်ဆောင်မှုကို လိုအပ်တာကြောင့် ကော်မတီတွေကို ဖွဲ့စည်းတာ၊ အစည်းအဝေးကို ဘယ်သူက ဦးဆောင်မှာ၊ ဘယ်အဖွဲ့အစည်းတွေက ဘာကိစ္စတွေကို ကိုယ်စားပြုမှာ အစရှိသဖြင့် မဆုံးနိုင်တာတွေနဲ့ အချိန်ကို အလဟဿ မကုန်စေသင့်ပါဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ အစိုးရရဲ့ အားထုတ်မှုတွေကို ဦးဆောင်ဖို့ ကော်မတီတွေ နဲ့ ဌာနတွေကို ဖွဲ့စည်းပြီးသားမို့ ဥပဒေပြုရေးမဏ္ဍိုင်ကို ဖိတ်ခေါ်ပြီးကြီးကြပ်တာနဲ့ အကြံပေးဖို့ လုပ်ဆောင်သင့်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေမှာ ရှိတဲ့ သတင်းနဲ့ ကျွမ်းကျင်မှုတွေကို ယူသုံးဖို့လည်း လူမှုမီဒီယာနဲ့ တခြားသော လမ်းကြောင်းတွေကနေ တဆင့် အားလုံးပါဝင်ပြီး ပွင့်လင်းတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း ပြုလုပ်သင့်ပါတယ်။

လွှတ်တော်ရဲ့ အခန်းကဏ္ဍ

ဒီလိုကာလတွေမှာ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍဟာ အလွန်တရာမှ အရေးကြီးပါတယ်။ ဒါဟာ ဘာကြောင့်ဆိုရင် -

၁။ ကိုယ်စားပြုသူ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ မဲဆန္ဒနယ်က သတင်းတွေကို စုဆောင်းရာမှာ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ ကိုယ်စားလှယ်တွေဟာ ပြည်သူ့ဝန်ဆောင်မှုအတွက် ပေါင်းစပ်ညှိနှိုင်းပေးသူ၊ ပြီးတော့ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်အနေနဲ့ မဲဆန္ဒနယ်အသီးသီးမှာ တည်ရှိနေတာကြောင့် ဖြစ်ပါတယ်။

၂။ အုပ်ချုပ်ရေးမဏ္ဍိုင်ကို စောင့်ကြည့်သူ အနေနဲ့ ကိုယ်စားလှယ်တွေဟာ အစိုးရကနေ ပုံမှန်လုပ်ငန်းစဉ်တွေကို ချိုးဖောက်ပြီး အရေးပေါ်လုပ်ဆောင်မှုတွေကို အကောင်အထည်ဖော်ဖို့ ဒါမှမဟုတ် ဥပဒေသစ်တွေကို မြန်မြန်ပြုဖို့ လုပ်ဆောင်ရာမှာ နိုးနိုးကြားကြား ရှိနေရပါမယ်။ ဒီလိုကာလတွေမှာ မူဝါဒတွေကို မြန်မြန် ချမှတ်ဖို့ဆိုတာ မှန်ကန်တဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုကာလကို အသုံးချပြီး အခွင့်အရေး မယူသွားဖို့ကို ကိုယ်စားလှယ်တွေက စောင့်ကြည့်ရမှာ ဖြစ်ပြီး လူထုရဲ့ အခွင့်အရေးတွေကို မရုပ်သိမ်းဖို့၊ ပြီးတော့ ဘယ်လို လုပ်ဆောင်မှုမျိုးမဆို အချိန်ကန့်သတ်ပြီး ကာလတစ်ခုပြီးရင် အဆုံးသတ်ရမယ်ဆိုတာကို သေချာအောင် ပြုရပါမယ်။

၃။ ဥပဒေပြုသူ အနေနဲ့ ကိုယ်စားလှယ်တွေဟာ ဥပဒေတစ်ခုပြုရမှာ မိမိတို့သိရှိထားတဲ့ လူမှုအသိုင်းအဝိုင်း အခြေအနေအားလုံးကို ထုတ်ဖော်ဖို့ အရေးကြီးပါတယ်။ တကယ်လို့သာ ထိခိုက်လွယ်သူတွေနဲ့ အဖယ်ကျဉ်ခံတွေအပေါ် မူဝါဒတွေက ဘယ်လို သက်ရောက်တယ်ဆိုတာကို ကိုယ်စားလှယ်မှ မစဉ်းစားမိရင် တခြားသူတွေလည်း စဉ်းစားမိဖို့ မလွယ်ပါဘူး။

မြန်မာနိုင်ငံလွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များအတွက် ထည့်သွင်းစဉ်းစားဆင်ရန် အချက်များ

အခုအချိန်ဟာ လွှတ်တော် ခဏရပ်နားထားပြီး သင်္ကြန်ကာလပြီးမှသာ ပြန်လည်စတင်မှာ ဖြစ်ပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ပြင်ပမှာလည်း အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ လိုပါတယ်။ ParlAmericas Group က ပြင်ဆင်ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အောက်ပါ အချက်အလက် ၁၀ ချက်ကို အကြံပြု တင်ပြလိုပါတယ်။

ရပ်ရွာများ၏ ကိုယ်စားလှယ်များအဖြစ် လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်နိုင်သည်များ

၁။ ထိခိုက်မှု အခံရနိုင်ဆုံးသော ပြည်သူတွေကို ကိုယ်စားပြုပါ။

လွှတ်တော်ကိုယ်စားလှယ်တွေဟာ မူဝါချမှတ်တဲ့နေရာမှာ ဘေးဖယ်ခံထားရတဲ့ ထိခိုက်လွယ်သော လူအုပ်စုတွေရဲ့ အသံတွေကို မူဝါဒချမှတ်တဲ့နေရာတွေဆီ သယ်ဆောင်သွားတဲ့နေရာမှာ အရေးကြီးဆုံးသူတွေ ဖြစ်ပါတယ်။ အခုလို အကျပ်အတည်း ကာလတွေမှာ အဲဒီတာဝန်ကို မဖြစ်မနေ ဆောင်ရွက်ရမှာလည်း ဖြစ်ပြီး ဒီရောဂါက အချို့သော လူအုပ်စုတွေအပေါ် ပြင်းထန်သော အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတာကို သတိပြုမိဖို့ လိုပါတယ်။ ဒီလို သက်ရောက်မှု ရှိလာနိုင်တာကိုလည်း လွှတ်တော်နဲ့ အစိုးရ အဆင့်တိုင်းမှာ သတိပေးဖို့ လိုအပ်ပါတယ်။ ဒီလို ထိခိုက်မှု အခံရနိုင်ဆုံးသော ပြည်သူတွေထဲမှာ အောက်ဖော်ပြပါ လူအုပ်စုတွေ ပါဝင်ပါတယ်။

  • အမျိုးသမီးများ။ ။ ဥပမာအားဖြင့် အခုလို ရောဂါကပ်ဘေး အခြေအနေမှာ ရှေ့တန်းထွက် လုပ်ကိုင်ရတဲ့ ကျန်းမာရေး ဝန်ထမ်းအများစုဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် လူတစ်ဦးနဲ့ တစ်ဦး ထိတွေ့မှု နည်းစေဖို့ အိမ်တွေမှာ ယာယီ နေထိုင်ရတဲ့အခါ အိမ်တွင်းအကြမ်းဖက်မှုတွေကို အမျိုးသမီးတွေက ခံရနိုင်ခြေ များပါတယ်။
  • လူများစု မဟုတ်သော လူမျိုးများ၊ တိုင်းရင်းသားများ။ ။ ဥပမာအားဖြင့် တိုင်းရင်းသား အုပ်စု အများစုဟာ ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးတဲ့/ မရှိတဲ့ အရပ်ဒေသတွေမှာ နေထိုင်ကြပါတယ်။ ဒါ့အပြင် လက်ရှိတည်ရှိပြီး ခွဲခြားဆက်ဆံမှုတွေနဲ့ အသိပညာနည်းပါးမှုတွေကြောင့် တစ်စုံတစ်ယောက်ကို အပြစ်တင်လိုသောသူတွေအတွက် ပစ်မှတ် ဖြစ်လာနိုင်ပါတယ်။
  • ဆင်းရဲမွဲတေမှုမျဉ်းကြောင်းနား သို့မဟုတ် အောက်တွင် နေထိုင်နေသော ပြည်သူများ။ ။ ဥပမာအားဖြင့် အဆင်းရဲဆုံး ပြည်သူတွေမှာ လက်ဆေးခြင်းတို့ကဲ့သို့သော ကာကွယ်ပေးနိုင်တဲ့ သတင်းအချက်အလက်တွေ မရရှိတာ၊ သူတို့ဟာ လူဦးရေ ထူထပ်တဲ့ ပျံကျကျူးကျော်ရပ်ကွက် သို့မဟုတ် ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြရတာ ဖြစ်ပြီး အဲဒီနေရာတွေဟာ ရောဂါ အလွယ်တကူ ပျံ့နှံ့နိုင်ပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ မိလ္လာစနစ်တွေလည်း ရရှိနိုင်ကြမှာ မဟုတ်ပါဘူး။ အချို့သော အလုပ်သမား လူတန်းစားတွေမှာ ရောဂါကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ စီးပွားရေး ရိုက်ခတ်မှုတွေကြောင့် အလုပ်အကိုင်တွေ ဆုံးရှုံးရပြီး ဆင်းရဲတွင်းထဲကို သက်ဆင်းရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
  • မသန်စွမ်းဖြစ်ခြင်း သို့မဟုတ် စာမတတ်သော ပြည်သူများ
၂။ ရပ်ရွာအသိုင်းအဝန်းရဲ့ ခေါင်းဆောင်တွေအဖြစ် ဆောင်ရွက်ပါ။

လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေကို ကိုယ်စားပြုနိုင်ဖို့အတွက် မဲပေး ရွေးချယ်ခံခဲ့ရတဲ့သူတွေဖြစ်လို့ ရပ်ရွာအသိုင်းအဝန်းရဲ့ ခေါင်းဆောင်တွေအဖြစ် အသိအမှတ် ပြုခံရတယ်လို့ မှတ်ယူနိုင်ပါတယ်။ အခုလို အကျပ်အတည်း ကာလတွေမှာ အဲဒီအသိအမှတ်ပြုခံရခြင်းနဲ့ မိမိတို့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေကို အသုံးချပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့အတွက် ရပ်ရွာခေါင်းဆောင်တွေ၊ ဒေသခံ အစိုးရဌာနတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အခြားသော အဖွဲ့အစည်းတွေကို စုစည်းနိုင်ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အခြေအနေတိုင်းမှာ အင်တာနက်ကတဆင့် (လူအချင်းချင်း အပြင်မှာ တွေ့ဆုံစရာ မလိုဘဲ) အစည်းအဝေးတွေကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

၃။ ပြည်သူလူထုကို သတင်းပေးပါ။

အဲဒီလို ယုံကြည်ခံထားရတဲ့ ခေါင်းဆောင်မှုနေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ မဲဆန္ဒနယ်က ပြည်သူတွေကို ဖြစ်ပေါ်နေတဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ တိကျမှန်ကန်ပြီး အချိန်နဲ့ တပြေးညီဖြစ်တဲ့ သတင်းအချက်အလက်တွေကို ပေးအပ်ရမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ညွှန်ကြားချက်တွေကို လိုက်နာနိုင်ရန်အတွက်လည်း အကူအညီပေးရမှာ ဖြစ်ပါတယ်။ ဒီတာဝန်ကို ယူတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ ဝေမျှပေးလိုက်တဲ့ အချက်အလက်တွေဟာ မှန်ကန်မှု ရှိ-မရှိ စစ်ဆေးပြီး မှားယွင်းတဲ့ သတင်းအတုတွေ၊ တချို့သော လူအုပ်စုတွေကို ထိခိုက်စေနိုင်တဲ့ သတင်းတွေကို မျှဝေမိခြင်းမျိုးတွေကို သတိကြီးစွာထားပြီး ရှောင်ရှားရမှာ ဖြစ်ပါတယ်။

အစိုးရရဲ့ ဆောင်ရွက်ချက်များကို စောင့်ကြည့်ခြင်း

လွှတ်တော်မတက်ရတဲ့ အချိန်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မဲဆန္ဒနယ်က ပြည်သူတွေကိုယ်စား အစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်ချက်တွေကို စောင့်ကြပ်ကြည့်ရှုဖို့ လိုအပ်ပါတယ်။ ဒီရောဂါကပ်ဘေးကို တုန့်ပြန်ဆောင်ရွက်နေတဲ့ အစိုးရဌာနတိုင်းကို မေးခွန်းတွေ မေးရန်လည်း လိုအပ်ပါတယ်။ ဒီလိုမေးရာမှာ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့အစည်းတွေကို တိုက်ရိုက်မေးလို့ရသလို လွှတ်တော်တွင်း ကြားနာမှုတွေက တဆင့်လည်း မေးမြန်းနိုင်ပါတယ်။

၄။ အစိုးရရဲ့ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ တုန့်ပြန်မှုတွေအကြောင်းကို မေးမြန်းပါ။

အောက်ဖော်ပြပါ မေးခွန်းတွေကို မေးဖို့ သင့်ပါတယ်။

  • အစိုးရဟာ လိုအပ်တဲ့ ဆေးဝါးများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ (စမ်းသပ်စစ်ဆေးရန်အတွက် လိုအပ်တဲ့ ကိရိယာများ အပါအဝင်)။
  • ကျန်းမာရေးဝန်ထမ်းတွေကို အစိုးရက ဘယ်လို အကာအကွယ်ပေးထားသလဲ။
  • အစိုးရ အဆင့်တိုင်းမှာ ကျန်းမာရေးအာဏာပိုင်များက ဘယ်လို ချိတ်ဆက် ဆောင်ရွက်နေကြသလဲ။
  • COVID-19 ရဲ့ လူမှုအသိုင်းအဝန်းအတွင်း ဘယ်လို ကူးစက်ပျံ့ပွားနေသလဲ ဆိုတဲ့ အချက်ကို ဘယ်လို ကောက်ခံနေပါသလဲ။ ကောက်ခံရရှိတဲ့ အချက်အလက်ကို ဘယ်လို ထုတ်ပြန်ပါသလဲ။ ကွဲပြားခြားနားတဲ့ သက်ရောက်မှုများ၊ ကူးစက်ပျံ့နှံ့နှုန်း အစရှိသဖြင့်…။
  • ကျန်းမာရေးစနစ်ပေါ် ကျရောက်လာနေတဲ့ ဝန်ထုပ်ဝန်ပိုးကို ဘယ်လို စောင့်ကြည့်ပြီး ဖြေရှင်းဖို့ ကြိုးစားနေသလဲ။
  • ရောဂါ ကာကွယ်တားဆီးရေးနဲ့ ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကိုသာ မျှဝေခြင်းဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို မမျှဝေမိဖို့ အစိုးရက ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ပေးသလဲ။
  • ထိခိုက်လွယ်အုပ်စုဝင် ပြည်သူတွေအနေနဲ့ ကာကွယ်တားဆီးရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ရရှိစေဖို့နဲ့ လိုအပ်လာရင် အထူးဝန်ဆောင်မှုတွေ ရရှိစေဖို့ အစိုးရက ဘယ်လို စီစဉ်ဆောင်ရွက်ထားသလဲ။
၅။ အရေးပေါ်အခြေအနေ တုန့်ပြန်မှု အစီအစဉ်တွေကို မေးမြန်းပါ။

အောက်ဖော်ပြပါ မေးခွန်းတွေကို မေးမြန်းသင့်ပါတယ်။

  • အစိုးရက ဆေးရုံတွေနဲ့ ကျန်းမာရေးကဏ္ဍကို ဘယ်လို ထောက်ပံ့ငွေများ တိုးမြှင့်ပေးဖို့ စီစဉ်ထားသလဲ။ အာမခံ ရှိသည်ဖြစ်စေ မရှိသည် - ဖြစ်စေ၊ နိုင်ငံသား ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ COVID-19 ရောဂါ ရှာဖွေ စမ်းသပ်ခြင်းနှင့် ကုသခြင်းတွေကို အခမဲ့ ဆောင်ရွက်ပေးနိုင်ဖို့ ဘယ်လို စီစဉ်ထားရှိသလဲ။
  • အစိုးရက ထိခိုက်လွယ်တဲ့ ဆင်းရဲသားပြည်သူတွေ အလုပ်အကိုင် ဆုံးရှုံးခြင်းကနေ ဘယ်လို ကာကွယ်ပေးမှာပါလဲ။ ဥပမာ လစာကို အစိုးရက ထောက်ပံ့ပေးခြင်း၊ လစာ အစားထိုးပေးခြင်းနဲ့ အလုပ်ထုတ်ခံရခြင်းတို့ကနေ ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။
  • အစိုးရအနေနဲ့ ငွေပေးချေမှုတွေကို ဆိုင်းငံ့ပေးတာ၊ ချေးငွေတွေ၊ အိမ်ငှားခတွေနဲ့ လျှပ်စစ်မီတာခ ပေးဆောင်ရခြင်းတွေကို ယာယီဆိုင်းငံ့ပေးမျိုး ခွင့်ပြုထားပြီး ဖြစ်ပါသလား။
  • အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အစိုးရက ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါသလား။ - စီးပွားရေး လုပ်ငန်းတွေကို အကာအကွယ်ပေးတဲ့နေရာမှာ အဲဒီထောက်ပံ့မှုတွေ ရရှိနိုင်ဖို့အတွက် လိုအပ်ပြီး အများက လက်သင့်ခံနိုင်ဖွယ်ရှိသည့် အချက်တွေကို တင်ပြခဲ့ပါသလား။
  • အရင်က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ အများအားဖြင့် အမျိုးသမီးတွေကသာ ပြုလုပ်ခဲ့ရပြီး အခု ရောဂါကပ်ဘေး ကျရောက်ချိန်မှာ တိုးမြင့်လာတဲ့ ပြုစုစောင့်ရှောက်ရေး လုပ်သားတွေအတွက် (ယခင်က လစာဖြင့် လုပ်ကိုင်နေသော ဝန်ထမ်းများ အပါအဝင်) ထည့်သွင်းစဉ်းစားပြီး ဖြစ်ပါသလား။
  • သင့်ရဲ့ မဲဆန္ဒနယ်အတွင်းက အောက်ဖော်ပြပါ ထိခိုက်လွယ်တဲ့ အသိုင်းအဝန်းတွေကို ဘယ်လို ထောက်ပံ့မှုတွေ ပေးနေပါသလဲ။
    • ကျပန်း အလုပ်သမားများ
    • အိမ်ခြေမဲ့များသို့မဟုတ် အိမ်ခြေမဲ့ ဘဝသို့ ရောက်သွားနိုင်သည့် အန္တရာယ်ရှိနေသူများ
    • ပြည်တွင်း ရွှေ့ပြောင်းနေထိုင်နေရတဲ့ စစ်ဘေးဒုက္ခသည်များ
    • မိဘတစ်ဦးတည်းရှိသော မိသားစုများ
    • မသန်စွမ်းသူတွေနဲ့ အတူ နေထိုင်နေရသော ပြည်သူများ
    • ဘေးဖယ်ခံထားရသော တိုင်းရင်းသား အုပ်စုများ
    • အခြားသူများနဲ့ ထိတွေ့ဆက်ဆံမှု မရှိဘဲ သီးခြားနေထိုင်စဉ် ဖြစ်ပေါ်လာနိုင်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အန္တရာယ်ကြားက အမျိုးသမီးများနဲ့ ကလေးများ
    • လူမှုအသိုင်းအဝန်းအတွက် အရေးကြီးတဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နေသော အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းများ
    • ရှေ့တန်းမှာ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော ဝန်ထမ်းများ
၆။ ပြည်သူလူထုနဲ့ ဆက်သွယ်ရေးအကြောင်းအား မေးမြန်းပါ။

မေးသင့်တဲ့ မေးခွန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အစိုးရက ပြည်သူလူထုထံကို ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေ၊ ရပ်ရွာအဆင့် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တွေ ( ဥပမာ တစ်ဦးနဲ့တစ်ဦး နေရာကွာခြားပြီး နေထိုင်ခြင်းနဲ့ မကြာသေးခင်က ပြန်ရောက်လာသော ခရီးသွားများအတွက် တစ်ကိုယ်တည်း သီးခြားနေထိုင်ခြင်း)၊ အခြားသော သင့်တော်သော အစိုးရရဲ့ ဆောင်ရွက်ချက်တွေ အကောင်အထည်ဖော်ခြင်း ရှိ-မရှိ နဲ့ အစိုးရရဲ့ အရင်းအမြစ်တွေကို ရရှိနိုင်မှု အခြေအနေ စတာတွေကို အချိန်နဲ့ တပြေးညီ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးခြင်းကို ဘယ်လို ဆောင်ရွက်နေပါသလဲ။
  • လူကြိုက်များတဲ့ ခေါင်းဆောင်မှု ပုံစံ မဟုတ်ဘဲ သိပ္ပံပညာအပေါ် အခြေခံတဲ့ အချက်အလက်တွေကို ပြည်သူလူထုထံ တင်ပြပြီး ကောင်းမွန်တဲ့ ခေါင်းဆောင်မှုကို အစိုးရပုံစံကို ဖော်ပြပါသလား။ ပြည်သူလူထုနဲ့ ထိတွေ့ပြောဆိုရမယ့် ကျန်းမာရေး အရာရှိချုပ်ရာထူးကို ဖော်ထုတ်ပြီး အရည်အသွေး ပြည့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကို ခန့်အပ်ကာ ဆောင်ရွက်နိုင်ပါတယ်။ အဲဒီပုဂ္ဂိုလ်က လက်ခံထားသော ဆောင်ရွက်ချက်တွေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ပွင့်လင်းလွတ်လပ်စွာ တင်ပြ အစီအရင် ခံနိုင်ပါတယ်။
  • သတင်းအချက်အလက်မှားတွေကို ကာကွယ်တားဆီးခြင်း၊ အထူးသဖြင့် အချို့သော လူအုပ်စုတွေကို အပြစ်တင်ခြင်း၊ ဖြစ်ပေါ်နေတဲ့ ရောဂါအတွက် အသုံးမဝင်တဲ့ တိုင်းရင်းဆေးတွေကို ရောဂါကူးစက်ခံရခြင်းကနေ ကာကွယ်ပေးတဲ့ အရာတွေအဖြစ် ဖော်ပြနေတဲ့ သတင်းမှားတွေကို အစိုးရက ဘယ်လို ကာကွယ်နေပါသလဲ။
  • အစိုးရက အင်တာနက် ရရှိမှုကို အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ ဘယ်လို ထောက်ပံ့ပေးထားသလဲ။ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီးနေတဲ့အချိန်မှာ သတင်းဌာနတွေကို အကြောင်းမရှိဘဲ သတင်းရယူခွင့် ကန့်သတ်ခြင်းတွေကို ဘယ်လို ကာကွယ်တားဆီးပေးမလဲ။
၇။ အကျင့်ပျက်ခြစားမှုများ ပပျောက်ရေးအတွက် အစီအမံများအကြောင်း မေးမြန်းပါ။

မေးခွန်းတွေမှာ အောက်ဖော်ပြပါ အချက်တွေ ပါဝင်သင့်ပါတယ်။

  • အစိုးရရဲ့ ကျန်းမာရေးစနစ်ထဲ ရှိ သို့မဟုတ် ရောဂါဘေးကို တုန့်ပြန်ဆောင်ရွက်နေတဲ့ အခြားသော အစိုးရ အဖွဲ့အစည်းများ - ရန်ပုံငွေတွေအတွက် အလွဲအချော် စီမံခန့်ခွဲနိုင်မှုကို ဘယ်လို ကာကွယ်တားဆီးမှာပါလဲ။
  • ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူရာမှာ ဘယ်လိုမျိုး ပွင့်လင်းမြင်သာမှုရှိစွာ စီမံခန့်ခွဲနေပါသလဲ။
  • သတင်းထောက်တွေအတွက် ဘယ်လိုမျိုး ကာကွယ်ပေး ထောက်ပံ့မှုတွေ လုပ်ပေးထားပါသလဲ။
  • အမှားအယွင်းတွေ၊ ဈေးနှုန်းကစားခြင်းတွေနဲ့ အခြားသော မှားယွင်းတဲ့ အလေ့အထတွေကို ဖော်ထုတ်ပေးမယ့် ပြည်သူကို အကာအကွယ်ပေးတဲ့ အစီအစဉ်တွေ တည်ရှိပြီး ဖြစ်နေပါသလား။

ဥပဒေပြုရေး ပုဂ္ဂိုလ်များ အဖြစ် လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်နိုင်သည်များ

၈။ COVID နဲ့ သက်ဆိုင်တဲ့ ဥပဒေပြုခြင်းကိစ္စတွေကို စောင့်ကြပ်ကြည့်ရှုနိုင်ရန်အတွက် ပြင်ဆင်ခြင်း

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ ၁၉၉၅ ဥပဒေကို အစားထိုးမယ့် ကူးစက်ရောဂါများ ကာကွယ်တားဆီးရေး အတွက် ဥပဒေကြမ်းတစ်ခုကို ပြည်ထောင်စု လွှတ်တော် အင်တာနက် စာမျက်နှာတွင် တွေ့ရှိရပါတယ်။ သို့သော်လည်း လွှတ်တော်ဟာ အခုအချိန်မှာ အနားပေးထားတဲ့ အချိန်ဖြစ်နေပြီး သင်္ကြန်ပြီးတဲ့အထိ ပြန်လည် စတင်မှာ မဟုတ်ပါဘူး။ ဒီဥပဒေကြမ်းက ဥပဒေအဖြစ် ထွက်ပေါ်လာနိုင်ခြင်း ရှိ-မရှိ ဆိုတာလည်း မသေချာပါဘူး။

ဒါ့အပြင် အဲဒီဥပဒေအသစ်က မရှိမဖြစ် လိုအပ်ရဲ့လားဆိုတာလည်း မသေချာပါဘူး။ ဘာကြောင့်လဲဆိုရင် လက်ရှိ တည်ရှိပြီး ဥပဒေတွေနဲ့တင် အစိုးရက လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်နေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်မှာ ဒီဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ဖို့ ရှေ့ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိထားရမှာဖြစ်ပြီး သေချာ ဂရုစိုက်ဖတ်ရှုဖို့ ပြင်ဆင်ထားသင့်ပါတယ်။

ပြင်ဆင်မှု တစိတ်တပိုင်းအနေနဲ့ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ ကော်မတီ အဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို အလွတ်သဘော ဆက်သွယ်ပြီး ကော်မတီတွေနဲ့ ဆက်စပ်နိုင်တဲ့ ကဏ္ဍအလိုက် ဒီရောဂါက ဘယ်လို သက်ရောက်နေသလဲဆိုတာ စူးစမ်းလေ့လာသင့်ပါတယ်။ ဥပမာ အမျိုးသမီးရေးရာ ကော်မတီဟာ အမျိုးသမီးများအပေါ် မမျှမတစွာ ကျရောက်လာနိုင်တဲ့ သက်ရောက်မှုတွေကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။ ဒါမှမဟုတ် ကျန်းမာရေး ကော်မတီအနေနဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အကာအကွယ်ပေးနိုင်မယ့် ပညာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်တွေကို အသိပေးတာမျိုး လုပ်နိုင်ပါတယ်။ ဒီလို သတင်းအချက်အလက်ကို COVID-19 အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီထံ ပေးပို့နိုင်ပြီး သူတို့ရဲ့ လုပ်ငန်းတွေကို များစွာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

လွှတ်တော်လုပ်ငန်းစဉ်များအား ဆက်လက်ပြုလုပ်ခြင်း

၉။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတွေမှာ COVID-19 မဖြစ်ပွားစေရန် ကာကွယ်ပေးခြင်း

လွှတ်တော်အနေနဲ့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတွေကို အကာအကွယ်ပေးမှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ အခြားသော အဖွဲ့အစည်းတွေအားလုံးက လက်ခံထားတဲ့ အချက်လည်း ဖြစ်ပါတယ်။ လေးထောင့်ကွက်ထဲမှာ ပါဝင်တဲ့ စာရင်းတွေအတိုင်း လွှတ်တော်မှာ ကျင့်သုံးဖို့ စဉ်းစားသင့်ပါတယ်။ လွှတ်တော် စီမံအုပ်ချုပ်ရေးအပိုင်းက အရာရှိကြီးတွေ ပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး အဲဒီအဖွဲ့က ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် စောင့်ကြပ်ကြည့်ရှုမှုတွေကို ဆောင်ရွက်ဖို့နဲ့ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ်။ အဲဒီအဖွဲ့ဟာ ဒေသခံ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး နောက်ဆုံးရ သတင်းအချက်အလက်တွေကို လက်ခံရယူခြင်း၊ အဲဒီအချက်အလက်တွေကို အခြေခံပြီး လမ်းညွှန်မှုပေးခြင်းနဲ့ ပြဿနာ ဖြေရှင်းခြင်း၊ လိုက်လျောညီထွေ ဖြစ်စေရန် ပြောင်းလဲကျင့်သုံးခြင်းတို့ကို အကောင်အထည် ဖော်ရန် လိုအပ်ပါတယ်။

လွှတ်တော်အတွက် သင့်တော်တဲ့ နည်းလမ်းများ

**လျော့ချခြင်း**

- လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေကို မဖြစ်မနေ ကိစ္စရပ်ကလွဲရင် ပြည်တွင်းနဲ့ နိုင်ငံတကာ ခရီးသွားလာမှုတွေကို ကန့်သတ်ခြင်း
- လွှတ်တော်ကို ပြည်သူလူထု လာရောက်လည်ပတ်ခြင်းအား ယာယီ ရပ်ဆိုင်းခြင်း
- ဆေးကြောခြင်း၊ ပိုးသတ်ခြင်းတို့ကို အကြိမ်ရေ များများ ပြုလုပ်ခြင်း၊ လက်ဆေးရည် ထားရှိခြင်းနဲ့ လွှတ်တော်တွင်း ဝင်ရောက်မယ့် လူတိုင်းကို အပူချိန် တိုင်းတာစစ်ဆေးခြင်း
- သင်္ကြန်ကာလအပြီး လွှတ်တော် ပြန်လည် စတင်တဲ့အခါမှာ ကြားနာမှုတွေကို ယာယီ ရပ်ဆိုင်းခြင်း သို့မဟုတ် မဖြစ်မနေ လိုအပ်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေအတွက်သာ ကြားနာ စစ်ဆေးရန် ကန့်သတ်ခြင်း
- လွှတ်တော်ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်ကနေ ဒါမှမဟုတ် နေအိမ်ကနေ အလုပ်လုပ်ခွင့်ကို ခွင့်ပြုခြင်း
လိုအပ်သောသူများနဲ့သာ အစည်းအဝေးထိုင်ခြင်း
- လူချင်းတွေ့ဆုံရတဲ့ ကော်မတီ အစည်းအဝေးတွေကို ယာယီ ကန့်သတ်ခြင်း သို့မဟုတ် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေကိုသာ ဆောင်ရွက်ရန်
- အစည်းအဝေး ပြုလုပ်တဲ့အခါမှာလည်း လူတစ်ဦးနဲ့ တစ်ဦး လုံလောက်သော အကွာအဝေး (WHO သို့မဟုတ် ဒေသခံ ကျန်းမာရေး အာဏာပိုင်အဖွဲ့တွေရဲ့ အကြံပြုထားတဲ့ ခွဲခြားနေရမယ့် အကွာအဝေးကို) လိုက်နာခြင်း‌
- လွှတ်တော်အဆောက်အဦအတွင်း သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ၊ ကွန်ဖရန့်၊ အများပြည်သူကြားနာပွဲ၊ တွေ့ဆုံပွဲ စတဲ့ မဖြစ်မနေ မလိုအပ်သော အခမ်းအနားတွေ၊ ပွဲတွေကို ယာယီ ရပ်ဆိုင်းခြင်း
- မရှိမဖြစ် လိုအပ်တဲ့ ဝန်ထမ်းတွေကိုသာ လူကိုယ်တိုင် လာရောက်စေခြင်း၊ အဆောက်အဦထဲမှာ လူအများအပြား ရှိမနေစေဖို့အတွက် အဲဒီဝန်ထမ်းတွေကို အလှည့်ကျစနစ်နဲ့ လာရောက်စေခြင်း၊ အဝေးကနေ အလုပ်လုပ်နိုင်တဲ့ အခင်းအကျင်းတွေ ဖန်တီးခြင်း၊ 
- ပြုလွယ်ပြောင်းလွယ်သော အလုပ်ချိန်ကို ခွင့်ပြုခြင်းနဲ့ COVID-19 အန္တရာယ်ကျရောက်နိုင်ခြေ ပိုမိုမြင့်မားတဲ့ အသက်အရွယ်ကြီးရင့်ခြင်းနဲ့ အခြားသော ရောဂါ အခံ ရှိသူတွေအား လစာပေးပြီး အိမ်တွင် နေထိုင်စေခြင်း 
- ရုံးတွင်းစားသောက်ဆိုင်တွေ၊ စားသောက်ခန်းတွေ၊ စတိုးဆိုင်တွေနဲ့ အားကစားခန်းမတွေကို ပိတ်ခြင်း

**လိုက်လျောညီထွေ နေထိုင်ခြင်း**

- သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေ (ICTs) ကို အသုံးချပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေကို အဝေးမှနေ၍ အလုပ်လုပ်နိုင်ရန် စီစဉ်ပေးခြင်း (ဥပမာ ဗီဒီယိုကွန်ဖရန့် ပြုလုပ်ခြင်းနှင့်  အလုပ်နဲ့ သက်ဆိုင်တဲ့ ဖိုင်တွေကို အွန်လိုင်းပေါ် တင်ထားပေးခြင်းဖြင့် မိမိရောက်ရှိရာနေရာမှ ရယူသုံးစွဲနိုင်ခြင်း)။
- လွှတ်တော်တစ်ခုစီတွင် အရေအတွက်ပြည့်မီစေရန် အတွက် လိုအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုသာ လာရောက်စေခြင်း၊ ပါတီတွေကို သင့်တော်သော အချိုးအစားအတိုင်း လာရောက်စေခြင်းနဲ့ အရေးပေါ် အခြေအနေ သို့မဟုတ် မရှိမဖြစ် လိုအပ်သော ဥပဒေပြုရေးကိစ္စတွေနဲ့ အင်တာနက်ဖြင့် အဝေးက မဲပေးနိုင်ခြင်း မရှိသော အခြေအနေမျိုးတွင်သာ ပုံမှန်အတိုင်း လွှတ်တော်တက်ရောက်ကြရန် ဖြစ်ပါတယ်။
- ဗီဒီယိုကွန်ဖရန့် ပြုလုပ်တဲ့ နည်းပညာတွေကို အသုံးပြုပြီး အဝေးကနေပြီး ကော်မတီ အစည်းအဝေး ကျင်းပခြင်း
- နိုင်ငံရေး ပါတီတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ မဲဆန္ဒနယ်က ပြည်သူတွေကို သတင်းအချက်အလက်တွေ အချိန်မီပေးအပ်နိုင်ဖို့အတွက် ပါတီတွင်း အဆင့်ဆင့်တင်ပြရတဲ့ စနစ်တွေကို ဖယ်ရှားပေးသင့်ပါတယ်။ 
၁၀။ ပြည်သူလူထုနဲ့ လွှတ်တော်ဆက်သွယ်ရေး

လွှတ်တော်တွေဟာ အများပြည်သူနဲ့ ဆက်သွယ်ရာမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်ပါတယ်။

  • ကုစားခြင်းနဲ့ လိုက်လျောညီထွေ နေထိုင်ခြင်းဆိုင်ရာ ဆောင်ရွက်ချက်တွေကို လွှတ်တော်ရဲ့ အင်တာနက် စာမျက်နှာတွေမှာ အချိန်နဲ့ တပြေးညီ ထုတ်လွှင့်ခြင်း
  • အင်တာနက် သုံးစွဲနိုင်ခြင်း မရှိတဲ့ ပြည်သူတွေကို မေ့လျော့ခြင်း မရှိဘဲ ရေဒီယို၊ တီဗီ ကနေတဆင့် သတင်းအချက်အလက် ဖြန့်ဝေခြင်း
  • ရောဂါဖြစ်ပွားမှု အခြေအနေ နောက်ဆုံး သတင်းတွေကို အများပြည်သူများ သိရှိနိုင်စေရန် အတွက် သတင်းအရင်းအမြစ်တွေ၊ တရားဝင် အင်တာနက် စာမျက်နှာတွေက အကိုးအကားတွေကို အစဉ်အမြဲ ဖော်ပြပေးခြင်း

(ယခုဆောင်းပါးကို ၇ ဧပြီ ၂၀၂၀ တွင် ပြင်ဆင်ဖြည့်စွက်ထားပါသည်။)

ကိုးကား

https://medical-dictionary.thefreedictionary.com/communicable+disease

https://www.who.int/news-room/fact-sheets/detail/noncommunicable-diseases

https://dailyhistory.org/How_did_the_Bubonic_Plague_make_the_Italian_Renaissance_possible%3F

https://listverse.com/2018/01/19/10-infectious-diseases-that-changed-history/

https://en.wikipedia.org/wiki/List_of_epidemics

https://www.theguardian.com/world/2020/feb/25/what-does-it-mean-if-coronavirus-is-declared-a-pandemic

https://medium.com/@joschabach/flattening-the-curve-is-a-deadly-delusion-eea324fe9727

http://parlamericas.org/uploads/documents/COVID19_and_Role_of_Parliaments_ENG.pdf