Posted in ဥပဒေရေးရာ သုတေသန on Apr 24, 2019

၂၀၁၉ ဧပြီလ ၂၉ ရက်နေ့မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ (၁၂) ကြိမ်မြောက် အစည်းအဝေးတွေကို ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ထားတဲ့ဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းဥပဒေကြမ်းကို လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်သို့ "ဧပြီလ ၃၀ ရက်နေ့ မတိုင်မီ" တင်သွင်းရမည်လို့ပါရှိတဲ့အတွက် ပြန်လည်စတင်မယ့်လွှတ်တော်မှာ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဘာတွေဆက်ဆွေးနွေးဖို့ရှိမလဲ

(၁၁) ကြိမ်မြောက်လွှတ်တော်ကာလက မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့"ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်း" အပေါ် လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူဖို့ ရှိနေပါတယ်။ ပြည်သူ့လွှတ်တော်မှာပဲ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းထားတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကြမ်းနဲ့မြေသိမ်းဥပဒေလို့ အသိများကြတဲ့ အမျိုးသားလွှတ်တော်က ဥပဒေအမည်ပြောင်းပြီးအတည်ပြုထားတဲ့ "မြေယာသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေကြမ်း"တွေကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးမလားဆိုတာလဲ စောင့်ကြည့်ရပါအုံးမယ်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကြမ်း

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး သမ္မတထံပေးပို့ထားပေမယ့် ဥပဒေအဖြစ်ပြဌာန်းခြင်း မရှိသေးတဲ့အတွက် သမ္မတက မှတ်ချက်နဲ့ ပြန်လည်ပေးပို့ထားတယ်လို့ ယူဆရပါတယ်။ အခြားမူပိုင်ခွင့်ဥပဒေတွေလည်း ပြဌာန်းပြီးဖြစ်တဲ့အတွက် အခုပြန်လည်စတင်မယ့် (၁၂) ကြိမ်မြောက်လွှတ်တော်တွင် အပြီးသတ်ဆွေးနွေးနိုင်ပါတယ်။

လောင်းကစားဥပဒေကြမ်း

လောင်းကစားဥပဒေကြမ်းကိုလည်း သမ္မတထံပေးပို့ထားပြီးဖြစ်ပေမယ့် ဥပဒေအနေဖြင့်ထွက်ရှိလာခြင်း မရှိသေးတဲ့အတွက် သမ္မတမှတ်ချက်နဲ့ ပြန်လည်ပေးပို့ထားတယ်လို့ ယူဆရပါတယ်။ ဒီဥပဒေကိုလည်း (၁၂) ကြိမ်မြောက်မှာ အတည်ပြုနိုင်ပါတယ်။

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း

အမျိုးသားလွှတ်တော်မှာ စတင်တင်သွင်းခဲ့ပြီး လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအကြား စိတ်ဝင်စားမှု၊ အငြင်းပွားမှုရှိနေတဲ့ ဥပဒေကြမ်းအပေါ် လွှတ်တော်နှစ်ရပ်သဘောထားကွဲလွှဲထားတဲ့အတွက် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန် ကျန်ရှိနေပါတယ်။ ဒါလည်း ဒီတစ်ကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုနိုင်ပါတယ်။

အသစ်တင်သွင်းဆွေးနွေးလာနိုင်တဲ့ဥပဒေကြမ်းများ

ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်တို့မှာ အသစ်တင်သွင်းဆွေးနွေးလာနိုင်တဲ့ ဥပဒေကြမ်းတွေထဲမှာ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်း၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း၊ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ငါးမွေးမြူရေးဆိုင်ရာဥပဒေကြမ်း၊ မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥဒေကြမ်း နဲ့မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတို့ပဲ ဖြစ်ပါတယ်။

အသစ်တင်လာနိုင်တဲ့ ဥပဒေကြမ်းတွေထဲမှာမှ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းဟာ ပထမအကြိမ်လွှတ်တော်ကတည်းက တင်သွင်းခဲ့ဖူးပြီး ရပ်ဆိုင်းထားခြင်းခံရတဲ့ဥပဒေကြမ်းဖြစ်ပြီး၊ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်အစည်းအဝေးမှာ မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မြင့်က ဒီဥပဒေနဲ့ ပတ်သက်တဲ့ မေးခွန်းကို မေးမြန်းခဲ့ပြီးနောက်မှာ ရွေးကောက်ပွဲကော်မရှင်ကနေတစ်ဆင့် လွှတ်တော်ကို ပြန်လည်ပေးပို့လာခဲ့တဲ့ ဥပဒေကြမ်းတစ်ခုဖြစ်ပါတယ်။ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်းကတော့ ပထမအကြိမ်လွှတ်တော်နဲ့ အစိုးရရဲ့ သက်တမ်းကာလမှာ ပြဌာန်းခဲ့ဖူးပြီး၊ ယခုအကြိမ်မှာ ဥပဒေကြမ်းအသစ်ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လာခြင်းပဲ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ ကျယ်ပြန့်တဲ့ဆွေးနွေးမှုမျိုးကိုတော့ မတွေ့ရှိရသေးပါဘူး။ တင်သွင်းလာတဲ့ဥပဒေကြမ်းအသစ်မှာတော့ ထူးခြားတာက နိုင်ငံတကာ အပင်မျိုးသစ်အကာအကွယ်ပေးရေး အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လို့ရတယ်ဆိုတဲ့အချက်ပါပဲ။ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ ဥပဒေကြမ်းတွေအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းနဲ့ မြို့ပြနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းဆိုပြီး ဥပဒေကြမ်းနှစ်ခုရှိနေပါပြီ။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း ဆိုရင် ပြည်သူ့လွှတ်တော်မှာတောင် စတင်ဆွေးနွေးပြီး အတည်ပြုပြီးသွားပေမဲ့ နိုင်ငံသားတွေကြားမှာရော ဖွံ့ဖြိုးရေးပညာရှင်တွေကြားနဲ့အရပ်ဖက်အဖွဲ့အစည်းတွေကြားမှာပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာကို မတွေ့ရသေးပါဘူး။ ဒါကြောင့်မို့ ဥပဒေကြမ်းတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးခြင်းတွေတင်မက လွှတ်တော်ပြင်ပက နိုင်ငံသားတွေပါ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ဖို့လိုသလို၊ ဒီဆွေးနွေးချက်တွေ လွှတ်တော်ထဲရောက်ဖို့လည်း ဖိတ်ခေါ်လမ်းဖွင့်ပေးထားဖို့လိုပါတယ်။