Posted in ဥပဒေရေးရာ သုတေသန on Jan 11, 2019

“မြို့ပြနှင့် ကျေးလက်ဒေသအကြား လူမှုစီးပွားအဆင့်အတန်း ကွာဟချက်များ ကျဉ်းမြောင်းလာစေရန်”၊ “လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီးများကို ထိရောက်အကျိုးရှိစွာအသုံးချနိုင်ရန်”၊ “ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာနေပြည်သူများ၏ လူနေမှုဘဝနှင့် ဖွံ့ဖြိးတိုးတက်ရေးများဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများ၏ ပူးပေါင်းပါဝင်မှု မြင့်တင်ရန်”နဲ့ “ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်” စတဲ့ ရည်ရွယ်ချက်တွေကို ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ အဓိကအားဖြင့် “ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ကျေးလက်အိမ်ရာတည်ဆောက်ရေး” စတဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့အတွက်​ ဦးတည်ထားပါတယ်။

ဥပဒေကြမ်းကို အကောင်အထည်ဖော်ဖို့အတွက် ပြည်ထောင်စုအစိုးရအဆင့်မှာ ဖွဲ့စည်းတဲ့ ကြီးကြပ်မှုကော်မတီတစ်ခုက တာဝန်ယူရမှာ ဖြစ်ပါတယ်။​ ကြီးကြပ်မှုကော်မတီကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဝန်ကြီး၊ ဒုတိယဝန်ကြီးအပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နဲ့ ဦးဆောင်ဖွဲ့စည်းရမှာဖြစ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ကြီးကြပ်မှုကော်မတီဟာ အစိုးရဌာနများအကြား ညှိနှိုင်းခြင်းနဲ့ လုပ်ငန်းကြီးကြပ်ခြင်းတွေကို လုပ်ဆောင်မှာဖြစ်ပြီး၊ ကျေးရွာအလိုက် “အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရန်”​ အရင်းမပျောက်မတည်ရန်ပုံငွေ တည်ထောင်ပေးဖို့အတွက် တာဝန်ရှိမှာ ဖြစ်ပါတယ်။

နောက်ထပ်အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုကတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပဲဖြစ်ပါတယ်။ ဦးစီးဌာနအနေနဲ့ ကြီးကြပ်မှုကော်မတီက တာဝန်ချထားပေးတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ပုဂ္ဂလိကကုမ္ပဏီကို တင်ဒါခေါ်တာ၊ နည်းစနစ်ပိုင်းဆိုင်ရာ အကူအညီတွေကို ရယူတာ၊ ကျေးရွာလုပ်ငန်းကော်မတီတွေကို လုပ်ငန်းပြန်လည်အပ်နှံတာနဲ့ အစိုးရဌာနအချင်းချင်း လုပ်ငန်းအပ်နှံတာကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဥပဒေအရ ကျေးလက်နေပြည်သူတွေဟာ မိမိကျေးရွာ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တင်ပြခွင့်ရမှာဖြစ်ပြီး၊ ကျေးရွာလုပ်ငန်းကော်မတီတွေ၊ ဆပ်ကော်မတီတွေကနေတစ်ဆင့် လုပ်ငန်းအကောင်အထည်ဖော်မှုမှာ ပါဝင်တာဖြစ်စေ၊ ဝေဖန်အကြံပြုတာဖြစ်စေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းကော်မတီတွေ၊ ဆပ်ကော်မတီတွေကို ဘယ်လိုဖွဲ့စည်းရမယ်ဆိုတာနဲ့ ကျေးလက်နေပြည်သူတွေက ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးဖို့ လိုအပ်ချက်တွေကို တင်ပြတာနဲ့ ဝေဖန်အကြံပြုတာကို ဘယ်လိုပုံစံနဲ့ ဆောင်ရွက်မယ်ဆိုတာတွေကိုတော့ အသေးစိတ် ဖော်ပြမထားပါဘူး။

အရင်းမပျောက်မတည်ရန်ပုံငွေကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၊ ပြည်တွင်းအလှူရှင်၊ နိုင်ငံတကာအစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကလှူဒါန်းငွေတွေကို ထည့်ဝင်ပြီး တည်ထောင်ရမှာ ဖြစ်ပါတယ်။ ရန်ပုံငွေကို ကျေးရွာအလိုက် ဖွဲ့စည်းထားတဲ့ လုပ်ငန်းအဖွဲ့တွေက ကိုင်တွယ်ထိန်းသိမ်းရမှာဖြစ်ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငွေစာရင်းထိန်းသိမ်းမှုအပိုင်းကို ပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်။ ကျေးလက်နေပြည်သူတွေအနေနဲ့ အရင်းမပျောက်မတည်ရန်ပုံငွေက နေ ချေးငွေရယူနိုင်မှာဖြစ်ပြီး၊ ရရှိလာတဲ့အတိုးကိုတော့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စာရင်းအင်းတွေကိုတော့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စာရင်းစစ်မှာ ဖြစ်ပါတယ်။