Posted in ဥပဒေရေးရာ သုတေသန on Feb 15, 2019

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုပါက သက်ဆိုင်ရာမဲဆန္ဒရှင်များက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆၊ ပုဒ်မခွဲ (ခ)ကို ကျင့်သုံးကာ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရန်အတွက် ဒီဥပဒေကြမ်းကို ရည်ရွယ်တယ်လို့ နိဒါန်းမှာ ပါရှိပါတယ်။

လွှတ်တော်တစ်ရပ်ရပ်မှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းခြင်းနဲ့ တာဝန်မကျေပွန်ခြင်းတို့အတွက် တာဝန်မှပြန်လည်ရုပ်သိမ်းနိုင်ပြီး၊ အနည်းဆုံးတစ်ရာခိုင်နှုန်းသော သက်ဆိုင်ရာမူလမဲဆန္ဒရှင်တွေက လက်မှတ်ရေးထိုးကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရပါမယ်။ တိုင်တန်းချက်ရရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်ကို အကြောင်းကြားရပါမယ်။ အဲဒီနောက်မှာတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကော်မရှင်အဖွဲ့ဝင်တစ်ဦး ဦးဆောင်ပြီး ဥပဒေပညာရှင်၊ သင့်လျော်တဲ့နိုင်ငံသားနဲ့ သက်ဆိုင်ရာလွှတ်တော်မှ ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းပေးကာ စုံစမ်းစစ်ဆေးခြင်းအပြီးသတ်ကာလကိုလည်း သတ်မှတ်ပေးရပါမယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တိုင်ကြားမှုဟာသက်ဆိုင်ရာမူလမဲဆန္ဒရှင်အရေအတွက်ပြည့်မီခြင်းရှိမရှိ ဦးစွာစစ်ဆေးရပါမယ်။ ဒါ့အပြင် တိုင်တန်းရာတွင် မလျော်သြဇာသုံးခြင်းနဲ့ အကျိုးခံစားခွင့်တို့ပါမပါ စုံစမ်းပြီးနောက် စွပ်စွဲချက်ကို ဆက်လက်စစ်ဆေးရပါမယ်။ ထို့နောက် တွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်ပါ အစီရင်ခံစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြရပါမယ်။

တင်ပြလာတဲ့အစီရင်ခံစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပလပ်ရန် အကြောင်းမတွေ့ရှိဘဲ စွပ်စွဲချက်မှန်ကန်နေလျှင် သတ်မှတ်နည်းလမ်းနဲ့အညီ သက်ဆိုင်ရာမူလမဲဆန္ဒရှင်များအား မဲပေးဆုံးဖြတ်စေရ ပါမယ်။ ယင်းမတိုင်မီထိ တိုင်ကြားခံလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ကတစ်ဆင့် ရှင်းလင်းခွင့်ရှိပါတယ်။သက်ဆိုင်ရာ မဲဆန္ဒရှင်တစ်ဝက်ကျော်က လာရောက်မဲမပေးရင်ပဲဖြစ်ဖြစ်၊ မူလမဲဆန္ဒရှင်တွေရဲ့ ထက်ဝက်ကျော်က ဆန္ဒမဲလာရောက်ပေးရာမှာ လာရောက်ဆန္ဒမဲပေးသူထက်ဝက်ကျော်က တာဝန်မှ ရုပ်သိမ်းကြောင်း ဆန္ဒမပြုခဲ့ရင်ကော်မရှင်သည် ကိုယ်စားလှယ်အား တာဝန်မှရုပ်သိမ်းခြင်းမရှိကြောင်းဆုံးဖြတ်ရမည်။ မူလမဲဆန္ဒရှင်များ၏ထက်ဝက်ကျော်ကလာရောက်ဆန္ဒမဲပေးပြီး ဆန္ဒမဲပေးသူမဲပေးသူထက်ဝက်ကျော်က ရုပ်သိမ်းကြောင်းဆန္ဒပြုလျှင် အဆိုပါကိုယ်စားလှယ်သည် ယင်းနေ့မှစပြီး လက်ရှိလွှတ်တော်သက်တမ်းနဲ့ နောက်လွှတ်တော်သက်တမ်းတစ်ခုအထိ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရပါမယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်ဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ရပါမယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကတိသစ္စာပြုတဲ့နေ့မှစပြီး တစ်နှစ်အတွင်း တာဝန်မကျေပွန်မှုနဲ့ စွပ်စွဲခွင့်မရှိပါဘူး။ အလားတူပဲ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းရန် မမှန်မကန်တိုင်တန်းပါက ဦးဆောင်တိုင်တန်းသူကို တည်ဆဲဥပဒေအရ အရေးယူနိုင်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အထက်ပါကိစ္စကို ဆောင်ရွက်ရန် ကုန်ကျစရိတ်များကို နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဥပဒေတွင် ထည့်သွင်းရေးဆွဲရပါမယ်။