Posted in ဥပဒေရေးရာ သုတေသန on Feb 19, 2020

အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (CEDAW) ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ချိန်ကစလို့ လိင်ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့နဲ့ ကျူးလွန်ခံရသူတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ အားလုံးရဲ့ သုံးပုံနှစ်ပုံက အိမ်တွင်းမှာ ဖြစ်တာများတဲ့အတွက် အမျိုးသမီးအခွင့်အရေး လုပ်‌ဆောင်ကြသူတွေဟာ အိမ်တွင်းအကြမ်းဖက်မှုအတွက် ဥပဒေပြဋ္ဌာန်းဖို့ အထူးပြု တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

CEDAW စာချုပ် လက်မှတ်ရေးထိုးပြီး ၁၆ နှစ်အကြာ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစီမံကိန်းထဲမှာဆိုရင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အဓိကရည်ရွယ်တာဟာ “အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ပပျောက်ဖို့ ဥပဒေတွေ၊ စနစ်တွေ၊ တည်ဆောက်ပုံတွေနဲ့ ကျင့်စဉ်တွေကို ဖော်ထုတ်ဖို့နဲ့ အားကောင်းစေဖို့၊ အကြမ်းဖက်မှု ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့” ဖြစ်ပါတယ်။

NSPAW ထုတ်ပြန်ချိန်ကတည်းက အစိုးရက ဥပဒေသစ် ပြဋ္ဌာန်းဖို့၊ တည်ဆဲဥပဒေတွေကို ပြင်ဆင်ဖို့၊ အကြမ်းဖက်မှု (အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှု) ကို တားဆီးဖို့နဲ့ အကြမ်းဖက်ခံရသူတွေကို ကာကွယ်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ကြိုးစားအားထုတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီဥပဒေကြမ်းဟာဆိုရင် လူမှုဝန်ထမ်းဦးစီးဌာနကနေ ဦးဆောင်ကာ အချိန်ယူရေးဆွဲခဲ့တာဖြစ်ပြီး အဆင့်တိုင်းမှာ သတင်းအချက်အလက်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေက ပံ့ပိုးပေးခဲ့ပါတယ်။ ဒါကြောင့် ဥပဒေကြမ်းဆန်းစစ်တဲ့အခါတိုင်းမှာ ဥပဒေကြမ်းပေါ်ပေါက်လာဖို့အတွက် အချိန်အကြာကြီးကတည်းက စည်းရုံးလာခဲ့၊ ထောက်ကူလာခဲ့တဲ့ အမျိုးသမီးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေဆိုင်ရာ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးတွေကို အကူအညီပေးနေတဲ့ ကွန်ရက်တွေရဲ့ ကြိုးစားခဲ့ရမှု၊ စိတ်ရှည်ခဲ့ရမှုတွေကို အသိအမှတ် ပြုသင့်ပါတယ်။ ကံဆိုးချင်တော့ ဒီဥပဒေကြမ်း လွှတ်တော်ဆီ ရောက်ဖို့ CEDAW စာချုပ် လက်မှတ်ထိုးပြီးကတည်းက လုပ်ဆောင်လာခဲ့တဲ့ ၂၃ နှစ်ကြာ ခရီးဟာ အမျိုးသမီးတွေအကြမ်းဖက်ခံရတဲ့ အရေးရဲ့ အရေးပေးမခံရမှုတွေနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ဖိုဝါဒီတွေက လွှမ်းမိုးထားမှုကို ပြသနေသလို ဖြစ်နေပါတယ်။

အာနန္ဒာအဖွဲ့ကနေ ပြုစုပြီးဖြစ်တဲ့ ဥပဒေကြမ်း မိတ်ဆက် နဲ့ အနှစ်ချုပ်ကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။ အခု ဥပဒေကြမ်းဆန်းစစ်မှုကတော့ ဥပဒေကြမ်းမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို လေ့လာထားတာ ဖြစ်ပြီး မူဝါဒအကျဉ်းကို အခြေခံကာ ဆန်းစစ်မှု အချို့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ဆန်းစစ်မှုက အားလုံးကို ခြုံငုံမိမှာ မဟုတ်ပေမယ့် ဥပဒေကြမ်းနဲ့ပတ်သက်တဲ့ အသိတွေ ပွားစေဖို့နဲ့ ဥပဒေကြမ်းပါ အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးနိုင်စေဖို့အတွက် အရေးကြီးမယ့် အချက်အချို့တွေကို ကောက်နုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။ ပိုကောင်းမွန်တဲ့ အမြင်တွေ ပေးစွမ်းဖို့ကတော့ အမျိုးသမီးအခွင့်အရေးတွေကို အထူးပြု လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်တွေကို အများကြီး လေ့လာသင့်ပါတယ်။

ကော်မတီဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်း

တခြားဥပဒေတွေလိုပဲ ဒီဥပဒေကြမ်းမှာ ကော်မတီတစ်ခုကို ဥပဒေပါ လုပ်ငန်းတာဝန် အများအပြား ပေးထားပါတယ် (ဒီမှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖြစ်ပါတယ်)။ ကော်မတီရဲ့ လုပ်ငန်းဆောင်တာတွေက အတော်ကို ကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ကော်မတီမှာ ဘယ်သူတွေ ပါဝင်ပြီး လုပ်ငန်းတာဝန်တွေကို ဘယ်လို စီမံလုပ်ဆောင်မယ် ဆိုတာတွေအတွက်တော့ တိကျတဲ့ ပြဋ္ဌာန်းချက်တွေ မပါရှိပါဘူး။

ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက ကော်မတီဟာ တည်ရှိပြီး ဖြစ်‌နေတာကြောင့် ဖြစ်နိုင်ပါတယ်။ သမ္မတဟာ ၂၀၁၆ မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို ဦးစွာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ၂၀၁၈ မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် ကော်မတီဖွဲ့စည်းပုံဟာ မူလကတည်းက အားနည်းချက်တွေ ရှိနေတာကြောင့် ဒီဥပဒေကြမ်းကနေ ဖာထေးအားဖြည့်ပေးသင့်ပါတယ်။

ဥပမာပေးရရင် အစိုးရဟာ တိကျတဲ့ လမ်းညွှန်ချက်တွေ၊ လုပ်ငန်းစဉ်တွေကို လိုက်နာစရာမလိုဘဲ အမိန့် ကြော်ငြာစာ ထုတ်ပြန်ရုံလောက်နဲ့ ကော်မတီပါ အဖွဲ့ဝင်တွေကို ဖယ်ရှားတာ၊ အစားထိုးတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ကော်မတီ ဖွဲ့စည်းရတာရဲ့ ရည်ရွယ်ချက်ဟာ အစိုးရကို ဘက်မလိုက်သော ကျွမ်းကျင်မှု အကြံတွေ ပေးစွမ်းဖို့ ဖြစ်တာကြောင့် အချိန်မရွေး ထုတ်ဖယ်ခံရနိုင်တဲ့ ကော်မတီဝင်တွေဆီကနေ အမျိုးသမီးအရေးတွေအတွက် ဘက်မလိုက်တဲ့ အမြင်တွေ ကြားနိုင်ဖို့ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင် ထည့်စဉ်းစားရပါမယ်။

နောက်တစ်ချက်က ၂၀၁၈ ခုနှစ်မှာ ပြင်ဆင်ဖွဲ့စည်းစဉ်ကတည်းကစပြီး ကော်မတီ အဖွဲ့ဝင် ၂၀ ဝန်းကျင် ရှိတဲ့အထဲမှာ (၇) နေရာဟာ အရပ်ဖက်အဖွဲ့အစည်းတွေအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထဲက (၅) နေရာဟာ အစိုးရနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နဲ့ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းလို အဖွဲ့အစည်းတွေအတွက် ဖြစ်နေပါတယ်။ ဒါဟာ နိုင်ငံအဝန်းမှာ ရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေဆီက အသံတွေ ကြားရဖို့အတွက် ကန့်သတ်ထားသလို ဖြစ်နေပါတယ်။ ဒီဥပဒေကြမ်းကို ပြန်လည်သုံးသပ်ကြတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကော်မတီမှာ ပါဝင်မယ့် တကယ်စစ်မှန်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အရေအတွက်ကို တိုးမြင့်ဖို့ စဉ်းစားသင့်ပါတယ်။ နောက်ပြီး ခန့်အပ်ရာမှာလည်း ပွင့်လင်းမြင်သာတဲ့ ဖြစ်စဉ်ဖြစ်ဖို့ ရှင်းလင်းတဲ့ ယန္တရားတစ်ခု ရှိဖို့ လိုပါတယ်။ အထူးသဖြင့် ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့တွေလို ဒါမှမဟုတ် အကြမ်းဖက်ခံရသူတွေကို ကူညီပေးတဲ့ အဖွဲ့တွေလို လူထုအခြေပြုတဲ့ အဖွဲ့အစည်းငယ်တွေအတွက် ကော်မတီအဖွဲ့ဝင်နေရာ သီးသန့် သတ်မှတ်လျာထားတာမျိုးလဲ စီမံပေးသင့်ပါတယ်။

မိသားစု မပြိုကွဲရေးလား၊ အကြမ်းဖက်ခံရသူကို ကာကွယ်ရေးလား

မူဝါဒအကျဉ်းမှာ ဖော်ပြခဲ့သလိုပဲ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးဖို့ ဥပဒေသစ်တွေ ဖော်ထုတ် အကောင်အထည်ဖော်ရာမှာ ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေထဲက တစ်ခုကတော့ အမျိုးသမီးတွေကို ဘေးဖယ်ထုတ်ပြီး အရေးမပေးတဲ့ ရှေးရိုးစွဲစံနှုန်းတွေ ဒါမှမဟုတ် ရိုးရာဓလေ့တွေနဲ့ အစိုးရ၊ ဥပဒေပြုသူတွေ ထိပ်တိုက် တွေ့စေနိုင်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဥပမာပြရရင် အကြမ်းဖက်ခံရသူတွေကို ကဲ့ရဲ့ ရှုတ်ချတာလိုမျိုး၊ ပြီးတော့ အကြမ်းဖက်ခံရသူတွေရဲ့ မိသားစုကို လျော်ကြေးတစုံတရာ ပေးစေခြင်းဖြင့် အကြမ်းဖက်သူတွေကို လူမှုအသိုင်းအဝိုင်းထဲမှာပဲ လွတ်လွတ်လပ်လပ် ဆက်လက်နေထိုင်ခွင့် ပြုလိုက်တာလိုမျိုး ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကို ဆက်လက်တည်ရှိနေစေနိုင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲက တစ်ခုဖြစ်တဲ့ “မိသားစု ပြိုကွဲတာနဲ့ လူမှုဆက်ဆံရေးပျက်ပြားထိခိုက်တာကို လျော့ပါးဖို့၊ မိသားစု ပေါင်းစည်းရေးနဲ့ လူမှုသဟဇာတ ဖြစ်စေရေးကို ဦးတည်ဖို့ ဆောင်ရွက်ရမယ်” ဆိုတဲ့ ပြဋ္ဌာန်းချက်က အကြမ်းဖက်ခံရတဲ့သူတွေကို အကူအညီ ဖြစ်စေမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားအများစုဟာ မိသားစုဘဝဆိုတာ အရေးကြီးတယ်လို့ ခံယူထားပေမယ့် မိသားစုမပြိုကွဲဖို့ကိုပဲ ရည်စူးပြီး အကြမ်းဖက်ခံရတဲ့ ဆက်ဆံရေးထဲမှာ နေထိုင်ဖို့ ဖိအားပေးသလိုမျိုး မဖြစ်သင့်ပါဘူး။

ဒါကြောင့် မိသားစုရေးရာနဲ့ လူမှုဆက်ဆံရေး မပျက်ပြားရေးဆိုတာဟာ မကြာခဏဆိုသလိုပဲ အကြမ်းဖက်ခံရသူတွေကို ကာကွယ်ပေးဖို့ လိုအပ်ချက်တွေနဲ့ ပြောင်းပြန်ဆက်စပ်နေတတ်ပါတယ်။ ဥပဒေပြုသူတွေဟာ ဖော်ပြပါ လုပ်ငန်းတာဝန်လို အချက်တွေကို ပယ်ဖျက်ဖို့ စဉ်းစားသင့်ပါတယ်။

ထပ်နေတဲ့ ဒါမှမဟုတ် ဝေဝါးလှတဲ့ ပြဋ္ဌာန်းချက်များ

ဒီဥပဒေကြမ်းဟာ တခြားအရေးကြီးတဲ့ ဥပဒေတွေ ဖြစ်တဲ့ ရာဇသတ်ကြီး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွေနဲ့ ဆက်စပ်နေသလို တချို့နေရာတွေမှာဆို ထပ်နေတာတွေ ရှိနေပါတယ်။ ဒါကြောင့် တူညီတဲ့ ပြဋ္ဌာန်းချက်တွေကို လျှော့ချနိုင်ဖို့ လိုအပ်ပြီး မလျှော့ချနိုင်ရင် ဘယ်ပြဋ္ဌာန်းချက်တွေကို လိုက်နာရမယ်ဆိုတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။

  • ဥပဒေကြမ်းမှာ ဆယ့်နှစ်နှစ်အောက် မိန်းကလေးကို ကျူးလွန်တဲ့ မုဒိမ်းမှုအတွက် ထောင်ဒဏ်တစ်သက် ဒါမှမဟုတ် ထောင်ဒဏ် ၂၀ နှစ်ဆိုပြီး ပါရှိပါတယ်။ ဆက်စပ်နေတဲ့ တခြားဥပဒေတွေကို ကြည့်မယ်ဆိုရင်တော့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) ပုဒ်မ ၁၁၄ မှာ သက်ငယ်မုဒိမ်း ကျူးလွန်မှုအတွက် ရာဇသတ်ကြီးအရ အရေးယူရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ရာဇသတ်ကြီးကို ကြည့်ရင် ပုဒ်မ ၃၇၆ (၃) မှာ ဥပဒေကြမ်းပါ ပုဒ်မလို ပြဋ္ဌာန်းချက် အတိအကျ ပါရှိနေပြီး ပြစ်မှု ပြစ်ဒဏ်ပါ တူညီနေပါတယ်။ ဒါကြောင့် ဥပဒေကြမ်းထဲမှာ အဲဒီပုဒ်မကို ထပ်မံထည့်သွင်းဖို့ လိုအပ်၊ မလိုအပ်တာမျိုးကိုလည်း စဉ်းစားသင့်ပါတယ်။
  • လက်ရှိအချိန်ထိတော့ မိခင်ရဲ့ အသက်အန္တရာယ် ကယ်ဆယ်ဖို့ လိုအပ်တဲ့ အခြေအနေမှာ အသက်အန္တရာယ် ကယ်ဆယ်လိုတဲ့ ရည်ရွယ်ချက်အတွက် ဆေးကုသခွင့်လိုင်စင်ရရှိထားတဲ့ ဆရာဝန်တွေနဲ့ အစိုးရဆေးရုံတွေမှာ ကိုယ်ဝန်ဖျက်ချခွင့် ပေးပါတယ်။ ဥပဒေကြမ်းအရဆိုရင်တော့ အကြမ်းဖက်ခံရသူဟာ “ကိုယ်ဝန်ဆက်လက်ထားရှိပါက အမျိုးသမီးအတွက် အသက်အန္တရာယ်ရှိနိုင်ခြင်း ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်းနဲ့ မုဒိမ်းမှု ကျူးလွန်ခြင်းကြောင့် ကိုယ်ဝန်ဆောင်နေရခြင်း”ဆိုတဲ့ အခြေအနေတွေမှာ ကိုယ်ဝန်ဖျက်ချတာကို မိမိဆန္ဒအရ ဆေးစစ်ဆေးရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမယ့် ဒီပုဒ်မဟာ အိမ်တွင်းအကြမ်းဖက်ခံရသူတွေနဲ့ သက်ဆိုင်ဖို့ နည်းလှပါတယ်။ အိမ်ထောင်ဖက်ကနေ မုဒိမ်းမှုနဲ့ စိတ်/ရုပ်/စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ရင် ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲခွင့်သာ ပေးထားပါတယ်။ ဒါ့ကြောင့် အိမ်တွင်းအကြမ်းဖက်ခံရသူတွေအတွက် ကိုယ်ဝန်ဖျက်ချခွင့် ရှိ၊ မရှိဆိုတာကို ဥပဒေကြမ်းမှာ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားသင့်ပါတယ်။ ဘာလို့ဆို အိမ်တွင်းအကြမ်းဖက်မှုရှိနေတဲ့ အိမ်ထောင်ရေးတစ်ခုဟာ မွေးဖွားလာမယ့် ကလေးငယ်တွေအတွက် ကောင်းမွန်မှာ မဟုတ်ပါဘူး။
  • နောက်ထပ်တစ်ခုက အယုံသွင်းပြီး ကာမလိမ်လည်ရယူမှု ပြဋ္ဌာန်းချက် ဖြစ်ပါတယ်။ အဲဒီတားမြစ်ချက်ကို ကျူးလွန်ရင် ထောင်ဒဏ် တစ်နှစ်ကနေ သုံးနှစ်ထိလို့ ဆိုထားပါတယ်။ နောက်ပြီး ကာမလိမ်လည်ခံရတာကြောင့် ကိုယ်ဝန်ရရှိသွားရင် မွေးဖွားလာမယ့် ကလေးကို ပြုစုပျိုးထောင်စောင့်ရှောက်စရိတ်အတွက် တရားရုံးမှာ တရားမကြောင်းအရ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ ဒီပုဒ်မတွေဟာ အမျိုးသမီးတွေကို မနစ်နာစေဖို့ ရည်ရွယ်တယ်ဆိုပေမယ့် အယုံသွင်းခံရတယ်ဆိုတာဟာ သက်သေသက္ကာရ ပြဖို့ ခက်ခဲတဲ့ ကိစ္စဖြစ်တာကြောင့် အကောင်အထည်ဖော်မှုပိုင်းဆိုင်ရာ ခက်ခဲနိုင်မှုကို အလေးအနက် ပြန်စဉ်းစားဖို့ လိုအပ်ပါမယ်။

ဥပဒေအကောင်အထည်ဖော်ခြင်း

အစီအစဉ်တွေ ချမှတ်ဖို့နဲ့ အသိပညာပေးမှု လုပ်‌ဆောင်ဖို့တွေအတွက် ကော်မတီရဲ့ အခန်းကဏ္ဍ ပါရှိတဲ့အပြင် ဥပဒေ အကောင်အထည်ဖော်ဖို့ အတွက် အခြားအရေးကြီးတဲ့ ယန္တရားတွေက -

  • ယာယီအကာအကွယ်ပေးရေးအစီအမံ - မြို့နယ်အမျိုးသမီးကော်မတီထံ အကြမ်းဖက်ခံရသူ ကိုယ်တိုင် ဒါမှမဟုတ် ၎င်းရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ကျိုးကြောင်းဖော်ပြချက်နဲ့ လျှောက်ထားနိုင်
  • အကာအကွယ်ပေးရေးဆိုင်ရာ အမိန့် - တရားရုံးမှာ လျှောက်ထားနိုင်။ စတင်လျှောက်ထားရက်မှ ၁၄ ရက်အတွင်း တရားရုံးက အဆုံးအဖြတ် ချမှတ်ပေးရ
  • အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ရန်ပုံငွေ - ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စစ်ဆေး

အာနန္ဒာအဖွဲ့ကနေ ရေးသားထားတဲ့ မူဝါဒအကျဉ်းထဲမှာ ဖော်ပြထားသလိုပဲ အမျိုးသမီးတွေကို အကြမ်းဖက်ခံရမှုကနေ ကာကွယ်ဖို့နဲ့ အကြမ်းဖက်သူတွေကို အပြစ်ပေးဖို့ ဥပဒေတွေ ကောင်းကောင်း ရေးဆွဲထားတာတောင်မှ ဥပဒေကို အကောင်အထည်ဖော်ပေးသူတွေနဲ့ တရားရုံးတွေဟာ ဥပဒေ အသက်ဝင်ဖို့ အဆင်သင့် ဖြစ်နေသင့်သလို အမျိုးသမီးတွေနဲ့ လူမှုအသိုင်းအဝိုင်းကိုယ်တိုင်ကလည်း သူတို့ရဲ့ အခွင့်အရေးတွေကို သိထားရပါမယ်။ ဒါပေမယ့် လူအများစုကတော့ ဥပဒေဟာ လူမှုအသိုင်းအဝိုင်းထဲက အမူအကျင့်တွေကို ဘယ်လောက်ထိ ထိထိရောက်ရောက် ပြောင်းလဲစေမလဲဆိုတာ (အထူးသဖြင့် ဥပဒေစိုးမိုးမှု အားနည်းလှသော ဝေးကွာလှတဲ့ ကျေးလက်ဒေသတွေမှာ) သံသယရှိနေကြပါတယ်။ ဥပဒေကြမ်းကို အတည်ပြုပြီးတာနဲ့ အစိုးရဌာနတွေဟာ ဥပဒေအကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့ နည်းဥပဒေတွေကို လျင်လျင်မြန်မြန် ပြဋ္ဌာန်းဖို့ လိုအပ်သလို နိုင်ငံတဝန်းက ရဲဝန်ထမ်း၊ တရားရုံးနဲ့ လူမှုအသိုင်းအဝိုင်းတွေက သူတို့ ယူရမယ့် တာဝန်ဝတ္တရားတွေကို သိရှိဖို့အတွက် အသိပေးထားရပါမယ်။

မြန်မာနိုင်ငံအတွင်းက လိင်ကွဲပြားမှုပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေရဲ့ သားကောင်တွေအနေနဲ့ ဥပဒေကြမ်း ပေါ်ပေါက်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက်မှာ ဥပဒေအကောင်အထည်ဖော်ရာမှာ အရေးတကြီး လုပ်ဆောင်တာကိုတော့ မြင်တွေ့သင့်ပါတယ်။