Posted in ဥပဒေရေးရာ သုတေသန on Feb 14, 2020

ဘာကြောင့် လူပြောများတဲ့ အကြောင်းအရာ ဖြစ်နေရသလဲ

ဒီအကြောင်းအရာကို ဇန်နဝါရီလ ၂၅ ရက်က နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်း “ ဖော်ပြခဲ့တာရယ်၊ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြခဲ့တာကြောင့် ဒီလအတွင်း လူသိများ ထင်ရှားခဲ့ပါတယ်။ ပြည်တွင်းထုတ် ပုဂ္ဂလိကပိုင် သတင်းစာနဲ့ ဂျာနယ်တွေမှာလည်း ဥပဒေပါအကြောင်းအရာတွေကို အထူးပြု ရေးသားဖော်ပြမှုတွေ ရှိခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်မှာတော့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာနန္ဒာ အဖွဲ့ အနေနဲ့ ဥပဒေကြမ်း မိတ်ဆက် နဲ့ အနှစ်ချုပ် ကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဥပဒေကြမ်းဟာ ရှည်ကြာတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် လူမှုဝန်ထမ်းဦးစိးဌာနက ၂၀၁၃ ခုနှစ်မှာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေ၊ လူမှုအသိုက်အဝန်းနဲ့ ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network) လို အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဥပဒေကြမ်းကို ရေးဆွဲခဲ့ပါတယ်။1

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆိုတာ ဘာလဲ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကြေညာစာတမ်းထဲမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုတာကို အခုလို အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ “ကျား၊ မ ကွဲပြားမှုကို အခြေခံပြီး အကြမ်းဖက်သည့် မည်သည့် လုပ်ရပ်ကမဆို ရုပ်ပိုင်းဆိုင် ရာအရ ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရ ဖြစ်စေ အမျိုးသမီးတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်အားလုံး"ကို ဆိုလိုပါတယ်။ ဒီလုပ်ရပ်တွေထဲမှာ အများပြည်သူရှေ့မှာဖြစ်စေ၊ ပုဂ္ဂလိကဘဝထဲမှာဖြစ်စေ အမျိုးသမီးတွေကို ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း အားလုံး ပါဝင်ပါတယ်။

၁၉၉၅ ခုနှစ် ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများ ညီလာခံ (ဘေဂျင်း ပလက်ဖောင်းလို့လည်း လူသိများပါတယ်) က ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်ကတော့ -

(က) မိသားစုအတွင်း ဖြစ်ပွားတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

ရိုက်နှက်ခြင်း၊ မိသားစုထဲက မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အမျိုးသမီးကနေ လက်ထပ်ကြေး တင်တောင်းရတဲ့ ကိစ္စ၊ အိမ်ထောင်ဘက်က ကျူးလွန်တဲ့ မုဒိမ်းမှု၊ အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်ခြင်းနဲ့ အမျိုးသမီးတွေကို ဘေးဖြစ်စေတဲ့ အခြားသော ရိုးရာဓလေ့တွေ၊ အိမ်ထောင်ဖက်မဟုတ်တဲ့သူက ကျူးလွန်တဲ့ အကြမ်းဖက်မှု၊ အမြတ်ထုတ်ဖို့အတွက် အကြမ်းဖက်မှု

(ခ) လူမှုအသိုင်းအဝိုင်းထဲ ဖြစ်ပွားတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လုပ်ငန်းခွင်ထဲ ဒါမှမဟုတ် ပညာရေးအဖွဲ့အစည်းတွေထဲ လိင်ပိုင်းဆိုင်ရာ ‌စော်ကားမှုနဲ့ ခြိမ်းခြောက်မှု၊ လူကုန်ကူးမှု၊ အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် စေခိုင်းမှု

(ဂ) နိုင်ငံတော်ကနေ ကျူးလွန်တဲ့ ဒါမှမဟုတ် လက်ခံတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

(ဘယ်နေရာမှာပဲ ဖြစ်ပွား ဖြစ်ပွား)အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အခြား အကြမ်းဖက်မှုတွေထဲမှာ စစ်မက်ဖြစ်ပွားတဲ့ အခြေအနေမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ဖောက်ဖျက်ခြင်း (ဥပမာ - သတ်ဖြတ်ခြင်း၊ စနစ်တကျ မုဒိမ်းကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်းနဲ့ အတင်းအဓမ္မ ကိုယ်ဝန်ဆောင်စေခြင်း) တွေ ပါဝင်တယ်။ နောက်ပြီး အတင်းအဓမ္မ နည်းလမ်းနဲ့ ကိုယ်ဝန်မရအောင် လုပ်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ပဋိသန္ဓေတားဆီးစေခြင်း၊ အမျိုးသမီး ကလေးငယ်ကို သတ်ခြင်းနဲ့ ကိုယ်ဝန်ဆောင်နေစဉ် သန္ဓေသား ကျား/မ ရွေးချယ်ခြင်းတွေ ဖြစ်ပါတယ်။

“ကြေညာချက်က အမျိုးသမီးတွေကို အကြမ်းဖက်ခြင်းဟာ ကျား/မတန်းတူညီမျှမှု မရှိခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း ဖြစ်သလို၊ ညီမျှမှုမရှိခြင်းရဲ့ အကျိုးဆက်တစ်ခုလည်း ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုထားပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ဆောင်ရွက်ရာမှာ အသေးဆုံး မိသားစုအဆင့်မှ အကြီးဆုံး နိုင်ငံတကာအဆင့်အထိ အခြေခံ အကြောင်းအရင်းတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ နိုင်ငံအစိုးရတွေဟာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုပုံစံအားလုံးကို ဖယ်ရှားပေးဖို့ တာဝန်ရှိသလို အမျိုးသမီးတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရခြင်းကိုလည်း ကြိုတင် ကာကွယ်တားဆီးပေးဖို့ တာဝန်ရှိပါတယ်။ ကြိုတင်ကာကွယ်တားဆီးရေး စံနှုန်းတွေအရ နိုင်ငံအသီးသီးဟာ အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ပေးဖို့၊ အကြမ်းဖက်ကျူးလွန်သူတွေကို အပြစ်ပေးဖို့နဲ့ အကြမ်းဖက်မှု ကျူးလွန်ခံရသူတွေကို ထိုက်တန်တဲ့ လျော်ကြေးတွေပေးဖို့ တာဝန်ရှိပါတယ်”။2

ဘာကြောင့် ဥပဒေတစ်ခု လိုအပ်ပါသလဲ

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာ နေရာအနှံ့မှာ ဖြစ်ပွားနေပြီး ဖြစ်ပွားတဲ့ နှုန်းထားကလည်း မြင့်မားတဲ့ နှုန်းထားအဖြစ် အခိုင်အမာ တည်ရှိနေပေမယ့် ပြည်သူလူထုအနေနဲ့ အလွယ်တကူ မသိမြင်နိုင်ပါဘူး။ အကြောင်းရင်းကတော့ အကြမ်းဖက်မှု အများစုဟာ အိမ်တွင်းမှာ ဖြစ်ပွားကြလို့ ဖြစ်ပါတယ်။ တကယ်တော့ အိမ်တစ်အိမ်ဆိုတာ အမျိုးသမီးနဲ့ မိန်းကလေးတွေအနေနဲ့ လုံခြုံစိတ်ချရမှု အရှိဆုံး နေရာအဖြစ် မျှော်လင့်နိုင်တဲ့ နေရာတစ်ခုပဲ ဖြစ်သင့်တာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံက အသက် ၁၅ နှစ်နဲ့ ၄၉ နှစ်ကြား အိမ်ထောင်ရှိ ဒါမှမဟုတ် အချိန်ကြာ တွဲဖက်နေတဲ့ ချစ်သူစုံတွဲတွေကြားမှာ အမျိုးသမီး ၁၇% က ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို အနည်းဆုံး တစ်ကြိမ် ခံစားခဲ့ရပြီး အသက် ၁၉ နှစ်နဲ့ ၄၉ နှစ်ကြား အိမ်ထောင်ရှိ အမျိုးသမီးတွေအနက် ၁၁% ဟာ လွန်ခဲ့တဲ့ ၁၂ လ အတွင်း အနည်းဆုံး တစ်ကြိမ် သူတို့ရဲ့ မိတ်ဖက် အဖော်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို ခံစားခဲ့ရပါတယ်။3 တကယ့် ကိန်းဂဏန်း အစစ်အမှန်က ဒီထက် အဆများစွာ မြင့်မားမယ်လို့ ယူဆရပါတယ်။ တိုင်တန်းခဲ့ရင်လည်း ပြန်လည် လက်တုန့်ပြန်ခံရမှာ စိုးရိမ်တဲ့အတွက် အမျိုးသမီးအများစုက သတင်းပေးပို့ခြင်း မရှိကြပါဘူး။ ဒါ့အပြင် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရ တချို့ လူမှုအသိုင်းအဝန်းမှာ မိန်းကလေးတွေကို ခွဲခြားဖိနှိပ်ဆက်ဆံခြင်းကို အကြမ်းဖက်မှုတွေအဖြစ် ရှုမြင်ခြင်း မရှိကြပါဘူး။

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဖြေရှင်းဖို့ ဥပဒေနည်းလမ်းနဲ့ ဖြေရှင်းရာမှာ နည်းလမ်း နှစ်ခု ရှိပါတယ်။ (က) အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအပေါ် ပြစ်ဒဏ်ပေးခြင်းနဲ့ (ခ) အကာအကွယ်ပေးခြင်း၊ ဥပဒေ စိုးမိုးခြင်းအစရှိတဲ့ လူမှုရေး အမိန့်တွေ အပါအဝင် အကာအကွယ်ပေးတဲ့ ဥပဒေပုဒ်မတွေ ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။ ရာဇဝတ်မှု ပုဒ်မတွေက ဖမ်းဆီး အပြစ်ပေးခြင်းတို့ကို ဖြစ်ပေါ်စေပြီး လူမှုရေးအရ အကာအကွယ်ပေးတဲ့ ပုဒ်မတွေက မိန်းကလေးတွေအပေါ် အကြမ်းဖက်မှု ဆက်လက် ကျူးလွန်နေခြင်းမှ အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်”။4

ဥပဒေကြောင်းအရ အကြံဉာဏ်ပေးခြင်း၊ အကူအညီပေးခြင်းတွေကို ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက် ပေးအပ်ဖို့ အဆင်သင့်ရှိကြောင်း ဥပဒေတွေမှာ ဖော်ပြထားရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအကြောင်း ရဲဌာန၊ တရားရုံးတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို သင့်တော်တဲ့ လေ့ကျင့်သင်တန်းပေးမှုတွေ ပေးအပ်နိုင်ဖို့အတွက် အထူးသီးသန့် ဖယ်ထားတဲ့ ရန်ပုံငွေတွေ ထားရှိရမှာ ဖြစ်ပါတယ်။

မူဝါဒချမှတ်သူတွေအတွက် စိန်ခေါ်မှုနဲ့ စဉ်းစားရန် အချက်တွေက ဘာတွေလဲ

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ဖို့အတွက် ဥပဒေပြုတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကတော့ ဖိုဝါဒကြီးစိုးမှုနဲ့ ခိုင်မြဲစွာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်မှုတွေကို တိုက်ရိုက် စိန်ခေါ်ရာ ရောက်နေနိုင်တာပဲ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ စာရင်းက ပြည့်စုံမှု မရှိပေမယ့် မူဝါဒချမှတ်တွေ၊ ဥပဒေပြု အမတ်တွေအနေနဲ့ ဒီလို ဥပဒေ ရေးဆွဲတဲ့ နေရာမှာ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ဖိအားတွေကို ညွှန်ပြထားပါတယ်။

၁။ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနဲ့ ဓလေ့ထုံးတမ်းဥပဒေ

ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲတွင် အမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးဖို့ ထည့်သွင်းရေးဆွဲထားပေမယ့်လည်း လူမှုအသိုင်းအဝန်း အတော်များများမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။ ဗမာဗုဒ္ဓဘာသာတွေရဲ့ “ဘုန်း” ဆိုတဲ့ အယူအဆကနေပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူနည်းစု ဒေသတွေမှာ တည်ရှိနေတဲ့ အမျိုးမျိုးသော ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကြောင့် အမျိုးသမီးတွေဟာ ပြင်းထန်တဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို ရင်ဆိုင်နေရပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ယဉ်ကျေးမှု အတော်များများမှာ တည်ရှိတဲ့ ခွဲခြားဆက်ဆံသော ရိုးရာဥပဒေတွေကြောင့် အမျိုးသမီးတွေဟာ သူတို့အတွက် တရားမျှတမှုကို ရှာဖွေဖို့နဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောဆိုလိုတဲ့ ဆန္ဒကို တားဆီးထားကြပါတယ်။ အဲဒီ ရိုးရာဥပဒေတွေဟာ စာနဲ့ ရေးသားထားခြင်း မရှိပေမယ့်လည်း ကျေးရွာ အာဏာပိုင်တွေရဲ့ လက်ထဲမှာ ဆုံးဖြတ်ပိုင်ခွင့်တွေအဖြစ် ရှိနေပါတယ်။ အဲဒီ အာဏာပိုင် အားလုံးနီးပါးကလည်း အမျိုးသားတွေ ဖြစ်နေကြပါတယ်။5

၂။ တရားမျှတမှုအား လက်လှမ်းမီမှု

အကြမ်းဖက်မှုကနေ အမျိုးသမီးတွေကို ကာကွယ်ဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေးဖို့ ကောင်းမွန်စွာ ရေးဆွဲထားတဲ့ ဥပဒေတွေ ရှိနေပေမယ့်လည်း ဥပဒေစိုးမိုးရေး ယန္တရားတွေနဲ့ တရားရုံးတွေဟာ ဥပဒေကို အကောင်အထည်ဖော်ဖို့၊ ကျူးလွန်ခံရသူတွေကို ကာကွယ်ပေးဖို့နဲ့ ကျူးလွန်သူတွေကို ကြားနာစစ်ဆေးဖို့ အဆင်သင့် ဖြစ်နေဖို့လည်း လိုပါတယ်။ ဒါပေမယ့်လည်း “တရားစွဲဆိုမှုတွေဟာ အချိန် ကြာမြင့်ခြင်းနဲ့ ကုန်ကျစရိတ် ကြီးမားခြင်းတွေကြောင့် ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ တရားမျှတမှု ရှာဖွေဖို့ အခက်အခဲ ရှိနေပါတယ်။ တရားရုံး အမှုတွေဟာ ကြားထဲမှာ မကြာခဏ ရပ်နားမှုတွေ ရှိတာကြောင့် တစ်နှစ်ကနေ နှစ်နှစ်ထိ ကြာမြင့်လေ့ ရှိပါတယ်။ ရှေ့နေတစ်ဦးကို ငှားရမ်းရခြင်းနဲ့ တရားစီရင်မှုကို ကြားနာဖို့ သွားလာရတဲ့ အချိန်တွေဟာ အမျိုးသမီးတွေအတွက် တကယ့် အခက်အခဲကြီးတွေ ဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိက စားဝတ်နေရေးအတွက် ဝင်ငွေ ရှာဖွေပေးနေတဲ့ ရင်းမြစ်တစ်ခုအဖြစ် အားထားနေရတဲ့ တိုင်းရင်းသားဒေသမှ အမျိုးသမီးတွေ ဖြစ်ပါတယ်”။6

လူနည်းစု တိုင်းရင်းသား ဒေသတွေမှာ ဘာသာစကားကလည်း အတားအဆီး တစ်ခု ဖြစ်နိုင်ပါတယ်။ တခါတရံမှာ ဘာသာပြန်ဆိုသူတွေကို ရှာဖွေရခက်ခဲလေ့ရှိပါတယ်။ အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ အမှုကိစ္စတွေကို ရှောင်ရှားချင်တာရယ်၊ ကြောက်ရွံ့တာရယ်ကြောင့် ဘာသာပြန်ဆိုသူတွေက တရားရုံးကြားနာပွဲကို တက်ရောက်ခြင်း မရှိတာလည်း တွေ့ရပါတယ်။

အမှုအခင်းအများစုဟာ အစိုးရရဲ့ တရားဝင် ရာဇဝတ်မှု စစ်ဆေးတဲ့ တရားရေး စနစ်ကို မရောက်ရှိကြပါဘူး။ “လူမှုရေးနဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေထဲ များစွာ နစ်ဝင်နေတဲ့အတွက် အကြမ်းဖက်မှု ဖြစ်စဉ်တွေကို ရဲစခန်းကို တိုင်ကြားခြင်း နည်းပါးလှပါတယ်။ ဒါ့အပြင် ဒေသခံ ရပ်ရွာအတွင်း ဖြေရှင်းတဲ့ ပုံစံတွေမှာ ကျူးလွန်သူရဲ့ မကောင်းမှုအတွက် သတိပေး ဆုံးမတဲ့အနေနဲ့ နစ်နာသူကို ငွေကြေးလျော်ကြေး ပေးအပ်လိုက်ခြင်းသာ ဖြစ်တာကြောင့် ကျူးလွန်သူကို ခွင့်ပြုထားတဲ့ ယဉ်ကျေးမှုမျိုးကို ဖြစ်ပေါ်စေပါတယ်”။7

၃။ အခြားသော ဖိနှိပ်ဆက်ဆံတဲ့ ပုံစံတွေနဲ့ အကြမ်းဖက်မှု

ဥပဒေမှာ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ မဖြစ်မနေ လိုအပ်လှပေမယ့်လည်း အကာအကွယ်ပေးဖို့ လိုအပ်နေတဲ့ အခြား ဖိနှိပ်ဆက်ဆံတဲ့ ပုံစံတွေ ရှိနေပါသေးတယ်။ ဥပမာအားဖြင့် ယောက်ျားတွေ၊ ယောက်ျားလေးတွေ၊ လိင်ကွဲပြားသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွေအတွက်လည်း အားကောင်းတဲ့ အကာအကွယ်ပေး ဥပဒေတွေ ချမှတ်ပေးဖို့ လိုပါတယ်။

၄။ အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ အကြမ်းဖက်မှု

မြန်မာနိုင်ငံ အခြေအနေမှာ အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ အကြမ်းဖက်မှု ပုံစံတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ အကြမ်းဖက်မှုပုံစံတွေဟာ အဖွဲ့အစည်းတစ်ခုခုကနေ အခြေအနေတစ်ရပ်ကို ဖန်တီးပေးထားတဲ့အချိန်မှာ ဖြစ်ပေါ်တတ်ပါတယ်။ ဘယ်လိုအခြေအနေလဲဆိုရင်တော့ ကျူးလွန်သူတွေကို အပြစ်ပေးခြင်း မရှိဘဲ ကျူးလွန်မှုတွေ လုပ်ဆောင်စေနိုင်တာမျိုး ဒါမှမဟုတ် အဖွဲ့အစည်းက ကျူးလွန်မှုတွေကို ငြင်းဆိုတာ၊ ဖုံးဖိပေးတာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်မှုကိုယ်တိုင် အကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတယ်လို့ ဆိုနိုင်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့များက အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း

ကမ္ဘာပေါ်ရှိ အငြင်းပွားရာ ဒေသတွေက အချို့ စစ်တပ်တွေဟာ မုဒိန်းကျင့်ခြင်းကို စစ်ရဲ့ ဖိနှိပ်မှု လက်နက်တစ်ခုအနေနဲ့ အသုံးပြုခဲ့ကြတာကို သမိုင်းတလျှောက်မှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ “၁၉၅၉ ကာကွယ်ရေး အက်ဥပဒေရဲ့ ပုဒ်မ ၇၂ မှာ ဖော်ပြထားတာက လူသတ်မှု ဒါမှမဟုတ် မုဒိန်းမှု ကျူးလွန်တဲ့ စစ်သားတွေကို အရပ်ဘက် တရားရုံးမှာပဲ တရားစွဲဆိုရမယ်” လို့ အတိအကျ ဖော်ပြထားပေမယ့်လည်း8 တကယ့်လက်တွေ့မှာ ဒီလို စစ်ဆေးနိုင်တာ ရှားပါးပါတယ်။ ဒါကြောင့် မူဝါဒချမှတ်သူတွေဟာ စစ်ဘက်ဆိုင်ရာမှ အကြမ်းဖက်သူတွေကို တာဝန်ခံမှုကနေ မရှောင်လွှဲနိုင်စေဖို့ ယန္တရားတွေ ချမှတ်ရပါမယ်။ ပြီးတော့ ကျူးလွန်သူတွေ လုပ်ဆောင်ခဲ့တဲ့ ပြစ်မှုတွေအတွက် လျှို့ဝှက်စီရင်မှု (ဥပမာ - စစ်ခုံရုံး) တွေအစား ကျူးလွန်ခံရသူတွေ ကိုယ်တိုင် မြင်တွေ့နိုင်တဲ့ ပွင့်လင်းမြင်သာတဲ့ တရားရုံးကနေ စီရင်တာမျိုးတွေကို စီမံရပါမယ်။

ဘာသာရေး အဖွဲ့အစည်းများအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း

ဘာသာရေးခေါင်းဆောင်မှုတွေကနေ သူတို့အဖွဲ့အစည်းတွေမှာ ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ငြင်းဆိုတာ ဒါမဟုတ် ဖုံးကွယ်ထားတာတွေကို ကမ္ဘာတစ်ဝန်းမှာ တွေ့မြင်နိုင်ပါတယ်။ ဘာသာရေး အာဏာပိုင်တွေမှာရှိတဲ့ အခွင့်အာဏာတွေဟာ အချို့ လူမှုအသိုက်အဝန်းတွေအပေါ် အပြည့်အဝ သြဇာလွှမ်းမိုးတာကြောင့် ကျူးလွန်သူတွေကို အပြည့်အဝ အကာအကွယ် ပေးထားသလို ဖြစ်နေပါတယ်။ အမှန်တော့ ဥပဒေရှေ့မှောက်မှာ အားလုံး တန်းတူ ဖြစ်ရပါမယ်။

၅။ ကျား/မ ကွာခြားမှု သို့မဟုတ် အခြား တစ်စုံတစ်ခုအပေါ် ဘက်လိုက်မှုရှိသော အစိုးရ အဖွဲ့အစည်းများ

ဓလေ့ထုံးတမ်းဥပဒေတွေက စာရွက်ပေါ် ရေးသားထားခြင်း မရှိ‌ပေမယ့်လည်း အမျိုးသားတွေက အဲဒီဥပဒေတွေ အာဏာ သက်ရောက်မှု ရှိစေဖို့ ဆောင်ရွက်ကြကြောင်း အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရစနစ်တွေမှာလည်း ဒီလို အဖြစ်မျိုးကို မကြာခဏ ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာ အပါအဝင် နိုင်ငံတော်တော်များများမှာ တရားရုံးတွေ၊ ဥပဒေပြု အမတ်တွေ၊ အစိုးရဌာနတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အခြား အဖွဲ့အစည်း အများအပြားဟာ အမျိုးသားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီလို ဘက်လိုက်မှု ရှိတဲ့ အဖွဲ့အစည်းတွေကနေ အမျိုးသမီးတွေနဲ့ အကြမ်းဖက်ခံရတဲ့ နစ်နာသူတွေရဲ့အကျိုးစီးပွားကို ကာကွယ်ပေးမယ့် ဥပဒေ၊ ပေါ်လစီတွေ ဘယ်လို ပေါ်ထွက်လာနိုင်မလဲဆိုတာ ခန့်မှန်းရခက်လှပါတယ်။

မြန်မာနိုင်ငံမှာ “CEDAW ရဲ့ အာဏာ သက်ရောက်မှု ရှိစေရေး အတွက် အဓိက အဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ တို့လို အစိုးရ ဖွဲ့စည်းပေးတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်း (GONGO) တွေမှာ အမျိုးသားတွေက ဦးဆောင်တာ ဒါမှမဟုတ် စစ်တပ် ထိပ်ပိုင်း အရာရှိတွေရဲ့ မိန်းမတွေနဲ့ ဖွဲ့စည်းထားတာကို သမိုင်းတစ်လျှောက်မှာ တွေ့ရပါတယ်။ ဒီအဖွဲ့တွေကလည်း အမျိုးသမီးများကို အခွင့်အာဏာ ပေးအပ်ဖို့ထက် အကာအကွယ်ပေးရေးကိုသာ အာရုံစိုက်ကြတာကို တွေ့ရပါတယ်”။9

အာဏာကို တစ်စုတစ်စည်းထဲ အလွန်အမင်း ထိန်းသိမ်းထားတဲ့ ဗဟိုဦးစီးစနစ်တွေမှာ အစိုးရအဖွဲ့အစည်းတွေ ဖြစ်တဲ့ တရားရုံး၊ ရဲ နဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေဟာ လူမှုအသိုင်းအဝိုင်းကို ဝန်ဆောင်မှုပေးတာထက် သူတို့ရဲ့ ခေါင်းဆောင်တွေကိုပဲ အဓိက အစီရင်ခံကြပါတယ်။ ဖယ်ဒရယ် စနစ်ကျင့်သုံးပြီး အာဏာခွဲဝေမှု အစစ်အမှန် ပြုလုပ်နိုင်ပြီဆိုရင် ဒီအဖွဲ့အစည်းတွေကို လူမှုအသိုင်းအဝိုင်းအတွက် အလုပ်လုပ်ဖို့ တွန်းအားပေးနိုင်သလို ဥပဒေအခွင့်အရေးတွေနဲ့ တရားမျှတမှု လက်လှမ်းမီဖို့တွေကိုပါ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

၆။ အမျိုးသားတွေနဲ့ ယောက်ျားလေးတွေကို အသိပညာပေးခြင်း

မကြာခဏဆိုသလိုပဲ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ငြင်းခုံဆွေးနွေးပွဲတွေဟာ အမျိုးသမီးတွေကို အားနည်းသူတွေ၊ အကူအညီ လိုအပ်နေသူတွေ အဖြစ် တန်ဖိုးလျှော့ချတဲ့၊ နှိမ့်ချပုံဖော်တဲ့ ဘက်ကိုသာ ရောက်ရှိသွားတတ်ပါတယ်။ ဒါကြောင့် ဥပဒေအသစ်တွေ ပြဋ္ဌာန်းတာအပြင် အမျိုးသားတွေနဲ့ ယောက်ျားလေးတွေအား အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှု ရပိုင်ခွင့်ကို အသိပညာပေးခြင်းဖြင့် လူမှုအသိုင်းအဝန်း တစ်ခုလုံးနဲ့ အတူ ပူးတွဲလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ “အမျိုးသားတွေနဲ့ ယောက်ျားလေးတွေကို ဦးတည် အသိပညာပေးခြင်းနဲ့ အချင်းချင်း ပြန်လည် ကြီးကြပ်စေခြင်းအားဖြင့် အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးဖို့ ကြိုးစားတာက သိပ်ကို အရေးကြီးလှပါတယ်”။10

“ရခိုင်ပြည်နယ် မာရွက် ကျေးရွာစုမှာ Action Aid ရဲ့ ယောက်ျားလေး အချင်းချင်း ထိတွေ့ ဆက်ဆံတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့သူ တစ်ယောက်ရဲ့ အပြုအမူတွေဟာ များစွာ တိုးတက်လာတာကို တွေ့ရပါတယ်။ ၎င်းအသိုင်းအဝန်းထဲက အနည်းဆုံး အမျိုးသား ၄ ဦးဟာ သူတို့ရဲ့မိန်းမတွေကို ရိုက်နှက်ခြင်း မပြုတော့ပါ။ ကိုယ့်မိန်းမကိုယ် ရိုက်တာက မှန်ကန်မှု မရှိဘူးဆိုတာ သူတို့ သိလာကြပါတယ်”။11

၇။ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို အထောက်အပံ့ပေးရာမှာ လူမှုအသိုင်းအဝန်းနဲ့ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အစိုးရတွေက အသိအမှတ်ပြုဖို့ လိုပါတယ်။ အခြေအနေ အတော်များများမှာ ဥပဒေအရ ကိုယ်စားပြုပေးနိုင်သူတွေကို ဆက်သွယ်ဖို့ ဆိုတာက မလွယ်ကူပါဘူး။ အဲဒီ သတ္တိရှိတဲ့ အဖွဲ့အစည်းတွေ မရှိဘူးဆိုရင် အမျိုးသမီးတွေဟာ သူတို့ရပ်ရွာထဲက အကြမ်းဖက်မှု ကျူးလွန်မယ့်သူတွေရဲ့ သနားညှာတာမှုကိုသာ မျှော်လင့်နေရမှာ ဖြစ်ပါတယ်။ ခံစားရတဲ့သူ တစ်ဦးချင်းစီကို ထောက်ပံ့ပေးတဲ့ အပြင် CSO တွေဟာ စောင့်ကြည့်ရာတွင်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ကြပါတယ်။ သူတို့ဟာ နေရာအတော်များများမှာ ရှိနေတဲ့ ပြဿနာရဲ့ ကျယ်ပြန့်မှုအတိုင်းအတာကို သိရှိစေနိုင်တဲ့ တစ်ခုတည်းသော ယုံကြည်ရတဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ ၎င်းအဖွဲ့တွေရဲ့ သိသာထင်ရှားတဲ့ ရပ်တည်မှုနဲ့ ကျယ်ပြန့်တဲ့ အသိပညာတွေကြောင့် မူဝါဒချမှတ်တဲ့ နေရာမှာရော၊ ဥပဒေပြုတဲ့နေရာမှာပါ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိကြောင်း အစိုးရတွေက အသိအမှတ်ပြုသင့်ပါတယ်။

ဒါ့အပြင် ဥပဒေကြမ်းတွေ တင်သွင်းတဲ့အခါမှာ ဥပဒေပြုလွှတ်တော်အနေနဲ့ လူတန်းစား အသီးသီးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး အကြံဉာဏ်တောင်းခံခြင်း၊ ဥပဒေပြုရာမှာ နားထောင်ခြင်းနဲ့ သင်ယူခြင်းတို့ ပြုလုပ်ဖို့ စိတ်အားထက်သန်ကြောင်း ပြသရာလည်း ရောက်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေ လမ်းကြောင်းက နိုင်ငံတကာ အေဂျင်စီတွေထံက နည်းပညာ အကူအညီ ရယူခြင်း ဒါမှမဟုတ် ကျွမ်းကျင်တဲ့ ဥပဒေ ပညာရှင်တွေကို မှီခိုခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အဖွဲ့တွေနဲ့ ပညာရှင်တွေဟာ ပြည်တွင်းက အောက်ခြေအဖွဲ့အစည်းတွေမှာ ရှိနေတဲ့ မြေပြင် အတွေ့အကြုံတွေတော့ ရှိမှာ မဟုတ်ပါဘူး။

ယူကေနိုင်ငံ ပါလီမန်ရဲ့ ပြည်ထဲရေးရာကော်မတီက ပြုလုပ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကို လေ့လာစုံစမ်းမှုဟာ အဖွဲ့အစည်းများစွာနဲ့ လူတစ်ဦးချင်းစီကနေ စာနဲ့ရေးသားထားတဲ့ တိုင်ကြားစာ ၁၃၀ ကျော်ကို လက်ခံရရှိခဲ့ပါတယ်။ ဥပဒေရေးရာ အေဂျင်စီတွေ၊ အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်တွေရဲ့ ကိုယ်စားလှယ်အများအပြားထံက နှုတ်နဲ့ ထွက်ဆိုတဲ့ သက်သေတွေကိုလည်း ကြားနာခဲ့ရပါတယ်။ အဲဒီကော်မတီက အစိုးရထံကို အကြံပြုချက် ၃၂ ချက် တင်သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ အစိုးရက ကော်မတီကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် တုန့်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။12 ဒီလို ပွင့်လင်းလွတ်လပ်စွာ ကြားနာမှု ပြုလုပ်တဲ့ နည်းလမ်းဟာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို အားတက်စေနိုင်ပါတယ်။ လွှတ်တော်ဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်နေတယ်လို့လည်း လွှတ်တော်အပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှု တိုးတက်လာစေနိုင်ပါတယ်။

၈။ အကြမ်းဖက်မှုများကို ပြစ်တင်ရှုံချမှု ပြုရာတွင် အစိုးရများဟာ ကျယ်ကျယ်လောင်လောင် နဲ့ တိတိကျကျ ပြောဆိုရန် လိုအပ်

ဘေဂျင်း ကြေညာချက်အရ အစိုးရ တစ်ရပ်ဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို တက်ကြွစွာ ပြစ်တင်ရှုံချဖို့ လိုအပ်ပါတယ်။13 ဒါ့အပြင် အမျိုးသမီးတွေက တရားမျှတမှုကို ကိုယ်တိုင် ရှာဖွေနိုင်ဖို့ အစိုးရက အားပေးပြီး လိုအပ်တဲ့ အထောက်အပံ့တွေ ပေးအပ်ဖို့လည်း လိုအပ်ပါတယ်။ အစိုးရ အာဏာပိုင်အဖွဲ့အစည်းအတွင်း နေရာရထားသူတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရှိနေတာကို ငြင်းဆိုခြင်း မပြုလုပ်သင့်ပါဘူး။ ဒီလို ငြင်းဆိုပါက ကျူးလွန်သူတွေကို ပိုမို အားပေးရာရောက်ပြီး နစ်နာသူတွေအနေနဲ့ တရားမျှတမှု ရရှိဖို့ မျှော်လင့်ချက် အားလုံးကို ဖျက်ဆီးလိုက်သလို ဖြစ်နေမှာ ဖြစ်ပါတယ်။ ဥပမာ အစိုးရက ထောက်ပံ့ထားတဲ့ လူမှုမီဒီယာမှတဆင့် မုဒိန်းမှုတွေဟာ အတုတွေဖြစ်ကြောင်း စွပ်စွဲခြင်းဟာ အမျိုးသမီးတွေကို မုဒိန်းထပ်ကျင့်ခံရနိုင်တဲ့ အန္တရာယ်ကို ချက်ချင်း ကျရောက်စေနိုင်ပါတယ်။

References

1:Tharthi Myay Foundation. (2017). Draft Law on the Protection and Prevention of Violence Against Women: Update and Next Steps .

2:Gender Equality Network. (2013). Developing Anti-Violence Against Women Laws. Discussion Paper Part 1: Background Information.

3:UN Women. (2016). Myanmar. Retrieved from Global Database on Violence against Women: https://evaw-global-database.unwomen.org/en/countries/asia/myanmar#3

4:Gender Equality Network. (2013). Developing Anti-Violence Against Women Laws. Discussion Paper Part 1: Background Information.

5:Women's League of Burma & Asia Justice & Rights. (2016). Briefing Paper: Access to Justice for Women Survivors of Gender-based violence committed by state actors in Burma.

6:Ibid.

7:Action Aid. (2014). Violence Against Women and Girls & Access to Justice in Myanmar: Gender Analysis Brief.

8:Women's League of Burma & Asia Justice & Rights. (2016). Briefing Paper: Access to Justice for Women Survivors of Gender-based violence committed by state actors in Burma.

9:Ibid.

10:Action Aid. (2014). Violence Against Women and Girls & Access to Justice in Myanmar: Gender Analysis Brief.

11:Ibid.

12:UK Parliament. (2018). Home Affairs Committtee: Domestic Abuse Inquiry. Retrieved January 2020, from www.parliament.uk: https://www.parliament.uk/business/committees/committees-a-z/commons-select/home-affairs-committee/inquiries/parliament-2017/domestic-abuse-inquiry-17-19/

13:UN Women. (1995). Beijing Declaration and Platform for Action; Beijing+5 Political Declaration and Outcome. Retrieved from https://www.unwomen.org/~/media/headquarters/attachments/sections/csw/pfa_e_final_web.pdf