Posted in ဥပဒေရေးရာ သုတေသန on Feb 05, 2020

ဥပဒေကြမ်းကို ၂၅.၀၁.၂၀၂၀ ရက်က စပြီး အစိုးရသတင်းစာထဲမှာ အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အင်တာနက် စာမျက်နှာပေါ်မှာတော့ ၂၇.၀၁.၂၀၂၀ ရက်မှာ တင်ခဲ့ပါတယ်။ ဥပဒေကြမ်း အတည်ဖြစ်ခဲ့ရင် အမျိုးသမီးတွေကို အကြမ်းဖက်မှုရန်ကနေ တားဆီးကာကွယ်ပေးဖို့အတွက် ပထမဆုံး သီးသန့် ဥပဒေ တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေ (၀၅.၀၂.၂၀၂၀) – လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။


(၁) ဥပဒေကြမ်းမိတ်ဆက်

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ

‌၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူတိုင်းကို ဥပဒေအရာမှာ တန်းတူညီမျှအခွင့်အရေး ပေးထားပြီး ဥပဒေအကာအကွယ်ကိုလည်း တန်းတူညီမျှ ရယူပိုင်ခွင့်ပေးထားပါတယ် (ပုဒ်မ-၃၄၇)။ နောက်ပြီး နိုင်ငံတော်ဟာ နိုင်ငံသားတိုင်းကို လူမျိုး၊ ယဉ်ကျေးမှု၊ အမျိုးသမီး စတဲ့ အကြောင်းပြချက်တွေနဲ့ ခွဲခြားခြင်း မရှိရပါဘူး (ပုဒ်မ-၃၄၈)။ အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ အခွင့်အရေး နဲ့ လစာတို့ကို ခံစားခွင့် ရှိပါတယ် (ပုဒ်မ-၃၅၀)။

အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ

‌အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (၁၉၉၇)

ဘေဂျင်းသဘောတူကြေညာချက် (၁၉၉၅)

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ

‌၁၉၉၅ ခုနှစ်က ပေကျင်းမြို့မှာ ကျင်းပတဲ့ (၄)ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ညီလာခံမှာ ချမှတ်ခဲ့တဲ့ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် ၁၉၉၆ ခုနှစ်မှာ အစိုးရဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ဖွဲ့စည်းခဲ့ပြီး တိုင်း/ပြည်နယ် မှ ကျေးရွာအထိပါ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အဲဒီကော်မတီကို ယာယီဖျက်သိမ်းခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၈၁/၂၀၁၆ နဲ့ အဲဒီကော်မတီကို ထပ်မံ ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးက ဦးဆောင်မှာ ဖြစ်ပြီး အဖွဲ့ဝင်အနေနဲ့ အမျိုးသမီးအရေးကို ဦးဆောင်နေတဲ့ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ် (၆) ဦး ပါဝင်မှာ ဖြစ်ပါတယ်။ “လုပ်ငန်းတာဝန်တွေကတော့ ‌“အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် - CEDAW” အစီရင်ခံစာကို UNCEDAW ကော်မတီထံ (၄) နှစ်တစ်ကြိမ် တင်ပြဖို့၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) ကို ပြန်လည်သုံးသပ်ဖို့နဲ့ အကောင်အထည်ဖော်ဖို့၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ၊ နည်းဥပဒေ ရေးဆွဲအကောင်အထည်ဖော်ဖို့ စတာတွေ ဖြစ်ပါတယ်။

လက်ရှိအခြေအနေ

Equal Measures 2030 အဖွဲ့ရဲ့ အချက်အလက်အရ မြန်မာနိုင်ငံဟာ ကျား/မတန်းတူညီမျှမှု အညွှန်းကိန်း ၁၀၀ မှာ ၅၄.၁ သာ ရှိပြီး အာဆီယံနိုင်ငံတွေထဲမှာတော့ လာအိုနိုင်ငံပြီးရင် အနိမ့်ဆုံး အညွှန်းကိန်း ဖြစ်နေသေးတာကို တွေ့ရပါတယ်။ အဲဒီ အညွှန်းကိန်းဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ချမှတ်ခဲ့တဲ့ ထောင်စုနှစ်ရည်မှန်းချက် ၁၇ ချက်ကို ပေါင်းစပ်ထားတာ ဖြစ်တဲ့အတွက် ကျား/မ တန်းတူညီမှု အဆင့်အတန်းကို ကျယ်ကျယ်ပြန့်ပြန့် ထင်ဟပ်စေတဲ့ အညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်ကနေ ၄၉ နှစ် အတွင်းမှာရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့ ၁၇ ရာခိုင်နှုန်းဟာ ဘဝမှာ အနည်းဆုံး တစ်ကြိမ်လောက် အိမ်ထောင်ဖက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ဖူးပြီး ၁၁ ရာခိုင်နှုန်းကတော့ လွန်ခဲ့တဲ့ ၁၂ လအတွင်း အလားတူ အကြမ်းဖက်မှုကို ခံစားဖူးတယ်လို့ ဆိုပါတယ် (UN Women, 2016) ။

နောက်ပြီး မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာနဲ့ ပတ်သက်ပြီး (အကြမ်းဖက်မှုတွေရဲ့ သုံးပုံနှစ်ပုံဟာ အိမ်တွင်းမှာ ဖြစ်ပွားတာ ဖြစ်ပါတယ်) ကာကွယ်ပေးဖို့က လက်ရှိအချိန်မှာ ရာဇသတ်ကြီးကိုသာ သုံးနေတာဖြစ်ပြီး သီးသန့်ဥပဒေ မရှိသေးပါဘူး။ လက်ရှိ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ဥပဒေကြမ်းဟာ ၂၀၁၃ ခုနှစ်ကတည်း စတင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။

(၂) ဥပဒေကြမ်းအနှစ်ချုပ်

ဒီဥပဒေကြမ်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ လုပ်ငန်းတာဝန်၊ အကြမ်းဖက်မှု ကြိုတင်တားဆီးတာနဲ့ အကြမ်းဖက်ခံရသူကို ကာကွယ်စောင့်ရှောက်တာ၊ ယာယီအကာအကွယ်‌ပေးရေးအစီအမံ၊ အကာအကွယ်ပေးရေးဆိုင်ရာ အမိန့်၊ အကြမ်းဖက်ခံရသူကို ကာကွယ်ပေးရမယ့် တာဝန်ရှိသူတွေရဲ့ လုပ်ငန်းတာဝန်၊ အကြမ်းဖက်မှုစစ်ဆေးတာ၊ တားမြစ်ချက်နဲ့ ပြစ်ဒဏ် အပါအဝင် တရားမဆိုင်ရာ သက်သာခွင့် စတဲ့ ပြဋ္ဌာန်းချက်တွေ ပါရှိပါတယ်။

  • ဥပဒေကြမ်းဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးမှုတွေ ဆောင်ရွက်ဖို့၊ အကြမ်းဖက်ခံရသူတွေကို လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုပေးဖို့၊ သူတို့ရဲ့ ဘဝလုံခြုံမှု ပိုမိုကောင်းမွန်ဖို့ နဲ့ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ ရည်ရွယ်ထားပါတယ်။
  • ဥပဒေရဲ့ စီရင်ပိုင်ခွင့်ဟာ မြန်မာနိုင်ငံအတွင်း ကျူးလွန်သူတိုင်း၊ ပြည်ပတွင် ကျူးလွန်တဲ့ မြန်မာနိုင်ငံသား/အမြဲတမ်းနေထိုင်ခွင့်ရ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်ကိုင်ထားသူ/အမြဲနေထိုင်ခွင့်ရ နိုင်ငံခြားသား၊ မှတ်ပုံတင်ထားတဲ့ နိုင်ငံအလံ လွှင့်ထူခွင့်ရ ရေယာဉ်/လေယာဉ်ပေါ်မှာ ကျူးလွန်မှု စတာတွေကို လွှမ်းခြုံပါတယ်။
  • မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ လုပ်ငန်းတာဝန်တွေက မူဝါဒနဲ့ လမ်းညွှန်ချက်တွေ ချမှတ်ကြီးကြပ်တာ၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုနဲ့ဆက်နွှယ်တဲ့ ကိစ္စရပ်တွေအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ အချက်အလက်ကောက်ယူတာ ဒါမှမဟုတ် သုတေသနပြုလုပ်တာတွေကို စိစစ်တာ နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကနေ ပြည်ထောင်စုအစိုးရအဖွဲ့ကို နှစ်စဉ် အစီရင်ခံတာတွေ ဖြစ်ပါတယ်။ ကော်မတီဟာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ရန်ပုံငွေကို ဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ သုံးစွဲနိုင်ပါတယ်။
  • ဝန်ကြီးဌာနဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အရေးပေါ် ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေ ထားရှိတာ၊ နှစ်သိမ့်ဆွေးနွေးတာ၊ လူမှုရေးဆိုင်ရာ ပံ့ပိုးတာနဲ့ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲတာတွေအတွက် စံလုပ်ငန်းအစီအစဉ်တွေ ရေးဆွဲတာ၊ ဥပဒေဆိုင်ရာ ဝန်ဆောင်မှု ပေးတာ နဲ့ ဦးစားပေး ယာယီစောင့်ရှောက်ရေးနေရာ တည်ထောင်တာတွေ လုပ်ဆောင်ရပါမယ်။
  • အကြမ်းဖက်ခံရသူဟာ အသက်အန္တရာယ်/စိတ် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ၊ မုဒိမ်းကျူးလွန်ခံရမှုတို့ပေါ် မူတည်ပြီး ဆေးစစ်ဆေးရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကိုယ်ဝန်ဖျက်ချနိုင်ပါတယ်။ အိမ်ထောင်ဖက်ကနေ မုဒိမ်းမှု နဲ့ စိတ်/ရုပ်/စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ရင် ခင်ပွန်းသည်နဲ့ ကွာရှင်းပြတ်စဲခွင့် ရှိပါတယ်။ အလုပ်ရှင်နဲ့ လုပ်ငန်းခွင် စီမံအုပ်ချုပ်သူတွေဟာ အမျိုးသမီးအပေါ် အကြမ်းဖက်မှုနဲ့ဆက်စပ်တဲ့ ကြိုတင်တားဆီးတာနဲ့ ကာကွယ်စောင့်ရှောက်တာတွေအတွက် လုပ်ငန်းခွင်ဆိုင်ရာ မူဝါဒ၊ အခြားလုပ်ငန်းအစီအစဉ်တွေကို ချမှတ်ထားရပါမယ်။
  • အကြမ်းဖက်ခံမှုနဲ့ပတ်သက်ပြီး ကိုယ်တိုင်/ခွင့်ပြုချက်/ကျိုးကြောင်းဖော်ပြချက်တို့နဲ့ ယာယီအကာအကွယ်ပေးရေးအစီအမံကို မြို့နယ်အမျိုးသမီးကော်မတီထံ လျှောက်ထားနိုင်ပါတယ်။ အဆိုပါ အစီအမံဟာ တောင်းဆိုတဲ့နေ့မှ ရက်ပေါင်း ၃၀ ထက်တော့ မပိုရပါဘူး။ မြို့နယ်ကော်မတီဟာ အဆိုပါအစီအမံအတွင်း အကာအကွယ်ပေးရေးဆိုင်ရာ အမိန့် လျှောက်ထားနိုင်ဖို့ အကူအညီ ‌ပေးရပါမယ်။ အစီအမံကို လျှောက်သလိုပဲ အကာအကွယ်ပေးရေးဆိုင်ရာ အမိန့်ကို တရားရုံးမှာ လျှောက်ထားနိုင်ပါတယ်။ စတင်လျှောက်ထားရက်မှ ၁၄ ရက်အတွင်း တရားရုံးက အဆုံးအဖြတ် ချမှတ်ရပါမယ်။ မကျေနပ်သူဟာ အဆင့်မြင့်တရားရုံးကို ပြင်ဆင်ခွင့် လျှောက်ထားနိုင်ပါတယ်။
  • သက်ဆိုင်ရာ တရားရုံးက အကြမ်းဖက်မှုကို စစ်ဆေးရာမှာ အကြမ်းဖက်ခံရသူကို သီးသန့်လုံခြုံတဲ့ အခန်းတွင် စစ်ဆေးခြင်း၊ သဘောတူညီမှုမပါဘဲ သတင်းမီဒီယာတွေကို ထုတ်ဖော်တင်ပြခွင့်မပြုခြင်းနဲ့ စကားပြန်/သင်္ကေတဘာသာစကားတွေကို စီစဉ်ပေးခြင်း တို့ ပြုလုပ်ရပါမယ်။
  • ဥပဒေကြမ်းမှာ တားမြစ်ချက်နဲ့ ပြစ်ဒဏ်အပြင် တရားမဆိုင်ရာ သက်သာခွင့် လျှောက်ထားခွင့်တွေပါ ပါရှိပါတယ်။ ဥပဒေပါ ပြစ်မှုတွေဟာ ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်။

ဆက်စပ်ဥပဒေများ

  • ရာဇသတ်ကြီး
  • ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉)

လင့်ခ်

ဥပဒေကြမ်း

ဆက်သွယ်ရန်

မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org