Posted in ဥပဒေရေးရာ သုတေသန on Jan 14, 2020

အသေးစား ငွေရေးကြေးရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ၂၀၁၁ ခုနှစ်မှာ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တည်ဆဲဥပဒေကို အစားထိုးဖို့အတွက် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းလာပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းထားပြီး ပြင်ဆင်ချက်အဆိုတင်သွင်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အမည်စာရင်း တောင်းခံထားပါတယ်။ ဒီဥပဒေကြမ်းဆန်းစစ်မှုမှာ အသေးစား ငွေရေးကြေးရေး ဥပဒေကြမ်းကို လေ့လာသုံးသပ်သွားပါမယ်။

(၁) ထူးခြားတဲ့ လုပ်ငန်းထိန်းကျောင်းမှု

ဥပဒေကြမ်းမှာ တည်ဆဲဥပဒေမှာပါရှိခဲ့တဲ့ ဒုတိယသမ္မတဦးဆောင်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းကော်မတီ မပါဝင်လာတော့ဘဲ အသေးစားငွေရေးကြေးရေး ကြီးကြပ်မှု ကော်မတီ နဲ့ တိုင်း‌ဒေသကြီး/ပြည်နယ်/နေပြည်တော်ကောင်စီက ဖွဲ့စည်းတဲ့ အသေးစားငွေရေးကြေးရေး လုပ်ငန်းကော်မတီ ဆိုပြီး ကော်မတီနှစ်ဆင့်သာ ရှိတော့မှာ ဖြစ်ပါတယ်။ လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းတာဝန်တွေဟာလည်း တည်ဆဲဥပဒေနဲ့မတူတော့ဘဲ တိတိကျကျ ဖြစ်လာပြီး လိုင်စင်မဲ့ အသေးစားငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်တာတွေကို စုံစမ်းအရေးယူဖို့ နဲ့ ၄င်းလုပ်ငန်းတွေရဲ့ ဆောင်ရွက်ချက်တွေက ဥပဒေပါ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီမညီကိုပါ စိစစ်ကြပ်မတ်ရတော့မှာ ဖြစ်ပါတယ်။ အလားတူပဲ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနကိုလည်း လုပ်ငန်းတာဝန်တွေ ပိုမို ပေးထားတာကို တွေ့ရပါတယ်။ ဒီလို ကော်မတီလျှော့ချတာနဲ့ လုပ်ငန်းကော်မတီ၊ ဦးစီးဌာန စတာတွေကို လုပ်ငန်းတာဝန် ပိုပေးလာတာဟာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကို ထိန်းကျောင်းဖို့အတွက် အစိုးရဌာနအဖွဲ့အစည်းတွေကို ပိုမို အားထားလာတာလို့ ယူဆနိုင်ပါတယ်။

တစ်ဖက်မှာလည်း လိုင်စင်ရရှိထားတဲ့ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်းမှာ အသင်းဝင်အဖြစ် ဝင်ရောက်ရမယ်လို့ ဆိုထားတာကို တွေ့ရပါတယ်။ အကယ်၍ ဝင်ရောက်ဖို့ ပျက်ကွက်ရင် စီမံခန့်ခွဲရေးနည်းလမ်းအရ လုပ်ငန်းကန့်သတ်တာ ဒါမှမဟုတ် လိုင်စင်ရုပ်သိမ်းတာ စတာတွေ အရေးယူခံရနိုင်ပါတယ်။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေကို သက်ဆိုင်ရာဥပဒေအရ မှတ်ပုံတင်ထားတဲ့ ပြည်တွင်း/ပ ကုမ္ပဏီနဲ့ အစုစပ်ကုမ္ပဏီတွေလို့ အဓိပ္ပာယ် ဖွင့်ဆိုထားတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရပဲ မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်းမှာ မဖြစ်မနေ ဝင်ရောက်ရမယ်ဆိုတာဟာ စဉ်းစားစရာ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်းဟာ အဓိကအားဖြင့် မွမ်းမံသင်တန်းဖွင့်တာနဲ့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပတာတွေကိုသာ ထောက်ပံ့ပေးနေပြီး အဆိုပါ စွမ်းရည်တွေ ရရှိဖို့ မဖြစ်မနေ အသင်းဝင်ရောက်စေတာမျိုးအတွက် ရည်ရွယ်ပြီး ထည့်သွင်းထားတာမျိုးဆိုရင် လက်တွေ့မကျပါဘူး။ နောက်ပြီး ဒါဟာ တည်ဆဲဥပဒေပါ လုပ်ငန်းကော်မတီရဲ့ တာဝန်တစ်ရပ်ဖြစ်တဲ့ “အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေ ရှင်သန်တိုးတက်ဖို့ လေ့ကျင့်သင်ကြားတာ နဲ့ ပညာဖြန့်ဖြူးပေးတာ” ကို အစားထိုးသလို ဖြစ်နေပါတယ်။ ဒါမှမဟုတ် အသင်းဝင်စေခြင်းက အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေကို အသင်းကနေ ထိန်းကျောင်းကြီးကြပ်ဖို့ ရည်ရွယ်တယ်ဆိုရင်တော့ အစိုးရဌာနတွေဟာ မိမိတို့ရဲ့ တာဝန်ယူ တာဝန်ခံမှုကို ရှောင်လွှဲဖို့ ကြိုးစားတာလို့ အဓိပ္ပာယ်ရပါတယ်။

(၂) တင်းကျပ်ရှုပ်ထွေးလာတဲ့ လုပ်ငန်းလိုင်စင်

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားဖို့ တည်ဆဲဥပဒေမှာ လျှောက်လွှာပုံစံ နဲ့ ဖြစ်နိုင်ခြေလေ့လာချက်တွေကို လုပ်ငန်းကော်မတီကတဆင့် ကြီးကြပ်မှုကော်မတီကို တင်ပြရမယ်လို့ ဖော်ပြထားပြီး ကြီးကြပ်မှုကော်မတီက ရက် (၃၀) အတွင်း စိစစ်အကြောင်းပြန်ရမယ်လို့ ဆိုထားပါတယ်။ ဥပဒေကြမ်းမှာတော့ အထက်ပါ အချက်အလက်တွေအပြင် ၃ နှစ်စာ စီးပွားရေးလုပ်ငန်းစီမံချက်ပါ ပူးတွဲ ပါရှိရမှာဖြစ်ပြီး ဦးစီးဌာနကတဆင့် ကြီးကြပ်မှုကော်မတီကိုတင်ပြရမှာ ဖြစ်ပါတယ်။ လိုင်စင်ထုတ်ပေးရာမှာတော့ လုပ်ငန်းကော်မတီက စိစစ်ပြီး ရက် (၃၀) အတွင်း ကြီးကြပ်မှုကော်မတီကို တင်ပြကာ ကြီးကြပ်မှုကော်မတီကနေ ရက် (၆၀) အတွင်း အကြောင်းပြန်ရမှာ ဖြစ်ပါတယ်။ လိုင်စင် စတင်ထုတ်ပေးရာမှာတော့ ၁ နှစ်သက်တမ်းရှိ ယာယီလိုင်စင်ကို ထုတ်ပေးရမှာ ဖြစ်ပြီး အမြဲတမ်းလိုင်စင်ကိုတော့ လုပ်ငန်းဆောင်ရွက်မှုတွေ စစ်ဆေးပြီးမှသာ ထုတ်ပေးမှာ ဖြစ်ပါတယ်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေရဲ့ လိုင်စင်လျှောက်ထားရာမှာ ၃ နှစ်စာ စီးပွား‌ရေးလုပ်ငန်းစီမံချက်တင်ပြဖို့ လိုအပ်ခြင်း နဲ့ ယာယီလိုင်စင်ကိုသာ စတင်ထုတ်ပေးခြင်းက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် လိုင်စင်လျှောက်ထားတဲ့အခါ ဦးစီးဌာနကတဆင့် ကြီးကြပ်မှုကော်မတီကို တင်ပြရမယ်လို့ ဆိုပေမယ့် လိုင်စင်ထုတ်ပေးရာမှာတော့ လုပ်ငန်းကော်မတီက စိစစ်ပြီး ကြီးကြပ်မှုကော်မတီကို တင်ပြရမယ်လို့ ဆိုထားပြီး ဦးစီးဌာနနဲ့ လုပ်ငန်းကော်မတီကြားက ကြာမြင့်မယ့်အချိန် ပါရှိမလာတာကို တွေ့ရပါတယ်။ နောက်ပြီး ဦးစီးဌာနကတဆင့် ကြီးကြပ်မှုကော်မတီက စိစစ်ပြီးတဲ့အထိ အဆင့်ဆင့်မှာ လိုင်စင်ရရှိဖို့ အချိန်ကြန့်ကြာမှုက လုပ်ငန်းလုပ်ကိုင်ဖို့အတွက်ပါ အဟန့်အတား တစ်ခုသဖွယ် ဖြစ်လာနိုင်ပါတယ်။

(၃) ပိုမိုသွက်လက်လာနိုင်တဲ့ ငွေကြေးလည်ပတ်မှုရဲ့ နောက်ကွယ်

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေဟာ နှစ်စဉ်အသားတင်အမြတ်ရဲ့ ၂၅ ရာခိုင်နှုန်းကို သီးသန့်ရန်ပုံငွေထဲကို မတည်ငွေရင်းရဲ့ ၃၀ ရာခိုင်နှုန်းပြည့်တဲ့အထိ ထည့်သွင်းဖို့ ဖော်ပြထားပါတယ်။ ဒါဟာ တည်ဆဲဥပဒေနဲ့မတူဘဲ မတည်ငွေရင်းရဲ့ ၁၀၀ ကနေ ၃၀ ရာခိုင်နှုန်းသို့ လျှော့သတ်မှတ်လာတဲ့အတွက် ငွေကြေးလည်ပတ်မှုပိုင်းက ကြည့်ရင် ပိုပြီး သွက်လက်လာနိုင်တယ်လို့ ယူဆနိုင်ပါတယ်။

ဒီလို ငွေ‌ကြေးလည်ပတ်မှု အားကောင်းဖို့ လုပ်ဆောင်တာဟာ တည်ဆဲဥပဒေနဲ့မတူတဲ့ ပြောင်းလဲမှု နှစ်ခုကြောင့် ဖြစ်နိုင်စရာ ရှိပါတယ်။ ပထမတစ်ခုဟာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကို ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်ဖော်ပြချက် ဖြစ်ပါတယ်။ အဆိုပါ ဖွင့်ဆိုချက်အရဆိုရင် ၄င်းလုပ်ငန်းတွေဟာ အသေးစားချေးငွေတွေတင်မက အသေးစားစီးပွားရေးလုပ်ငန်းချေးငွေတွေကိုပါ ထုတ်ချေးလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ တည်ဆဲဥပဒေက ခွင့်ပြုထားတဲ့ အဖွဲ့အစည်းတွေဟာ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်း၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ၊ သမဝါယမအသင်း၊ ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ ဖြစ်ကြပေမယ့် ဥပဒေကြမ်းအရဆိုရင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ နဲ့ အစုစပ်လုပ်ငန်းဥပဒေအရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဆိုပြီး ဖြစ်လာပါတယ်။

ဒီပိုသွက်လက်လာနိုင်တဲ့ ငွေကြေးလည်ပတ်မှုနောက်ကွယ်မှာ စဉ်းစားစရာ ကောင်းတဲ့အချက်တွေ ရှိပါတယ်။ ဥပမာဆိုရင် ချေးငွေထုတ်ပေးတဲ့ အပိုင်းမှာ အခြေခံလူတန်းစားတွေ မပါလာတော့ဘဲ အသင်းဝင်တွေသာလို့ ဆိုထားတဲ့ အချက် ဖြစ်ပါတယ်။ ဒါဟာ ဥပဒေကြမ်းပါ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ ပြည်သူအားလုံး ပါဝင်နိုင်တဲ့ ငွေကြေးကဏ္ဍ တည်ဆောက်ရေးကို ထောက်ကူဖို့ဆိုတာနဲ့ ဆန့်ကျင်နေပါတယ်။ နောက်စဉ်းစားစရာအချက်က အသေးစားငွေရေးကြေးရေးလုပ်ကိုင်နိုင်တဲ့ အဖွဲ့အစည်းမှာ သမဝါယမအသင်းတွေ နဲ့ ပြည်တွင်း/ပ အဖွဲ့အစည်းတွေ ပါမလာတဲ့ အချက် ဖြစ်ပါတယ်။ ဒါဟာ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီရဲ့ အစီရင်ခံစာ (၂၁.၀၅.၂၀၁၉) ပါ အကြံပြုချက်နဲ့ ကိုက်ညီပေမယ့် မြေပြင်အခြေအနေနဲ့ သင့်လျော် မသင့်လျော် မေးခွန်းထုတ်ရမှာ ဖြစ်ပြီး အစိုးရဌာနတွေရဲ့ အဖွဲ့အစည်းအမျိုးမျိုးကို ကြီးကြပ်ထိန်းကျောင်းရတဲ့ တာဝန်ကို လျော့ပေါ့စေချင်တာကြောင့်လားလို့ မေးစရာ ဖြစ်နေပါတယ်။

(၄) အကောင်အထည်ဖော်မှုပိုင်းအတွက် တာဝန်ကြီးမှု

ဆင်းရဲမွဲတေမှုလျှော့ချဖို့ အသေးစားငွေရေးကြေးရေးလုပ်ငန်းကို လုပ်ဆောင်ကြရာမှာ အဓိကအားဖြင့် ချည်းကပ်မှုနည်းလမ်း နှစ်သွယ် ရှိပါတယ်။ ပထမချည်းကပ်မှုနည်းလမ်းကို Minimalist Approach လို့ ခေါ်ပါတယ်။ ဒီနည်းလမ်းကို ထောက်ခံကြသူတွေဟာ ငွေကြေးဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ချေးငွေပုံစံနဲ့သာ ပေးချင်ကြပြီး တခြား ငွေကြေးမဟုတ်တဲ့ ဝန်ဆောင်မှုတွေကိုတော့ စီမံခန့်ခွဲမှု ကုန်ကျစရိတ် နဲ့ လုပ်ငန်းလည်ပတ်စရိတ် မြင့်မားတာကြောင့် ရှောင်လွဲတတ်ကြပါတယ်။ ဒုတိယနည်းလမ်းကတော့ Credit-plus Approach ဖြစ်ပြီး ငွေကြေးအရင်းအနှီးအပြင် လုပ်ငန်းကျွမ်းကျင်မှုမြှင့်တင်ပေးတာတွေ၊ ဈေးကွက်ဆိုင်ရာ ထောက်ကူပေးတာတွေ၊ သွင်းအားစုထောက်ပံ့ ပေးတာတွေ နဲ့ စီးပွားရေးတိုးတက်ဖို့ ဝန်ဆောင်မှုတွေကိုပါ ပေးဖို့ အဆိုပြုကြပါတယ်။ ဒီနည်းလမ်းကို အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ဆောင်ရာမှာ အသိအမှတ်ပြု လက်ခံတာတွေ များလာပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေရဲ့ အောင်မြင်မှုအတွက်သာမက ရေရှည်တည်တံ့ဖို့အတွက်ပါ ထောက်ကူပေးတာကို ထည့်တွက်လာကြပါတယ်။

ဒီဥပဒေကြမ်းမှာဆိုရင်လည်း Credit-plus Approach ဘက် ဦးစားပေးလာတာကို တွေ့နိုင်ပါတယ်။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေဟာ အသင်းဝင်ကာကွယ်ရေးစည်းမျဉ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်လာမှာ ဖြစ်သလို အသင်းဝင်တွေကိုလည်း ငွေကြေးအသိပညာပေးခြင်းလုပ်ငန်းတွေကိုပါ မပျက်မကွက် ဆောင်ရွက်ဖို့ တာဝန်ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အကောင်အထည်ဖော်မှုအပိုင်းနဲ့ပတ်သက်ရင်တော့ စောင့်ကြည့်မှု၊ အရေးယူမှုအပိုင်းတို့နဲ့ပတ်သက်ပြီး အတော် တာဝန်ကြီးလာမှာကို မှန်းဆနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းမခြင်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်

ဥပဒေကြမ်းမိတ်ဆက် - အသေးစား ငွေရေးကြေးရေး ဥပဒေကြမ်း

ဥပဒေကြမ်းအနှစ်ချုပ် - အသေးစားငွေရေးကြေးရေးဥပဒေကြမ်း