Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု, ဥပဒေရေးရာ သုတေသန on Oct 29, 2019
ဥပဒေကြမ်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကပေးပို့လာတယ်လို့ ယူဆရပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ ၁၆.၁၀.၂၀၁၉ ရက်စွဲနဲ့ ဖော်ပြလာတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေ (၂၉.၁၀.၂၀၁၉) - လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ
ဥပဒေကြမ်း
ဥပဒေကြမ်းမှာ အသေးစားငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီနဲ့ လုပ်ငန်းကော်မတီဖွဲ့စည်းပုံတွေ ပါရှိပြီး အသေးစားငွေရေးကြေးရေး လုပ်ကိုင်နိုင်မယ့် အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နိုင်မယ့် လုပ်ငန်းတွေကိုလည်း ဖော်ပြထားပါတယ်။
အကျဉ်းချုပ်
-
ရည်ရွယ်ချက်ထဲမှာ ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်တဲ့ ငွေကြေးကဏ္ဍတည်ဆောက်ရေးကို အထောက်အကူပြုဖို့နဲ့ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှု ရယူသုံးစွဲသူတွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးတွေ တိုးတက်ကောင်းမွန်စေဖို့လို့ ပါရှိပါတယ်။
-
ဥပဒေကြမ်းမှာ အသေးစားငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီနဲ့ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းတွေပါရှိပြီး လုပ်ငန်းတာဝန်နဲ့ လုပ်ကိုင်ခွင့်တွေကိုလည်း သတ်မှတ်ထားပါတယ်။
-
အသေးစားငွေရေးကြေးရေးကြီးကြပ်မှုကော်မတီကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးရမှာ ဖြစ်ပြီး ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ရမှာ ဖြစ်ပါတယ်။ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတဲ့အခါမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကျွမ်းကျင်သူနှစ်ယောက်ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းရမှာ ဖြစ်ပါတယ်။
-
အသေးစားငွေရေးကြေးရေးလုပ်ငန်းကော်မတီကိုတော့ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်နဲ့ နေပြည်တော်ကောင်စီတွေမှာ သက်ဆိုင်ရာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး သင့်တော်တဲ့ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
-
အသေးစားငွေရေးကြေးရေး လုပ်ကိုင်မယ့် အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့ အစုစပ်လုပ်ငန်းဥပဒေတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ရပါမယ်။ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေအတွက် လိုင်စင်ထုတ်ပေးတာ ဒါမှမဟုတ် ရုပ်သိမ်းတာ ဒါမှမဟုတ် ပယ်ဖျက်တဲ့အခါတိုင်းမှာ မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ကြေငြာရပါမယ်။
-
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ဆောင်ရွက်နိုင်တဲ့လုပ်ငန်းများမှာ -
- အသေးစားချေးငွေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းချေးငွေ ထုတ်ချေးခြင်း
- စုဆောင်းငွေလက်ခံခြင်း
- ငွေလွှဲပြောင်းပေးပို့ခြင်း
- အာမခံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း
- အရစ်ကျငွေချေးစနစ်ဖြင့် ပစ္စည်းဝယ်ယူမှု ဆောင်ရွက်ခြင်း
- ဗဟိုဘဏ်ရဲ့ စည်းမျဉ်းသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေ ရယူသုံးစွဲခြင်း
- ကြီးကြပ်မှုကော်မတီက ခွင့်ပြုတဲ့ အခြားအသေးစားငွေရေးကြေးရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်း
-
အသေးစားငွေရေးကြေးရေးလုပ်ငန်းလိုင်စင်မရှိဘဲ ဆောင်ရွက်ခဲ့မယ်ဆိုရင် ကျပ်သိန်းထောင့်ငါးရာထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ငါးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး အခြားတားမြစ်ချက်တွေကို ဖောက်ဖျက်ခဲ့ရင်လည်း ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ သတ်မှတ်ထားပါတယ်။
အခြားဆက်စပ်ဥပဒေများ
The Partnership Act 1932
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ၂၀၁၄
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၂၀၁၄
ယှဉ်ပြိုင်မှုဥပဒေ ၂၀၁၅
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇
လင့်ခ်များ
ဆက်သွယ်ရန်
လှမျိုးကျော်၊ အာနန္ဒာ၊ hlamyokyaw@theananda.org