Posted in Legislative Analysis, Political Institutions on Oct 31, 2019

ဥပဒေကြမ်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းလာတယ်လို့ ယူဆရပြီး ရည်ရွယ်ချက်အနေနဲ့ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုကို ရယူသုံးစွဲနေသူတွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးတွေ တိုးတက်ကောင်းမွန်ဖို့နဲ့ ပြည်သူအားလုံးပါဝင်တဲ့ ငွေကြေးကဏ္ဍ တည်ဆောက်ရေးကို အထောက်အကူပြုဖို့လို့လည်း ဆိုထားပါတယ်။

နောက်ခံအကြောင်းအရာ

အသေးစားငွေရေးကြေးရေးဥပဒေကို ပထမအကြိမ်လွှတ်တော်သက်တမ်းကာလမှာ ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၀၁၁ ခုနှစ်၊ ၁၃)အနေနဲ့ ဥပဒေပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်လောက်ကလည်း အသေးစားငွေရေးကြေးရေးဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့အတွက် လုပ်ဆောင်မှုတွေ ရှိခဲ့ပါတယ်။

ဥပဒေပြုပြီးနောက် စိစစ်ခြင်း

အသေးစားငွေးရေးကြေးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီအစီရင်ခံစာကို ဒုတိယအကြိမ်လွှတ်တော်ရဲ့ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။ ကော်မတီဟာ ဥပဒေပြုပြီးနောက် စိစစ်ခြင်း လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အသေးစားငွေရေးကြေးရေးဥပဒေကို လေ့လာခဲ့တာဖြစ်ပါတယ်။ အသေးစားငွေရေးကြေးရေးဥပဒေနဲ့ ပတ်သက်ပြီး ကော်မတီရဲ့ (၂၁.၅.၂၀၁၉)ရက်စွဲနဲ့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ခေတ်ကာလနဲ့ လျော်ညီတဲ့ဥပဒေအသစ် ရေးဆွဲဖို့ အကြံပြုထားပါတယ်။ အစီရင်ခံစာထဲမှာ စိစစ်လေ့လာတွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေပါဝင်ပြီး ဥပဒေရဲ့ ရည်ရွယ်ချက်တွေကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မယ့် ဥပဒေတစ်ရပ်ဖြစ်ဖို့ အထူးလိုအပ်ကြောင်း ဆိုထားပါတယ်။

အစီရင်ခံစာအရ အသေးစားငွေရေးကြေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလထိ အစိုးရမဟုတ်တဲ့နိုင်ငံတကာအဖွဲ့အစည်း (၅)ဖွဲ့၊ အစိုးရမဟုတ်တဲ့ပြည်တွင်းအဖွဲ့အစည်း (၂၂)ဖွဲ့၊ ပြည်ပကုမ္ပဏီ (၃၉)ခု၊ ပြည်တွင်းကုမ္ပဏီ (၁၀၇)ခု၊ အစုစပ်ကုမ္ပဏီ (၃)ခုတို့က လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေပါတယ်။ အဲဒီအချိန်ထိ လုပ်ငန်းမတည်ငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၃၂၇,၉၈၇.၈၃၀၊ ထုတ်ချေးငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၃,၆၅၂,၉၉၀.၁၈၀နဲ့ ငွေချေးသူဦးရေ ၃,၀၈၈,၂၈၈ ဦးရှိကြောင်း အစီရင်ခံမှာ ပါရှိပါတယ်။ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံလူဦးရေရဲ့ (၆)ရာခိုင်နှုန်းနီးပါးကို အသေးစားငွေရေးကြေးရေးလုပ်ငန်းက လွှမ်းခြုံထားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီစာရင်းက ၂၀၁၇ ခုနှစ်၊ ဇူလိုင်လကစာရင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ နောက်ထပ် လူ ၄၂၄,၆၆၃ ဦးကို ထပ်မံထုတ်ချေးနိုင်တဲ့အတွက် (၇)ရာခိုင်နှုန်းနီးပါးကို ရောက်ရှိသွားပြီလို့ ဆိုနိုင်ပြီး လက်ရှိအချိန်မှာတော့ ဒီထက်များစွာ ပိုနိုင်ပါတယ်။

အစီရင်ခံစာရဲ့ စိစစ်တွေ့ရှိချက်အရ ချေးငွေရယူသူတွေဟာ ချေးငွေတွေကို မှန်ကန်စွာအသုံးပြုမှုမရှိခြင်း၊ ပြန်လည်ပေးဆပ်ချိန်မှာ ပြင်ပမှ အတိုးနှုန်းကြီးကြီးဖြင့်ယူပြီး ပြန်လည်ပေးဆပ်နေခြင်း၊ ငွေကြေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့တစ်ဖွဲ့ထက်ပိုပြီး ငွေကို ချေးယူနေကြခြင်းနဲ့ ပြန်လည်ပေးဆပ်နိုင်တာထက် ချေးယူနေကြခြင်းဆိုပြီး ပါရှိပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ နေရာဒေသတွေကို ထုတ်ချေးပေးနိုင်မှုမရှိခြင်းနဲ့ လိုင်စင်မဲ့ငွေထုတ်ချေးသူတွေနဲ့ အဖွဲ့အစည်းတွေ ရှိနေခြင်းတို့ကိုလည်း တွေ့ရှိရကြောင်း အစီရင်ခံမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ သုံးသပ်တွေ့ရှိချက်အနေနဲ့ နေရာဒေသတစ်ခုတည်းမှာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုထက်ပိုပြီး ရှိနေခြင်းကြောင့် အထက်ပါပြဿနာတွေကို ကြုံတွေ့နေရပြီး ခွင့်ပြုမိန့်လိုင်စင် ချထားခြင်းဆိုင်ရာ မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်စိစစ်ရန်လိုကြောင်းနဲ့ အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကုမ္ပဏီအဖြစ် ပြောင်းလဲဆောင်ရွက်သင့်ကြောင်းအပါအဝင် ခေတ်စနစ်နဲ့ လိုက်လျောညီထွေရှိတဲ့ ဥပဒေတစ်ရပ် ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်းကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးဌာနရဲ့ ပြန်လည်ရှင်းလင်းချက်

ပြည်သူ့လွှတ်တော်ရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း လွှတ်တော်မှာ ပြန်လည်ရှင်းလင်းထားပြီး ဥပဒေကြမ်းရေးဆွဲနေကြောင်းကို ရှင်းလင်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကော်မတီရဲ့ အစီရင်ခံစာ ထွက်ရှိပြီး (၅)လနီးပါးအကြာ ၁၆.၁၀.၂၀၁၉ ရက်နေ့မှာ အသေးစားငွေရေးကြေးရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြလာပါတယ်။

ဥပဒေကြမ်းပါ စိတ်ဝင်စားစရာအချက်

၂၀၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အသေးစားငွေရေးကြေးဥပဒေမှာ ဥပဒေအရဖွဲ့စည်းတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကော်မတီ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီနဲ့ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဆိုပြီး ကော်မတီသုံးခု ဖွဲ့စည်းတာ ပါရှိပါတယ်။ အခုဥပဒေကြမ်းမှာတော့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ကော်မတီ ဖွဲ့စည်းတာ မပါရှိတော့ဘဲ ကျန်ကော်မတီနှစ်ရပ် ဖွဲ့စည်းခြင်းပဲ ပါရှိပါတော့တယ်။

ဥပဒေတွေရဲ့ အကျိုးသက်ရောက်မှုကို တိုင်းတာတဲ့ ဥပဒေပြုပြီးနောက် စိစစ်ခြင်း လုပ်ငန်းစဉ်အရ ရှေ့ပြေးစမ်းသပ်ရာ (pilot project) မှ ပေါ်ထွက်လာခဲ့တဲ့ အသေးစားငွေရေးကြေးရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းဆန်းစစ်မှုကို အာနန္ဒာက ဆက်လက်ရေးသားသွားပါမယ်။