Posted in ဥပဒေရေးရာ သုတေသန on Jun 21, 2019
မကြာမီအချိန်က လွှတ်တော်ဆီကို အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကြမ်း ပေးပို့လာပါတယ်။ ဥပဒေကြမ်းထဲမှာတော့ အစိုးရဌာနတွေရဲ့ မှတ်တမ်းနဲ့မော်ကွန်းတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ နိုင်ငံသားတွေဆီမှာရှိနေတဲ့ သမိုင်းဆိုင်ရာတန်ဖိုးရှိမှတ်တမ်းတွေနဲ့ ရှားပါးအမွေအနှစ်အထောက်အထားတွေကို ရှာဖွေစုဆောင်းပြီး စုစည်းထိန်းသိမ်းထားဖို့၊ နဲ့ နိုင်ငံသားတွေရဲ့အကျိုးစီးပွားအတွက် အသုံးပြုနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
Photo by Philippe Bourhis on Unsplash
မော်ကွန်းရဲ့လက္ခဏာရပ်များ
လူမှုအသိုင်းအဝန်း၊လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့ မော်ကွန်းတွေဖြစ်ဖို့ဆိုရင် ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်ဖြစ်ဖို့ လိုအပ်ပါတယ်။ အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များကောင်စီက ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်ဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အချက်လေးချက် ရှိပါတယ်။ အဲဒီအချက်တွေကတော့ -
(၁) စစ်မှန်မှု - မှတ်တမ်းမှာဖော်ပြထားတဲ့ အကြောင်းအရာ၊ ဖော်ပြထားတဲ့ကာလ၊မှတ်တမ်းကိုရေးမှတ်ထားသူ
(၂) ယုံကြည်ရမှု - မှတ်တမ်းပါ အဖြစ်အပျက်တွေဟာ အမှန်တကယ် ဖြစ်ပျက်ခဲ့တာ ဖြစ်ပေမယ့်လည်း အဖြစ်အပျက်ကို မှတ်တမ်းတင်သူတွေ၊အဖွဲ့အစည်းတွေရဲ့အမြင်တွေ ပါလာနိုင်တယ်။
(၃) ပြည့်စုံမှု - ပါဝင်တဲ့အချက်အလက်တွေဟာ ရှင်းလင်းလွယ်ကူစွာ နားလည်နိုင်တဲ့ အခြေအနေရှိဖိ လည်း လိုအပ်ပါတယ်
(၄) အသုံးပြုနိုင်မှု - မော်ကွန်းအချက်အလက်တွေကို အလွယ်တကူ ရယူနိုင်တဲ့အခြေအနေနဲ့ အသုံး
မော်ကွန်းတွေရဲ့ အရေးပါပုံ
မှတ်တမ်းနဲ့မော်ကွန်းတွေဆိုတာ အတိတ်ကာလရဲ့သက်သေတွေဖြစ်ပြီး၊ အတိတ်ကလုပ်ဆောင်မှုတွေက ဘာကြောင့် လုပ်ဆောင်ခဲ့တယ် ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို အထောက်အထား၊ ရှင်းလင်းချက် နဲ့ အကြောင်းပြချက်တွေကို ပေးစွမ်းနိုင်ပါတယ်။ဒါ့အပြင် အတိတ်ကာလက အဖြစ်အပျက်တွေပေါ် မူတည်ပြီး လက်ရှိကာလမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက်လည်း အထောက်အကူပေးနိုင်ပါတယ်။မှတ်တမ်းနဲ့ မော်ကွန်းတွေဟာ သုသေတနတွေ လုပ်နိုင်စေဖို့၊ လူ့အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့နဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်လက္ခဏာတွေကို သိရှိပြီး ယဉ်ကျေးတဲ့လူမှုအသိုင်းအဝိုင်းတွေကို တည်တံ့စေဖို့အတွက်လည်း အရေးပါပါတယ်။မော်ကွန်းတွေက ထူးခြားတဲ့ ခေတ်ပြိုင်မှတ်တမ်းတွေဖြစ်တဲ့အတွက် ပျောက်ဆုံးသွားရင် အစားထိုးဖို့မလွယ်ကူပါဘူး။
မြန်မာနိုင်ငံအနေနဲ့လည်း သမိုင်းမှတ်တမ်းတွေကို ထင်ကျန်စေဖို့အတွက် နိုင်ငံတကာအကူအညီရယူပြီး သမိုင်းဆိုင်ရာ အချက်အလက်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့တာကို တွေ့ရနိုင်ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနဟာ အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်ကောင်စီ (International Council on Archives, ICA) နဲ့ ၄င်းရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာအဖွဲ့ခွဲဖြစ်တဲ့ Southeast Asia Regional Branch of International Council on Archives (SARBICA) ကို ဝင်ရောက်ခဲ့ပါတယ်။
မော်ကွန်းတွေရဲ့အကျိုးသက်ရောက်မှု
မော်ကွန်းထိန်းသိမ်းမှုတွေ ကောင်းမွန်လာခြင်းက သမိုင်းနဲ့သုတေသနအတွက် မှတ်တမ်းတွေ သိမ်းဆည်းခြင်းနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ဖြစ်လာစေရေးအတွက်လည်း အဓိကကျပါတယ်။ မှတ်တမ်းနဲ့ မော်ကွန်းတွေဟာ အစိုးရတွေကို တာဝန်ခံမှုရှိစေဖို့ နဲ့ ဒီမိုကရေစီစနစ်ရဲ့ ကိုယ်စားပြုမှုကို ဖော်ပြနိုင်တဲ့ နည်းလမ်းတွေအဖြစ်လည်း အသုံးတော်ခံပါတယ်။
မော်ကွန်းနဲ့မှတ်တမ်းတွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့ရင် အစိုးရတစ်ရပ်ရဲ့ ပြုမှုဆောင်ရွက်ချက်တွေဖြစ်တဲ့ ဘယ်သူက၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လို၊ ဘာကြောင့် လုပ်ခဲ့တယ်ဆိုတာကို နားလည်စေနိုင်မှာ ဖြစ်ပါတယ်။ ဒီလို သမိုင်းဆိုင်ရာမှတ်တမ်း နဲ့ မော်ကွန်းတွေကို ပြည်သူတွေ သိရှိခြင်းအားဖြင့်လည်း အစိုးရတွေဟာ သူတို့ရဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်တဲ့ အခါတိုင်းမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် ဖြစ်လာစေဖို့အတွက် ကြိုးစားအားထုတ်လာနိုင်ပါတယ်။ မော်ကွန်းတွေဟာ အစိုးရပွင့်လင်းမြင်သာမှုရဲ့ အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေအတွက် ပိုမိုကောင်းမွန်လာစေမယ့် အနေအထားလည်း ဖြစ်ပြီး၊ နိုင်ငံသားတွေအတွက် သတင်းအချက်အလက် ရရှိနိုင်မှုကို ပိုမိုလွယ်ကူစေပါတယ်။
သမိုင်းနောက်ခံ
မြန်မာနိုင်ငံမှာ မော်ကွန်းတွေ ထိန်းသိမ်းခြင်းနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ဖြစ်စေဖို့ကိုတော့ ၁၉၉၀ခုနှစ်မှာ အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေပြဋ္ဌာန်းခဲ့ပြီး ၂၀ဝ၇ ခုနှစ်မှာ ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေရှိစေဖို့ ၂၀ဝ၇ ခုနှစ်မှာ အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကို ပြန်လည်ပြင်ဆင် ပြဌာန်းခဲ့ပါတယ်။
အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကြမ်းကို ဆန်းစစ်ကြည့်ခြင်း (၂၀၁၉ခုနှစ်)
မှတ်တမ်းလွှဲပြောင်းခြင်း
ဥပဒေမူကြမ်းမှာတော့ ယခင်ဥပဒေမှာပါရှိတဲ့ အစိုးရဌာနနဲ့ အစိုးရအဖွဲ့အစည်းတွေကနေ အမျိုးသားမှတ်တမ်းနဲ့မော်ကွန်းတိုက်ဦးစီးဌာနကို လွှဲပြောင်းပေးရမယ့် မှတ်တမ်းတွေရဲ့နှစ်ကာလကြာချိန်ကို ၁၂ နှစ်ကနေ ၁၀ နှစ် ဆိုပြီး လျော့ချထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် မော်ကွန်းတွေရဲ့လုံခြုံမှုအဆင့်အတန်းနဲ့ပတ်သက်ပြီး အဆင့်အလိုက် နှစ်ကန့်သတ်မှုတွေကိုလည်း လျှော့ချသတ်မှတ်ထားတာ တွေ့ရပါတယ်။
ဥပဒေကြမ်းအနှစ်ချုပ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။
အဆင့် | ၁၉၉၀ ဥပဒေ | ၂၀၁၉ ဥပဒေကြမ်း |
---|---|---|
ထိပ်တန်းလျှို့ဝှက်အဆင့် | နှစ်အကန့်အသတ်မရှိ | နှစ် ၃၀ |
လျှို့ဝှက်အဆင့် | နှစ် ၅၀ | ၂၅ နှစ် |
အတွင်းရေးအဆင့် | နှစ် ၃၀ | နှစ် ၂၀ |
ကန့်သတ်အဆင့် | ၂၅ နှစ် | ၅ နှစ် |
တပ်မတော်ဆိုင်ရာမော်ကွန်းများ
၁၉၉၀ ခုနှစ်မှာ ပြဌာန်းထားတဲ့ အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်းဥပဒေရဲ့ ဥပဒေပါ ပြဌာန်းချက်ထဲမှာ တပ်မတော်မော်ကွန်းတိုက်နဲ့ မသက်ဆိုင်စေရလို့ ပါရှိပြီး၊တပ်မတော်မော်ကွန်းတိုက်က လွှဲပြောင်းပေးတဲ့ မှတ်တမ်းနဲ့ မော်ကွန်းများကို ဦးစီးဌာနမှ ရယူနိုင်တယ်လို့တော့ ပါရှိပါတယ်။ထူးခြားတာတစ်ခုကတော့ လက်ရှိဥပဒေကြမ်းမှာ အစိုးရဌာန၊အစိုးရအဖွဲ့အစည်းဆိုတဲ့ စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာတော့ တပ်မတော်နဲ့ သက်ဆိုင်တဲ့ စကားရပ်ကို မတွေ့ရပါဘူး။လက်ရှိဥပဒေကြမ်းပါ အချက်အလက်များအရ တပ်မတော်ရဲ့ မှတ်တမ်းနဲ့ မော်ကွန်းတွေကို ဦးစီးဌာနအနေနဲ့ လွှဲပြောင်းရယူခွင့် ရှိ/ မရှိဆိုတာကို မသိနိုင်ပါဘူး။
မော်ကွန်းများအားအသုံးပြုနိုင်မှုအခြေအနေ
မော်ကွန်းတွေကို အများပြည်သူ လွယ်လင့်တကူအသုံးပြုနိုင်မှုနဲ့ပတ်သက်ရင်တော့ လက်ရှိဥပဒေကြမ်းပါ အခြေအနေအရဆိုရင် ခက်ခဲနေသေးတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။အကြောင်းကတော့ မှတ်တမ်းနဲ့ မော်ကွန်းတွေ ကြည့်ရှုခြင်းနဲ့ အသုံးပြုခြင်းကိစ္စရပ်တွေမှာ ရည်ညွှန်းကိုးကားဖို့နဲ့ ကောက်နုတ်ဖော်ပြဖို့ အတွက် သတ်မှတ်ထားတဲ့ပုံစံဖြင့် လျှောက်လာခဲ့ရင် ညွှန်ကြားရေးမှူးချုပ် ဒါမှမဟုတ် တာဝန်ခံအရာရှိရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။နောက်တစ်ချက်က ညွှန်ကြားရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာပါတဲ့ လုံခြုံမှုသက်တမ်းရှိတဲ့ မှတ်တမ်းနဲ့ မော်ကွန်းတွေကို အများပြည်သူက ကြည့်ရှုဖို့အတွက် တင်ပြလာရင် ကြီးကြပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ဒီနေရာမှာလည်း လုံခြုံမှုသက်တမ်းရှိတဲ့ မှတ်တမ်းနဲ့မော်ကွန်းဆိုတာက လုံခြုံရေးသက်တမ်းကာလအတွင်းလား၊ လုံခြုံရေးသက်တမ်းကာလအလွန်လား ဆိုတာက ရှင်းလင်းမှုမရှိပါဘူး။
ဥပဒေကြမ်းပါ ရည်ရွယ်ချက်တစ်ရပ်ဖြစ်တဲ့ မှတ်တမ်းနဲ့မော်ကွန်းတွေကို စနစ်တကျထိန်းသိမ်းခြင်းအား ဖြင့် နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်ဆိုတဲ့ အချက်နဲ့ထောက်ပြပြောဆိုရရင် မှတ်တမ်းနဲ့ မော်ကွန်းတွေကို အသုံးပြုနိုင်ဖို့အတွက် မှတ်တမ်းနဲ့မော်ကွန်းတွေကို ထိန်းသိမ်းထားတဲ့ အဖွဲ့အစည်းဟာ လုံခြုံရေး အဆင့်သတ်မှတ်ထားမှု အခြေအနေကို ပုံမှန်ထုတ်ပြန်ပေးသင့်ပါတယ်။ ဒါ့အပြင်လုံခြုံမှုသက်တမ််း ကုန်ဆုံးသွားတဲ့မှတ်တမ်းတွေကို အများပြည်သူ လွယ်လင့်တကူ ကြည့်ရှုနိုင်ဖို့ ဆောင်ရွက်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မှတ်တမ်းတွေ ရယူရာမှာ ရှိနေတဲ့ အတားအဆီးတွေကလည်း ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကြောင့်ဖြစ်တဲ့အတားအဆီး မဖြစ်စေသင့်ပါဘူး။ မှတ်တမ်းနဲ့မော်ကွန်းတွေကို အများပြည်သူအသုံးပြုလာစေဖို့အတွက်လည်း အင်တာနက်စာမျက်နှာမှာ ဖော်ပြခြင်း၊ပုံနှိပ်ရိုက်ထုတ်ဝေခြင်းနဲ့ မီဒီယာများမှတဆင့် ကြေညာခြင်းတွေ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။
အစိုးရမှာရှိတဲ့ မှတ်တမ်းနဲ့မော်ကွန်းတွေကို အများပြည်သူက လွယ်လင့်တကူ အသုံးပြုခွင့်ရှိရမှာ ဖြစ်သလို အစိုးရက အသုံးပြုခွင့်အတွက် ကျယ်ကျယ်ပြန့်ပြန့် လမ်းဖွင့်ပေးထားရမှာ ဖြစ်ပြီး၊ အားလုံးအတွက် တပြေးညီ အသုံးပြုခွင့်ရရှိအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။နောက်တစ်ချက်က မှတ်တမ်းနဲ့ မော်ကွန်းတွေကို ကြည့်ရှု့အသုံးပြုခွင့်နဲ့ပတ်သက်လာရင် ကြည့်ရှု့အသုံးပြုခွင့်ကို ငြင်းပယ်ခြင်းခံရပါက အသုံးပြုခွင့်အတွက် အယူခံဝင်ဖို့ အဆင့်ဆင့်ကိုလည်း ဥပဒေထဲတွင် ထည့်သွင်းပြဌာန်းထားရှိရမှာ ဖြစ်ပါတယ်။
မှတ်တမ်းနဲ့မော်ကွန်းတွေဟာ သမိုင်းဆိုင်ရာတန်ဖိုးနဲ့ ပညာရပ်ဆိုင်ရာ သုတေသနပြုလုပ်ဖို့သာမက ဒီမိုကရေစီစနစ် အားကောင်းရှင်သန်စေဖို့၊ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ပေါ်လာစေဖို့နဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ ထွန်းကားလာစေဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်း ဥပဒေကြမ်းကို နိုင်ငံသားတွေအကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအဖြေရှာစေလိုပါတယ်။
မိုးအောင်ရေးသားသည်။