Posted in ဥပဒေရေးရာ သုတေသန on Mar 26, 2020

၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ်၊ ၅၀/၂၀၂၀ ထွက်လာပြီး လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ ကို အာဏာတည်ဖို့ အသက်သွင်းပေးလိုက်ပါတယ်။ ဒီဥပဒေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ လွှတ်တော်ဆီ တင်သွင်းခဲ့တာ ဖြစ်ပြီး ၁၉၀၉ နဲ့ ၁၉၂၀ ခုနှစ်လောက်တုန်းက အက်ဥပဒေတွေကို ရုပ်သိမ်း အစားထိုးဖို့ ဖြစ်ပါတယ်။

ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ၁၄ ဖေဖော်ဝါရီ ၂၀၂၀ မှာ ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ဒါပေမယ့် ပုဒ်မ ၁ (ခ) အရ ဥပဒေဟာ နိုင်ငံတော်သမ္မတကနေ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်တဲ့ နေ့မှသာ စတင်အာဏာတည်မှာ ဖြစ်ပါတယ်။ နောက်ပြီးလည်း အဆိုပါ ပုဒ်မက အပိုင်း (၁၀) - နယ်စပ်ဖြတ်ကျော် လူမွဲခံယူခြင်း အတွက် နောက်ထပ် သီးခြားအမိန့်ကြော်ငြာစာ ထုတ်ပြန်ဖို့ လိုတယ်လို့ ဆိုထားပါသေးတယ်။ ဒါကြောင့် အခုအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ပေမယ့် ဥပဒေကတော့ တစ်ခုလုံးအနေနဲ့ အာဏာမတည်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဥပဒေတစ်ခု အာဏာတည်ချိန်က ဘယ်အချိန်လဲ

ဥပဒေပြုရေးမဏ္ဍိုင်ကနေ ဥပဒေကြမ်းတစ်ခုကို အတည်ပြုလိုက်တယ်ဆိုရင် ပုံမှန်အားဖြင့် နောက်ဆုံးအဆင့်ဆိုတဲ့ သဘောတူ ထုတ်ပြန်တဲ့ အဆင့် (assent/promulgation) ကျန်ပါသေးတယ်။ ဒီအဆင့်ရောက်ပြီးမှပဲ ဥပဒေကြမ်းက နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေတစ်ခု ဖြစ်လာပါတယ်။ ဒါဟာ နိုင်ငံပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားခြားနားပေမယ့်အများအားဖြင့်တော့ နိုင်ငံအကြီးအကဲက လက်မှတ်ထိုးတာ ဒါမှမဟုတ် တရားဝင်ပြန်တမ်းမှာ ထုတ်ပြန်လိုက်တာတွေကတဆင့် ဥပဒေကြမ်းတွေက ဥပဒေ ဖြစ်လာကြပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် လွှတ်တော်ကနေ ဥပဒေကြမ်းကို အတည်ပြုပြီးတဲ့နောက် သမ္မတကနေ လက်မှတ်ထိုးလိုက်ရင် အဲ့ဒီဥပဒေကြမ်းတွေက ဥပဒေဖြစ်လာကြပါတယ်။ ဒါဟာ ဥပဒေတစ်ခုအနေနဲ့ သဘောတူတဲ့ အဆင့် ရောက်ပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တချို့ဥပဒေတွေက ဥပဒေအာဏာတည်ဖို့အတွက် အထက်မှာ ဖော်ပြခဲ့တဲ့ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေလို နောက်ထပ်အဆင့်တစ်ခု လိုအပ်ပါသေးပါတယ်။ ဒီလိုလိုအပ်တယ်ဆိုရင် သက်ဆိုင်ရာ ဥပဒေတွေမှာ ပုဒ်မတစ်ခု ပါဝင်တတ်ပြီး ဘယ်နေ့ရက်မှာ ဥပဒေအသက်ဝင်မယ် ဒါမှမဟုတ် သမ္မတအမိန့်ကြော်ငြာစာ ထွက်လာချိန်မှာ အသက်ဝင်မယ် စတဲ့ ပြဋ္ဌာန်းချက်တွေ ပါရှိပါတယ်။

ဒါကြောင့် ဥပဒေတစ်ခုကို အသက်ဝင်စေဖို့ အချိန်ဆိုင်းထားနိုင်တဲ့ အာဏာ ရှိထားတယ်ဆိုတာ တော်တော် ကြီးမားတဲ့ အုပ်ချုပ်ရေး အာဏာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အဲ့ဒီအာဏာကို ဘယ်လို အသုံးချတယ်၊ နောက်ပြီး သင့်လျော်အောင် နဲ့ တသမတ်တည်း သုံးသလား စတဲ့ မေးခွန်းတွေကို လေ့လာအဖြေရှာထားပါတယ်။

အချိန်ဆိုင်း အသက်ဝင်စေတဲ့ ဥပဒေများ

ဥပဒေအများစုကတော့ သမ္မတကနေ ဥပဒေကြမ်းကို လက်မှတ်ထိုး သဘောတူလိုက်တာနဲ့ တစ်ပြိုင်နက် အာဏာတည်လေ့ ရှိပါတယ်။ ဒါပေမယ့် ပထမအကြိမ်လွှတ်တော် (၂၀၁၀-၂၀၁၅) ကို ကြည့်ရင် အချိန်ဆိုင်းပြီး အသက်ဝင်စေခဲ့တဲ့ ဥပ‌ဒေ စုစုပေါင်း ၁၂ ခု ရှိခဲ့ပါတယ်။ အဲ့ဒီထဲက တချို့ဥပဒေတွေကတော့ ဘယ်အချိန်မှာ အသက်ဝင်ရမယ် ဆိုတဲ့ တိကျတဲ့ အချိန်ကာလ တစ်ခု ‌ဖော်ပြပါရှိပါတယ်။ ဥပမာ အလုပ်အကိုင် နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုး‌တိုးတက်ရေးဥပဒေ (၂၀၁၃) ကို ကြည့်ရင် ဥပဒေ ထုတ်ပြန်ကြေညာပြီး သုံးလ မြောက်တွင် စတင်အာဏာတည်ရမယ်လို့ ဆိုထားတာကို တွေ့နိုင်ပါတယ်။

ဥပဒေအမည် အတည်ပြုသည့်ရက်စွဲ ကာလသတ်မှတ်ချက် အာဏာတည်သည့်ရက်စွဲ
အလုပ်သမား အဖွဲ့အစည်းဥပဒေ 11-10-2011   09-03-2012
လယ်ယာမြေဥပဒေ 30-03-2012   31-08-2012
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ 31-08-2012   01-04-2014
၂၀၁၃ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ 22-03-2013   04-06-2013
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ 07-08-2013   17-09-2013
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ 30-08-2013 3 months 30-11-2013
ဘက်စုံပို့ဆောင်ရေး ဥပဒေ 31-01-2014   25-04-2014
ယှဉ်ပြိုင်မှုဥပဒေ 24-02-2015   24-02-2017
မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥပဒေ 19-05-2015 1 year 19-05-2016
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေ 05-01-2016 1 year 05-01-2017
အထူးကုန်စည်ခွန် ဥပဒေ 18-01-2016 2016-2017 FY 18-01-2016
အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေ 20-01-2016 1 year 20-01-2017

ဇယား။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း အချိန်ဆိုင်း အသက်ဝင်စေသည့် ဥပဒေများ။

ဒုတိယအကြိမ်လွှတ်တော် (၂၀၁၆-၂၀၂၀) မှာတော့ အလားတူ ဥပဒေပေါင်း ၁၅ ခု ရှိပါတယ်။ အခုတစ်ကြိမ်လွှတ်တော်မှာ ထူးခြားလာတာကတော့ အခန်းလိုက် စတင်အာဏာတည်ဖို့အတွက် သတ်မှတ်လာတာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ (၂၀၂၀) ရဲ့ အပိုင်း (၁၀) ကို သာဓကထား ကြည့်နိုင်ပါတယ်။ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) မှာလည်း အလားတူ ပြဋ္ဌာန်းချက် ပါဝင်ပါတယ်။

အခုလွှတ်တော်ရဲ့ နောက်ထူးခြားချက်က ရက်စွဲအတိအကျ သတ်မှတ်ကာ စတင်အာဏာတည်ဖို့ကို ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေ (၂၀၁၉) ကို လေ့လာကြည့်ရင် ဥပဒေဟာ ၁ အောက်တိုဘာ ၂၀၁၉ မှာ စတင်အာဏာသက်ရောက်ရမယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ရက်စွဲအပြောင်းအလဲနဲ့ဆက်စပ်ပြီး ဖြစ်လာတဲ့ ပုဒ်မ ဖြစ်ပါတယ်။

ဥပဒေအမည် အတည်ပြုသည့်ရက်စွဲ ကာလသတ်မှတ်ချက် အာဏာတည်သည့်ရက်စွဲ
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ 06-12-2017   01-08-2018
စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ 20-03-2018   01-10-2018
စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ 30-01-2019    
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ 30-01-2019    
တီထွင်မှုမူပိုင်ခွင့်ဥပဒေ 11-03-2019    
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ 15-03-2019    
စားသုံးသူကာကွယ်ရေးဥပဒေ 15-03-2019 (Ch-18) 1 year 16-03-2020
နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေးဥပဒေ 25-03-2019   01-04-2020
စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေ 24-05-2019    
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ 07-06-2019 01-10-2019 01-10-2019
မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေ 05-08-2019    
မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေ 19-08-2019    
စကားရပ်ပြောင်းလဲ သတ်မှတ်သည့် ဥပဒေ 08-11-2019 28-12-2018 28-12-2018
သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ 24-12-2019    
လူမွဲခံယူခြင်းဆိုင်ရာဥပဒေ 14-02-2020 N/A for Ch-10 25-03-2020

ဇယား။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း အချိန်ဆိုင်း အသက်ဝင်စေသည့် ဥပဒေများ။

နိုင်ငံတော်သမ္မတကနေ သဘောတူ လက်မှတ်ထိုးထားပေမယ့် ဥပဒေအသက်ဝင်ဖို့ သမ္မတအမိန့်ကြော်ငြာစာကို စောင့်ဆိုင်းနေတဲ့ ဥပဒေ ရှစ်ခု ကျန်ရှိနေသေးပါတယ်။ အဲဒါတွေကတော့ မူပိုင်ခွင့်ဥပဒေ လေးခု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နဲ့ ကျန်းမာရေးဆိုင်ရာ ဥပဒေ၊ မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေ၊ မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်း နဲ့ ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေ၊ နဲ့ သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ တို့ ဖြစ်ကြပါတယ်။

အချိန်ဆိုင်းထားရခြင်းက ဘာကြောင့်လဲ

နိုင်ငံတော်တော်များများဟာ ဥပဒေပြုရေးမဏ္ဍိုင်ကနေ အတည်ပြုထားပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ သဘောတူတဲ့ အဆင့် ရရှိထားတဲ့ ဥပဒေတွေကို အသက်ဝင် အာဏာတည်စေဖို့ အချိန်ဆိုင်းထားတတ်ကြပါတယ်။ အကြောင်းအရင်းတွေက အမျိုးမျိုး ရှိတတ်ပြီးတော့ အဲ့ဒါတွေကလည်း နိုင်ငံတစ်နိုင်ငံချင်းဆီမှာ ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခင်းအကျင်းပေါ်လည်း တော်တော်များများ မူတည်တတ်ပါတယ်။ ဒါပေမယ့် ဥပဒေအာဏာတည်ဖို့ အချိန်ဆိုင်းထားရတာရဲ့ အကြောင်းအရင်းတွေကတော့ -

  • ဥပဒေတစ်ခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင် နည်းဥပဒေတွေ၊ အမိန့်တွေ ဒါမှမဟုတ် တခြား ညွှန်ကြားချက်တွေလိုမျိုးတွေ လိုအပ်တတ်တာကြောင့် အဲ့ဒါတွေအတွက် ပြင်ဆင်ဖို့ အချိန်ယူရတတ်ပါတယ်။ ဒီလိုသာဆိုရင် ဥပဒေက ဒါကို ညွှန်းဆိုရှင်းပြသင့်ပါတယ်။
  • တာဝန်ရှိတဲ့ အစိုးရဌာန ဒါမှမဟုတ် အစိုးရအဖွဲ့အစည်းတွေက စီမံအုပ်ချုပ်ဖို့ ဒါမှမဟုတ် ဥပဒေကို လိုက်နာစေဖို့အတွက် ပြင်ဆင်ချိန် လိုအပ်နိုင်ပါတယ်။ ဆိုပါတော့ လိုအပ်တဲ့ ရင်းမြစ်တွေကို ရယူထားခြင်း ဒါမှမဟုတ် ဝန်ထမ်းတွေကို လေ့ကျင့်ပေးထားခြင်းလိုမျိုး ဖြစ်ပါတယ်။
  • အချို့သော ဥပဒေတွေက သူ့သဘာဝကိုက ရက်စွဲအတိအကျနဲ့ ချိတ်ဆက်နေတတ်ပါတယ်။ အထက်ဖော်ပြပါ အခွန်ဥပဒေဆိုရင် ဘဏ္ဍာရေးနှစ် အပြောင်းအလဲနဲ့ ဆက်စပ်နေတာကြောင့် အသက်ဝင် အာဏာတည်စေဖို့ တစ်မျိုးတစ်ဘာသာ ဖြစ်နေပါတယ်။
  • တချို့ အရေးပေါ်ဥပဒေတွေက အဖြစ်အပျက်တွေနဲ့ ဆက်နွယ်နေနိုင်ပြီး အာဏာတည်မယ့် ရက်စွဲအတိအကျ ပါဝင်တတ်ပါတယ်။ နောက်ပြီး ဥပဒေအာဏာ ပျက်ပြယ်မယ့် ရက်စွဲလည်း ပါတတ်ပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ဖြေရှင်းဖို့ ဥပဒေ ပြဋ္ဌာန်းမယ်ဆိုရင် ဒီလို အမျိုးအစားထဲ ကျရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် စဉ်းစားစရာများ

ဥပဒေတွေ အာဏာတည်ဖို့ အချိန်ဆိုင်းထားရာမှာ ခိုင်မာတဲ့ အကြောင်းအရင်းမျိုးစုံ ရှိနိုင်ပေမယ့် ဘယ်လိုအကြောင်းအရင်းဖြစ်တယ်ဆိုတာ မရှင်းလင်းသလို သူတို့ကို တသမတ်တည်း သုံးမသုံး ဆိုတာလဲ မကွဲပြားဘူး ဖြစ်နေပါတယ်။ အထက်ပါ ဖော်ပြချက်ကို အခြေခံပြီး အောက်တွင် အကြံပြုချက် ပေးထားပါတယ် -

  • လွှတ်တော်အမတ်တွေအနေနဲ့ ဥပဒေကြမ်းကို သုံးသပ်လေ့လာရာမှာ ဥပဒေဖြစ်ပြီးပေမယ့် အသက်ဝင် အာဏာတည်ဖို့ အချိန်ဆိုင်းထားနိုင်တဲ့ ဥပဒေကြမ်းတွေ ဂရုဓမ္မပြုသင့်ပါတယ်။ ဥပဒေကို အကောင်အထည်ဖော်ဖို့ ဝန်ကြီးဌာနအနေနဲ့ ပြင်ဆင်ချိန် လိုအပ်တယ်ဆိုရင် ဘယ်လိုအစီအစဉ်တွေကို ပြုလုပ်ထားသလဲ။ ဥပဒေအကောင်အထည်ဖော်ဖို့ ဘဏ္ဍာငွေလိုအပ်တာကြောင့်လား။ အစိုးရအနေနဲ့လည်း အချိန်ဆိုင်းထားရတဲ့ ရှင်းလင်းချက်တွေကို သေသေချာချာ ပေးသင့်ပါတယ်။
  • ဘယ်အချိန်မှာ ဥပဒေအာဏာတည်မယ်ဆိုတဲ့ တိကျတဲ့ ပြဋ္ဌာန်းချက် မပါရှိတဲ့ ဥပဒေတွေဟာ မသေချာ မရေရာမှုကို ဖြစ်စေတာကြောင့် အဲ့ဒီလို ဥပဒေတွေမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။ ဥပမာအားဖြင့် စည်းမျဉ်းအသစ်တွေ လိုက်နာဖို့ လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်အချိန် ဒါမှမဟုတ် ဘယ်လို ပြင်ဆင်ထားသင့်တယ်ဆိုတာကို မသေချာဘဲ ဖြစ်နေတတ်ပါတယ်။
  • မြန်မာနိုင်ငံရဲ့ ဥပဒေတော်တော်များများကို ကြည့်ရင် မကြာခဏဆိုသလိုပဲ ပါသင့်ပါထိုက်တဲ့ အသေးစိတ်ပြဋ္ဌာန်းချက်တွေ ပါမလာတတ်ပါဘူး။ အဲ့ဒီအစား သက်ဆိုင်ရာဦးစီးဌာန ဒါမှမဟုတ် ကော်မတီကိုပဲ အသေးစိတ်မူဝါဒတွေ၊ နည်းဥပဒေတွေနဲ့ စည်းမျဉ်းဥပဒေတွေ ရေးဆွဲဖို့ တာဝန်ပေးတတ်ပါတယ်။ ဥပဒေသစ်တွေကို အကောင်အထည်ဖော်ဖို့ အချိန်ဆိုင်းထားမယ့်အစား အစိုးရအနေနဲ့ ဥပဒေထဲမှာ ပါသင့်ပါထိုက်တဲ့ အသေးစိတ်အချက်တွေကို ထည့်သွင်းပေးဖို့ ကြိုးစားသင့်ပါတယ်။ အဲ့ဒီလို ထည့်သွင်းပါမှ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ဥပဒေတွေကို ပိုမိုကောင်းမွန်စေဖို့ ဥပဒေကြမ်းအဆင့်မှာပဲ ဆန်းစစ် ဆွေးနွေး အဖြေရှာဖို့ အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။

မိုးအောင် နှင့် ပေါလ်တေလာ ရေးသားသည်။

(ယခုဆောင်းပါးကို ၉ ဧပြီ ၂၀၂၀ တွင် အချိန်ဆိုင်းရသည့် အကြောင်းရင်း ရှင်းလင်းချက်များ၊ ၁၆ ဇွန် ၂၀၂၀ တွင် ဇယားပါ အချက်အလက်အချို့ ပြင်ဆင်ချက် နဲ့ မြန်မာနိုင်ငံအတွက် ထပ်တိုးစဉ်းစားစရာ အချက်များဖြင့် ဖြည့်စွက်ပြင်ဆင်ထားပါသည်။)