Posted in Legislative Research on Mar 26, 2020

၂၀၂၀ မတ် ၂၅ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာတစ်ရပ် ထုတ်ပြန်ပြီး လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ ကို အာဏာတည်ဖို့ အသက်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ (၂၀၂၀)

လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို ၂၀၁၉ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ အမျိုးသားလွှတ်တော်ကို တင်သွင်းခဲ့တာ ဖြစ်ပြီး The Yangon Insolvency Act. (INDIA Act III, 1909) နဲ့ The Myanmar Insolvency Act. (INDIA Act V, 1920) တို့ကို ရုပ်သိမ်း အစားထိုးဖို့အတွက် ဖြစ်ပါတယ်။

၂၀၂၀ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ဟာ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ဒါပေမယ့် ပုဒ်မ ၁ (ခ) အရ ဥပဒေဟာ နိုင်ငံတော်သမ္မတ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်တဲ့ နေ့မှသာ စတင်အာဏာတည်မှာ ဖြစ်တဲ့အတွက် ဥပဒေအာဏာတည်စေဖို့အတွက် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀) ကို ထုတ်ပြန်ဖို့ လိုအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ပုဒ်မ ၁ (ခ) ဟာ ဥပဒေရဲ့ စတင်အာဏာသက်ရောက်မှု အချိန်ကို ပြဋ္ဌာန်းထားသလို ဥပဒေရဲ့ အပိုင်း (၁၀) အတွက်လည်း သီးခြားသတ်မှတ်ထားတာ ရှိပါသေးတယ်။ အပိုင်း (၁၀) မှာ နယ်စပ်ဖြစ်ကျော် လူမွဲခံယူခြင်းနဲ့ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပြီး အဆိုပါ အပိုင်းဟာလည်း နိုင်ငံတော်သမ္မတက သီးခြားအမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်တဲ့ ရက်မှသာ စတင်အာဏာတည်‌မှာ ဖြစ်ပါတယ်။ လက်ရှိ အမိန့်ကြော်ငြာစာ ထုတ်ပြန်ချက်ဟာ ဥပဒေအာဏာ စတင်သက်ရောက်ဖို့အတွက် ဆိုပေမယ့် ဥပဒေရဲ့ အပိုင်း (၁၀) အတွက်တော့ နောက်ထပ်အမိန့်ကြော်ငြာစာတစ်စောင် ထပ်လိုဦးမှာ ဖြစ်ပါတယ်။

ပထမအကြိမ် လွှတ်တော်

ဥပဒေအမည် အတည်ပြုသည့်ရက်စွဲ ကာလသတ်မှတ်ချက် (ရှိလျှင်) စတင်အာဏာတည်သည့်ရက်စွဲ
အလုပ်သမား အဖွဲ့အစည်းဥပဒေ 11-10-2011   09-03-2012
လယ်ယာမြေဥပဒေ 30-03-2012   14-02-2020
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ 31-08-2012   01-04-2014
၂၀၁၃ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ 22-03-2013   04-06-2013
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ 07-08-2013   21-06-2018
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ 30-08-2013 3 months 30-11-2013
ဘက်စုံပို့ဆောင်ရေး ဥပဒေ 31-01-2014   28-12-2015
ယှဉ်ပြိုင်မှုဥပဒေ 24-02-2015   24-02-2017
မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥပဒေ 19-05-2015 1 year 19-05-2016
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေ 05-01-2016 1 year 05-01-2017
အထူးကုန်စည်ခွန် ဥပဒေ 18-01-2016 2016-2017 FY 01-04-2017
အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေ 20-01-2016 1 year 20-01-2017

ဇယား။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း သမ္မတမှ အသက်သွင်း၇န်လိုအပ်ခဲ့သည့် ဥပဒေများ။

သမ္မတက အမိန့်ကြော်ငြာစာနဲ့ အသက်သွင်းပေးဖို့လိုတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ကြရာမှာ ပထမအကြိမ်လွှတ်တော်တွင် ဥပဒေ စုစုပေါင်း ၁၂ ခု ရှိခဲ့ပြီး ဥပဒေ ငါးခု ကတော့ အချိန်ကာလ တစ်ခု သတ်မှတ်ကာ အာဏာတည်စေဖို့ ထည့်သွင်းပေးထားပါတယ်။ ဥပမာ အလုပ်အကိုင် နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုး‌တိုးတက်ရေးဥပဒေ (၂၀၁၃) ကို ကြည့်ရင် ဥပဒေ ထုတ်ပြန်ကြေညာပြီး သုံးလ ပြည့်မြောက်တွင် စတင်အာဏာတည်ရမယ်လို့ ဥပဒေက ဆိုထားပါတယ်။

ဒုတိယအကြိမ် လွှတ်တော်

ဥပဒေအမည် အတည်ပြုသည့်ရက်စွဲ ကာလသတ်မှတ်ချက် (ရှိလျှင်) စတင်အာဏာတည်သည့်ရက်စွဲ
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ 06-12-2017   01-08-2018
စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ 20-03-2018   01-10-2018
စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ 30-01-2019    
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ 30-01-2019    
တီထွင်မှုမူပိုင်ခွင့်ဥပဒေ 11-03-2019    
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ 15-03-2019    
စားသုံးသူကာကွယ်ရေးဥပဒေ 15-03-2019 (Ch-18) 1 year 16-03-2020
နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေးဥပဒေ 25-03-2019    
စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေ 24-05-2019    
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ 07-06-2019 01-10-2019 01-10-2019
မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေ 05-08-2019    
မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေ 19-08-2019    
စကားရပ်ပြောင်းလဲ သတ်မှတ်သည့် ဥပဒေ 08-11-2019 28-12-2018 28-12-2018
သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ 24-12-2019    
လူမွဲခံယူခြင်းဆိုင်ရာဥပဒေ 14-02-2020 (Ch-10) 25-03-2020

ဇယား။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း သမ္မတမှ အသက်သွင်း၇န်လိုအပ်သည့် ဥပဒေများ။

ခြွင်းချက်ဥပဒေတွေကို အတည်ပြုပြဋ္ဌာန်းခဲ့ရာမှာ ယခုဒုတိယအကြိမ်လွှတ်တော်တွင် ဥပဒေပေါင်း ၁၅ ခု ရှိခဲ့ပြီ ဖြစ်ပါတယ်။ ယခုလွှတ်တော်သက်တမ်းမှာ ခြွင်းချက်ဥပဒေနဲ့ပတ်သက်ပြီး ထူးခြားလာတာကတော့ အခန်းလိုက် စတင်အာဏာတည်ဖို့အတွက် နိုင်ငံတော်သမ္မတကို အမိန့်ကြော်ငြာစာ ထုတ်ပြန်ဖို့ အခွင့်အာဏာ ပေးထားတာ ဖြစ်ပါတယ်။ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ (၂၀၂၀) ကို သာဓကထား ကြည့်နိုင်သလို စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) ကိုလည်း ကြည့်နိုင်ပါတယ်။

နောက်ထူးခြားချက်က ရက်စွဲအတိအကျ သတ်မှတ်ကာ စတင်အာဏာတည်ဖို့ကို ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေ (၂၀၁၉) ကို လေ့လာကြည့်ရင် ဥပဒေကို ၂၀၁၉ ဇွန် ၇ ရက်နေ့မှာ အတည်ပြုခဲ့ပေမယ့် ၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့တွင် စတင်အာဏာတည်ရောက်ရမယ်လို့ ဥပဒေက ဆိုခဲ့ပါတယ်။

ယခုတစ်ကြိမ်လွှတ်တော်အတွက် နိုင်ငံတော်သမ္မကနေ ဥပဒေအာဏာသက်ရောက်ဖို့ အမိန့်ကြော်ငြာစာထုတ်ဖို့အတွက် ဥပဒေ ကိုးခု ကျန်ရှိနေသေးပါတယ်။ မူပိုင်ခွင့်ဥပဒေ လေးခု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နဲ့ ကျန်းမာရေးဆိုင်ရာဥပဒေ၊ နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေ၊ မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေ၊ မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်း နဲ့ ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေ၊ နဲ့ သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ တို့ ဖြစ်ကြပါတယ်။

မိုးအောင် ရေးသားသည်။