Posted in ဥပဒေရေးရာ သုတေသန on Mar 06, 2020
ဘာကြောင့် လူပြောများတဲ့ အကြောင်းအရာ ဖြစ်နေရသလဲ
ဇန်နဝါရီလ ၃၀ ရက်မှာ အနည်းဆုံး အခကြေးငွေဥပဒေ (၂၀၁၃) ကို ပြင်ဆင်မယ့် ဥပဒေကြမ်းတစ်ရပ်ကို အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီက တင်သွင်းခဲ့ ပါတယ်။ ပြင်ဆင်ချက်တွေထဲမှာ အနည်းဆုံးအခကြေးငွေကို ၂ နှစ် တစ်ကြိမ် မဖြစ်မနေ ပြန်လည်သုံးသပ် ပြင်ဆင်ရမယ် ဆိုတဲ့ အချက်ကို ပယ်ဖျက်ဖို့ အဆိုပြုထားတဲ့အချက်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက ကောက်ယူ ဖော်ပြခဲ့ကြပါတယ်။ အဲဒီ ပြင်ဆင်ချက်ဟာ “ရန်ကုန်မြို့ရဲ့ အကြီးဆုံးစက်မှုဇုန် တည်ရှိရာ လှိုင်သာယာမြို့နယ်ရှိ အလုပ်သမား ၅၀ဝ၀ ကျော်ကို လုပ်ခကြေးငွေတိုးမြှင့်ပေးရေး ချီတက်ဆန္ဒပြပွဲဖြစ်အောင်” စေ့ဆော်ပေးခဲ့ပါတယ်။ (The Irrawaddy, 2020)
အာနန္ဒာအဖွဲ့ရဲ့ ဥပဒေကြမ်းမိတ်ဆက်နဲ့ အနှစ်ချူပ် မှာ အဲဒီဥပဒေကြမ်းအကြောင်းကို ကြည့်ရှုနိုင်ပါတယ်။ အခု မူဝါဒအကျဉ်းမှာတော့ အစိုးရ မူဝါဒနယ်ပယ်တစ်ရပ်အနေနဲ့ အနည်းဆုံး အခကြေးငွေအကြောင်းကို မိတ်ဆက် ဖော်ပြပေးထားပါတယ်။
အနည်းဆုံးအခကြေးငွေ ဆိုတာ ဘာလဲ
အနည်းဆုံး အခကြေးငွေဥပဒေဟာ လုပ်ငန်းခွင်ခေါင်းပုံဖြတ်ခံရခြင်းကို ကာကွယ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ပြီး “အလုပ်ရှင်တစ်ဦးက အလုပ်သမားတစ်ယောက်ကို တရားဝင် လုပ်ခလစာပေးနိုင်တဲ့ အနိမ့်ဆုံး နာရီနှုန်းထားကို သက်မှတ်ပေးပါတယ်။” (Center on Budget and Policy Priorities, 2018)
နိုင်ငံအများစုမှာ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခကြေးငွေ သက်မှတ်ဖို့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အဲဒါတွေက လူတိုင်းအတွက် ကျွန်သဖွယ် ခိုင်းဘက်ဘဝ မကျရောက်စေမယ့် အခွင့်အရေး၊ အနိမ့်ဆုံးသော လူနေမှု အဆင့်အတန်းတစ်ရပ်ကို အာမခံပေးသော လုပ်ငန်းခွင်အခြေအနေကို ခံစားပိုင်ခွင့် စတဲ့ အခြေခံကျတဲ့ အတွေးအမြင်ပေါ်မှာ အခြေခံထားပါတယ်။ ဒီအခွင့်အရေးတွေကို ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် ၄ နဲ့ ၂၃ တို့မှာသာမက မြန်မာနိုင်ငံ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ဥပဒေပုဒ်မ ၂၃၊ ၂၄ နဲ့ ၃၆ တို့မှာလည်း ထည့်သွင်း ဖော်ပြထားပါတယ်။
မျှတသော လုပ်ခလစာနှင့် လုပ်ငန်းခွင်အနေအထား ခံစားပိုင်ခွင့် (ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ)
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း
အပိုဒ် ၄ ။ မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့မဟုတ် အစေအပါး အဖြစ် မပြုရ။ ကျွန်ပြုခြင်းနှင့် ကျွန်အရောင်းအဝယ်ပြုခြင်းပုံစံ အားလုံးကို ပိတ်ပင်တားမြစ်ရမည်။ အပိုဒ် ၂၃။
- လူတိုင်းတွင် အလုပ်လုပ်ပိုင်ခွင့်၊ မိမိနှစ်သက်ရာ အလုပ်အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ တရားမျှတ၍ အဆင်ပြေမှုရှိသော လုပ်ငန်းခွင် အခြေအနေများ ရပိုင်ခွင့်နှင့် အလုပ်လက်မဲ့ ဖြစ်ခြင်းမှ အကာအကွယ် ရပိုင်ခွင့်ရှိသည်။
- လူတိုင်းတွင် တူညီသော အလုပ်အတွက် တူညီသော လုပ်ခကြေးငွေကို ခွဲခြားမှု တစ်စုံတစ်ရာမရှိစေဘဲ ရပိုင်ခွင့် ရှိသည်။
- အလုပ်လုပ်သည့် လူတိုင်းတွင် မိမိနှင့်မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့် ထိုက်တန်သော ဘဝရပ်တည်မှုကို အာမခံနိုင်မည့် တရားမျှတ၍ လျော်ကန်သင့်မြတ်သော အခကြေးငွေရပိုင်ခွင့် ရှိသည်။ လိုအပ်လျှင် အခြားလူမှုရေးကာကွယ်စောင့်ရှောက်မှုများကိုလည်း ဖြည့်စွက်ရရှိ ခံစားပိုင်ခွင့် ရှိသည်။
- လူတိုင်းတွင် မိမိ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်နှင့် ယင်းသမဂ္ဂများတွင် ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။
မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ
ဥပဒေပုဒ်မ ၂၃။ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏
- အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရမည်။
- စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောက်ရွက်မည်။ ဥပဒေပုဒ်မ ၂၄။ နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင်းအရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်။ ဥပဒေပုဒ်မ ၃၆။ နိုင်ငံတော်သည်
- အများပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်းမြှင့်တင်ရေးနှင့် အထွေထွေ အရင်းအနှီးများ တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေးရှုဆောင်ရွက်ရမည်။
နိုင်ငံအမျိုးမျိုးမှာ အနိမ့်ဆုံးလုပ်ခကြေးငွေ တွက်ချက်ပုံ နည်းအမျိုးမျိုးရှိကြပေမယ့် အဓိကကျတဲ့ ပုံစံတွေကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။
ပုံစံ | နမူနာများ |
---|---|
အနိမ့်ဆုံးလုပ်ခကြေးငွေ မရှိပါ | ဘရူနိုင်း |
သတ်မှတ်ထားတဲ့ လုပ်ငန်းနယ်ပယ်တွေမှာသာ အနိမ့်ဆုံးလုပ်ခကြေးငွေ ရှိပါတယ် | ကမ္ဘောဒီးယား (အထည်ချုပ်နဲ့ ဖိနပ်စက်ရုံလုပ်သားတွေ အတွက်သာ) စင်္ကာပူ (သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ အတွက်သာ) |
အနိမ့်ဆုံးလုပ်ခကြေးငွေကို အစိုးရက မသက်မှတ်ပေမယ့် အားကောင်းတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ စက်ရုံ၊ အလုပ်ရုံ ကိုယ်စားလှယ်တွေအကြား စုပေါင်းဈေးဆစ်ကြခြင်းဖြင့် ညှိနှိုင်းနှုန်းထားတစ်ရပ် ချမှတ်စေတဲ့ ဥပဒေတွေ ရှိပါတယ် | အာဆီယံမှာ မရှိပါ။ ယေဘုယျအားဖြင့် အလုပ်သမား ကိုယ်စားလှယ်/သမဂ္ဂတွေ အားကောင်းတဲ့ နိုင်ငံတွေမှာသာ ရှိပါတယ် ဥပမာ သြစတြီးယား၊ ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန်၊ အီတလီ၊ ဆွီဒင်၊ ဆွစ်ဇလန်။ |
လုပ်ငန်းနယ်ပယ်/ဒေသအလိုက် အစိုးရက ပြဋ္ဌာန်းပေးသော အနိမ့်ဆုံးလုပ်ခကြေးငွေ | ထိုင်း (ပြည်နယ်ကော်မတီတွေက သက်မှတ်)၊ မလေးရှား (ကျွန်းဆွယ်နဲ့ မလေး ဘော်နီယို ပြည်နယ်တွေရှိ ကွဲပြားတဲ့ နှုန်းထား)၊ ဖိလစ်ပိုင် (စိုက်ပျိုးရေးကို အထူးပြုသည် မပြုသည် ဒါမှမဟုတ် ဒေသအလိုက် မတူတဲ့ နှုန်းထား)၊ ဗီယက်နမ် (ဒေသအလိုက် ကွဲပြား) |
အားလုံးလွှမ်းခြုံတဲ့ အနိမ့်ဆုံးလုပ်ခကြေးငွေ | မြန်မာ (ဒေသဆိုင်ရာကော်မတီတွေက တင်ပြပေမယ့် နှုန်းထားတစ်ခုဟာ တစ်နိုင်ငံလုံးကို သက်ရောက်)၊ လာအို (အစိုးရဝန်ထမ်းတွေအတွက် အနည်းငယ်ပိုမြင့်) |
လူနေမှုလုပ်ခလစာ (Living wage)- နေထိုင်မှုကုန်ကျစရိတ် တွက်ချက်မှုအပေါ် အခြေခံကာ သက်မှတ် (အစိုးရ ကော်မတီတွေ ဒါမှမဟုတ် စုပေါင်း ဈေးဆစ်ခြင်းဖြင့် ညှိနှိုင်းသက်မှတ်ခြင်းမဟုတ်) ။ | အာဆီယံမှာ မရှိပါ။ နိုင်ငံတကာမှာလည်း အနည်းငယ်သာရှိပြီး တစ်ခုနဲ့တစ်ခု မတူကြပါ။ ဥပမာ ယူကေ (အသက် ၂၅နှစ် အထက်ရှိ အလုပ်သမားအားလုံးအတွက် ပြဋ္ဌာန်းထားသော လူနေမှုလုပ်ခလစာ၊ အမေရိကန် မြို့ကြီးတွေ ဖြစ်ကြတဲ့ ရှီကာဂို နဲ့ ဆန်ဖရန်စစ္စကို |
အခြားပြည်သူ့ရေးရာမူဝါဒနယ်ပယ်တွေလိုပဲ မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခကြေးငွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အမျိုးသားကော်မတီတစ်ရပ်ကနေပဲ ချမှတ်ပါတယ် (ဆွေးနွေးချက်မှတ်တမ်းတွေကို မထုတ်ပြန်ပါ)။ ဒေသဆိုင်ရာကော်မတီတွေက အနိမ့်ဆုံးလုပ်ခကြေးငွေ ဘယ်လောက်ဖြစ်သင့်တယ်ဆိုတဲ့ ထင်မြင်ချက်တွေကို တင်ပြကြပေမယ့် ဒါဟာ မတူတဲ့ ဒေသတွေအတွက် ကွဲပြားတဲ့ နှုန်းထားတွေ သတ်မှတ်ပေးတဲ့အထိ ရောက်ရှိမလာပါဘူး။ အမျိုးသားကော်မတီဟာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ နေထိုင်မှုကုန်ကျစရိတ်ကို လေ့လာတွက်ချက်တယ်လို့ အစိုးရကိုယ်စားလှယ်တွေက ပြောနေစဉ်မှာ ဘယ်လိုဆုံးဖြတ်ချက် ချမှတ်တယ်ဆိုတာဟာ ပွင့်လင်းမြင်သာမှု လုံးဝ မရှိပါဘူး။ ဥပမာ ယူကေနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခကြေးငွေကော်မရှင်နဲ့ မတူတဲ့အချက် အစီရင်ခံစာအားလုံးကို ထုတ်ပြန်ပေးပြီး အချက်အလက်တွေကို ပွင့်လင်းမြင်သာအောင် လုပ်ပေးတာမျိုးပဲ ဖြစ်ပါတယ် (ဒီမှာ ကြည့်ရှုနိုင်ပါတယ်) ။
နိုင်ငံတော်တော်များများမှာ အနိမ့်ဆုံးလုပ်ခကြေးငွေကို သက်ဆိုင်ရာ အကျိုးစပ်ဆိုင်သူတွေကြား ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ဆုံးဖြတ်နေကြရာက ကမ္ဘာတစ်ဝန်း မညီမျှမှုတွေ မြင့်မားလာခြင်းက အနိမ့်ဆုံးလုပ်ခကြေးငွေ တွက်ချက်ဖို့ အခြားသော နည်းလမ်းတွေကို တောင်းဆိုမှုတွေ မြင့်တက်လာစေပါတယ်။ အဲဒီတောင်းဆိုမှုတွေကို အောက်မှာ ဖော်ပြထားပါတယ်။
- လူနေမှုလုပ်ခလစာ (Living Wage) - အထက်ဖော်ပြပါ ဇယားမှာ ဖော်ပြထားသလိုပဲ နိုင်ငံတစ်နိုင်ငံရဲ့ ပျမ်းမျှလုပ်ခကြေးငွေ (median/average wage) ရာခိုင်နှုန်းတစ်ခုအပေါ်မှာ အနိမ့်ဆုံးလုပ်ခကြေးငွေကို အခြေခံထားတာ ဖြစ်ပါတတယ်။ ယူကေနိုင်ငံဟာ အသက် ၂၅ နှစ်အထက် အလုပ်သမားအားလုံးအတွက် နေစားစရိတ်၊ စားစရိတ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။
- အမှန်တစ်ကယ် လူနေမှုလုပ်ခလစာ(‘Real’ Living Wage) - အဆိုပါနှုန်းထားဟာ အစားအစာ၊ အိမ်မှုစရိတ် နဲ့ ခရီးစရိတ် စတာတွေ ပါဝင်တတ်တဲ့ “a basket of goods” အတွက် လိုအပ်မယ့် အနိမ့်ဆုံးလုပ်ခကြေးငွေကို အခြေခံ သတ်မှတ်တွက်ချက်တာ ဖြစ်ပါတယ်။ (Living Wage Foundation, n.d.)
- လုပ်ခအချိုး (Pay ratio) - အချို့အဖွဲ့အစည်းတွေက အနိမ့်ဆုံးနဲ့ အမြင့်ဆုံး လုပ်ခ ရတဲ့ အလုပ်သမားတွေကို ထည့်သွင်းစဉ်းစားပြီး မျှတတဲ့ အခကြေးငွေပေးရေးမူတွေကို မိတ်ဆက်ခဲ့ကြပါတယ်။ ဥပမာ ကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်က အနိမ့်ဆုံးလုပ်ခကြေးငွေရ အလုပ်သမားထက် ဆယ်ဆ မပိုရ ဆိုပြီး ပြဋ္ဌာန်းခြင်းမျိုး ဖြစ်ပါတယ်။ လုပ်ခကြေးငွေနှုန်းထား သက်မှတ်ဖို့အတွက် ဒီလို မူအဖြစ် မထားရင်တောင်မှ မျှတတဲ့ အခကြေးငွေပေးရေးမူတွေကို ယုံကြည်ကြသူတွေက လုပ်ခအချိုးတွေ ထုတ်ပြန်တာကို အားပေးတတ်ကြပါတယ်။ အများပြည်သူပိုင်ကဏ္ဍနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီနမူနာအတိုင်း ချမှတ်ခြင်းနည်းကို ဦးဆောင်နိုင်ပါတယ်။
-
ဆက်နွယ်သော ငွေကြေးဖောင်းပွမှု (Inflation linked) - အစိုးရကော်မတီတွေအတွင်း ညှိနှိုင်းဆွေးနွေးခြင်း ဒါမှမဟုတ် စုပေါင်းဈေးညှိခြင်း စတဲ့ နည်းလမ်းတွေကို သင့်သလို အသုံးပြုပြီး အနိမ့်ဆုံးလုပ်ခကြေးငွေ သက်မှတ်တာက ငွေကြေးဖောင်းပွမှုကို ထည့်သွင်းစဉ်းစားခြင်း မရှိပါဘူး။ အဲဒီလို ထည့်သွင်း မစဉ်းစားခြင်းရဲ့ အကျိုးဆက်ကို အောက်မှာ ဖော်ပြထားပါတယ်။
"(အမေရိကန်ပြည်ထောင်စုတွင်) ငွေကြေးဖောင်းပွမှုအတွက် အနိမ့်ဆုံးလုပ်ခကြေးငွေကို ချိန်ညှိထားလေ့ မရှိတာကြောင့် လုပ်ခကြေးငွေတိုးမြှင့်ပြဋ္ဌာန်းတဲ့ နှစ်ကာလတွေမှာ ၄င်းရဲ့ (ငွေကြေးဖောင်းပွမှုနဲ့ ချိန်ညှိထားတဲ့) အမှန်တကယ်တန်ဖိုးဟာ ကျလေ့ရှိပါတယ်။ ဥပမာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အနိမ့်ဆုံးလုပ်ခကြေးငွေရဲ့ အမှန်တကယ်တန်ဖိုး ၃၀% ကျဆင်းခဲ့ရမှု၊ ၁၉၉၀ ပြည့်လွန်နှစ်ကာလလယ်ကနေ ၂၀ဝ၇ ခုနှစ်မတိုင်မီအထိ ၂၀% ကျဆင်းခဲ့ရမှုနဲ့ ၂၀ဝ၉ ခုနှစ်နှောင်းပိုင်းကာလမှာ ၁၄% ကျဆင်းခဲ့ရမှုတို့ ဖြစ်ခဲ့ပါတယ်။ ဒီလို အနိမ့်ဆုံးလုပ်ခကြေးငွေရဲ့ ဝယ်ယူနိုင်စွမ်းအား ကျဆင်းမှုတွေဟာ အနိမ့်ဆုံးလုပ်ခကြေးငွေရ အလုပ်သမားတွေရဲ့ လူနေမှုအဆင့်အတန်းတွေကို နိမ့်ကျစေပါတယ်" (Center on Budget and Policy Priorities, 2018)
နမူနာ - ယူကေနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခကြေးငွေ နှင့် လူနေမှုလုပ်ခလစာ
ယူကေနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခဟာ တစ်နာရီလုပ်ခကြေးငွေပေါ်မှာ အခြေခံထားပြီး နိုင်ငံတွင်းက အလုပ်အားလုံးကို သက်ရောက်ပါတယ်။ နှစ်စဉ် ဧပြီလမှာ အစိုးရဟာ အနိမ့်ဆုံးလုပ်ခကြေးငွေကော်မရှင်လို့ ခေါ်တဲ့ လွတ်လပ်သော အဖွဲ့ကြီးဆီက အကြံဉာဏ်ရယူပြီး နိုင်ငံရဲ့ လုပ်ခကြေးငွေကို ပြန်လည်သုံးသပ်လေ့ ရှိပါတယ် (GOV.UK, n.d.) ။
ယူကေနိုင်ငံက အလုပ်ရှင်တွေဟာ အသက် ၂၅ နှစ်အထိ အရွယ်ရှိတဲ့ အလုပ်သမားတွေကို အနိမ့်ဆုံးလုပ်ခကြေးငွေ (National Minimum Wage) ပေးဖို့ သဘောတူရပါတယ်။ ၂၅ နှစ်အထက် အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခကြေးငွေထက် ၅၀% ခန့် များတဲ့ လူနေမှုလုပ်ခလစာ(National Living Wage) ကို သတ်မှတ်ကျင့်သုံးပါတယ်။
အလုပ်သမားတွေ ရရှိတဲ့ အနိမ့်ဆုံးလုပ်ခပမာဏဟာ သူတို့ ကျရောက်နေတဲ့ အသက်အရွယ် အပိုင်းအခြားပေါ်မှာ မူတည်ပါတယ်။ သတ်မှတ်ထားတဲ့ အခကြေးငွေကို (အင်္ဂလန်မှာ) ခံစားရဖို့ဆိုရင် အနည်းဆုံးအနေနဲ့ အသက် ၁၆ နှစ် ရှိရပါမယ်။
Living Wage Foundation ဟာ အခြားနေရာတွေထက် စရိတ်ပိုကြီးမြင့်တဲ့ လန်ဒန်ရဲ့ နေထိုင်မှုကုန်ကျစရိတ်အတွက် ချိန်ညှိပေးထားတဲ့ လူနေမှုလုပ်ခလစာအတွက်ကို လှုံ့ဆော်တိုက်တွန်းနေပါတယ်။ လူနေမှုလုပ်ခလစာဟာ အသက် ၁၈နှစ်နဲ့အထက် အလုပ်သမားအားလုံးအတွက် အကျုံးဝင်စေမှာ ဖြစ်ပါတယ် (Living Wage Foundation, n.d.) ။
အနိမ့်ဆုံးလုပ်ခကြေးငွေနဲ့ လူနေမှုလုပ်ခလစာအပြင် လက်တလောနှစ်တွေအတွင်း စိတ်ဝင်စားမှုရနေတဲ့ အခြားဝင်ငွေရလမ်းမူဝါဒတွေက အခြေခံ ဒါမှမဟုတ် အနည်းဆုံး ဝင်ငွေ ပံ့ပိုးပေးခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက အစိုးရဟာ လူတိုင်းကို အခြေခံလိုအပ်ချက်တွေ ပြည့်မီစေဖို့ (အမျိုးသားထုတ်လုပ်မှုရဲ့ ဝေစုအဖြစ်) လုံလောက်တဲ့ အခြေခံဝင်ငွေ ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ မညီမျှမှုကြီးထွားလာခြင်းအတွက် တုံ့ပြန်မှုတစ်ရပ် ဖြစ်သလို၊ ဝင်ငွေနဲ့ အလုပ်ချိန်နာရီအကြား ဆက်နွယ်မှုကို အားနည်းစေပြီး အလုပ်အကိုင်အရေအတွက် ကျဆင်းလာစေမယ့် အလိုအလျောက်စနစ်နဲ့ စက်ရုပ်တွေကို အစားထိုးအသုံးပြုလာမည့် စီးပွားရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှု ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကြွယ်ဝမှုကို ပြန်လည်ဖြန့်ဝေပေးခြင်းမရှိပါက လူသားသန်းပေါင်းများစွာဟာ အလုပ်လက်မဲ့ ဖြစ်လာနိုင်ပြီး လုပ်ငန်းပိုင်ရှင်တွေလို အရင်းအနှီးကို ထိန်းချုပ်ထားနိုင်သူတွေကသာ ပိုပိုပြီး ဆက်လက် ချမ်းသာနေပါလိမ့်မယ် (Wikipedia, 2020) ။
အကျိုးကျေးဇူးများက ဘာတွေလဲ၊ ဘယ်သူတွေက အကျိုးခံစားခွင့် ရရှိနိုင်မှာလဲ
အနိမ့်ဆုံးလုပ်ခကြေးငွေရဲ့ အကျိုးကျေးဇူးတွေက (When I Work, 2014) -
- စီးပွားရေးတွန်းနှိုးမှု - လုပ်ခကြေးငွေတိုးမြှင့်လာတာနဲ့အတူ စားသုံးသူတွေရဲ့ သုံးစွဲမှုဟာလည်း မြင့်တက်လာတတ်တာကြောင့် “ပိုမြင့်မားတဲ့ အနိမ့်ဆုံးလုပ်ခကြေးငွေတစ်ရပ်ဟာ အလုပ်သမား သန်းပေါင်းများစွာရဲ့ အိတ်ကပ်ထဲကို ငွေပိုဝင်စေပြီး ထိုငွေတွေဟာ လက်လီဆိုင်တွေနဲ့ အခြားစီးပွာရေး လုပ်ငန်းတွေဆီ စီးဆင်းသွားပါလိမ့်မယ် (Investopedia, 2016)။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံမှာ ကုန်စည်နဲ့ ဝန်ဆောင်မှုအတွက် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ခြင်းဟာ စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။
- အလုပ်အကိုင်အခွင့်အလမ်း များပြားလာမှု - အနိမ့်ဆုံးလုပ်ခကြေးငွေရ အလုပ်သမားတွေ ငွေပိုသုံးလာပါက စီးပွားရေးလုပ်ငန်းတွေ ဝင်ငွေပိုတိုးလာမှာဖြစ်ပြီး ရောင်းအားတက်လာတာကို အလျင်မီဖို့ အလုပ်သမားတွေကို ပိုမိုခန့်ထားဖို့ လိုအပ်လာပါတယ်။
- လူမှုဖူလုံရေးစရိတ်နဲ့ ပရဟိတအသင်းပေါ် မှီခိုခြင်း လျော့နည်းလာမှု - အနိမ့်ဆုံးလုပ်ခကြေးငွေနဲ့ ရုန်းကန်ရှင်သန်နေရတဲ့ အလုပ်သမားတွေဟာ သူတို့နဲ့ သူတို့မိသားစုတွေအတွက် အစိုးရရဲ့ ထပ်ဆောင်း အထောက်အပံ့တွေ ဒါမှမဟုတ် အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ဆောင်ရွက်နေတဲ့ လူမှုအထောက်အပံ့တွေကို မှီခိုနေရတဲ့သူတွေ ဖြစ်တတ်ပါတယ်။ အနိမ့်ဆုံးလုပ်ခကြေးငွေတွေ တိုးမြှင့်ပေးလိုက်တာက အဆိုပါသူတွေအနေဖြင့် သူတို့ကိုယ်သူတို့ ပိုမိုအထာက်အပံ့ပြုလာနိုင်မှာ ဖြစ်ပြီး အစိုးရရဲ့ ရံပုံငွေတွေကိုလည်း အခြားလိုအပ်ချက်ရှိတဲ့ နေရာတွေကို ခွဲတမ်းချပေးဖို့ တတ်နိုင်စေမှာ ဖြစ်ပါတယ်။
- အလုပ်သမားတွေ ပိုမိုကျန်းမာပျော်ရွှင်လာမှု - အမှန်တစ်ကယ် ပိုမိုကောင်းမွန်ပျော်ရွှင်တဲ့ ဘဝကို မရရှိပါက စီးပွားရေးတိုးတက်မှုဟာ လက်ကိုင်ပြုထိုက်တဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခု မဟုတ်တော့ပါဘူး။ အနိမ့်ဆုံးလုပ်ခ ပိုမိုရကြတဲ့ အလုပ်သမားတွေဟာ လုပ်ငန်းခွင်မှာ သက်တောင့်သက်သာနဲ့ ကျေနပ်မှု ပိုမို ရှိတတ်ကြပြီး စိတ်ဖိစီးမှုလည်း နည်းပါးကာ ကျန်းမာရေးနဲ့ ပိုညီညွှတ်တဲ့ စားသောက်မှုပုံစံတွေကို ကျင့်သုံးတာ၊ အရက်နဲ့ မူးယစ်ဆေးဝါးဘက်ကို တိမ်းညွှတ်မှု နည်းတာ စတဲ့ ကောင်းကျိုးတွေ ဖြစ်စေပါတယ်။ နောက်ပြီးလည်း အလုပ်မှ နှုတ်ထွက်တာတွေ ဖြစ်နိုင်ချေ နည်းစေပါတယ်။
- ငွေကြေးဖောင်းပွမှုကို ဖာထေးခြင်း - ငွေကြေးဖောင်းပွမှုကြောင့် အနိမ့်ဆုံးလုပ်ခကြေးငွေကို တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။ လုပ်ခကြေးငွေသာ အလျင်မီ တိုးမြင့်ခြင်းမရှိပါက ငွေကြေးဖောင်းပွမှုဟာ နိုင်ငံသားတွေရဲ့ ဝယ်ယူနိုင်စွမ်းအားကို ကျဆင်းစေနိုင်ပါတယ်။
- မညီမျှမှုကို တိုက်ဖျက်ခြင်း - အလျင်အမြန် ကြီးထွားနေတဲ့ စီးပွားရေးတွေ (အထူးသဖြင့် ယခင်အစိုးရနဲ့ ဆက်စပ်နေတဲ့ လက်တစ်ဆုပ်စာသော လူ့မလိုင်လွှာတွေရဲ့ လုပ်ငန်းကြီးတွေ တည်ရှိရာ စီးပွားရေး) မှာ အနိမ့်ဆုံးလုပ်ခကြေးငွေတွေကို ပြန်လည်ဖြန့်ဝေပေးတဲ့ စီးပွားရေး မူဝါဒရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မချမှတ်နိုင်ပါက တိုးပွားလာတဲ့ အကျိုးအမြတ်တွေကို လူ့အဖွဲ့အစည်းရဲ့ အချမ်းသာဆုံးသောသူတွေကသာ ခံစားနိုင်မှာ ဖြစ်ပြီး အလုပ်သမားတွေဆီ ဖြန့်ဝေရောက်ရှိနိုင်စေမှာ မဟုတ်ပါ။
- ကျွမ်းကျင်လုပ်သားများကို ထိန်းထားခြင်း - စီးပွားရေးအရ ပိုမိုတက်ကြွတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိခင်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်နေတာထက် တိုင်းပြည်ကနေ ထွက်ခွာသွားနေတာ၊ ပြည်ပမှာ နေထိုင်နေတာတွေကို စိုးရိမ်ကြောင်း မြန်မာအစိုးရက ပြောကြားလာပါတယ်။ ဥပမာပြောရရင် ဝန်ကြီးတွေက နိုင်ငံကို ငွေပြန်လွှဲပို့နေတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အရေးပါမှုနဲ့ပက်သက်တဲ့ ပြောဆိုမှုတွေ လုပ်လာကြပြီး အဲဒီသူတွေ ပြည်တော်ပြန်ရေး တိုက်တွန်းဖို့ ကြိုးစားလာကြပါတယ်။ ဒါပေမယ့် ပိုမို ရိုးရှင်းတဲ့ ချဉ်းကပ်မှုတစ်ခုက မြန်မာနိုင်ငံရှိ အလုပ်တွေက မျှတတဲ့ လုပ်ခကြေးငွေ ပေးစေဖို့ ဖြစ်ပါတယ်။ ဒီလို ပေးစေဖို့ဆိုရင် အနိမ့်ဆုံး လုပ်ခကြေးငွေသတ်မှတ်တာကနေတစ်ဆင့် လုပ်ဆောင် နိုင်ပါတယ်။
"အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်တွေအရ ၂၀၁၈ခုနှစ်မှာ အနိမ့်ဆုံးလုပ်ခလစာ ပြင်ဆင်မှု ပြီးနောက် ပြည်ပသို့ထွက်ခွာသွားတဲ့ မြန်မာအလုပ်သမားအရေအတွက် သိသိသာသာ မြင့်တက်သွားခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှာ ထွက်ခွာသူ ၁၅၀,ဝ၀ဝ ရှိရာကနေ၂၀၁၈ ခုနှစ်မှာ ၂၃၀,ဝ၀ဝ နဲ့ ၂၀၁၉ ခုနှစ်မှာ ၃၂၇,၀ဝ၀ အထိ ရှိလာပါတယ်။
မြန်မာနိုင်ငံက ထိုင်းကိုသွားရောက်တဲ့ ရွှေ့ပြောင်းအလုပ်သမား အများစုဟာ အဲဒီနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခလစာ ဥပဒေတွေအရ ၈ နာရီ အလုပ်ချိန်အတွက် ၃၀၈ ဘတ် (အမေရိကန်ဒေါ်လာ ၁၀.၁၄) ကနေ ၃၃၀ ဘတ်အထိ ရရှိကြပါသည်။ သွားရောက်မှု ဒုတိယ အများဆုံးဖြစ်တဲ့ မလေးရှားမှာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ တစ်လ ရင်းဂစ် ၁,၁၀ဝ (အမေရိကန်ဒေါ်လာ ၂၇၀.၉၅) ရပါတယ်” (The Irrawaddy, 2020)
ဖြစ်ပေါ်နိုင်တဲ့ ဘေးအန္တရာယ်တွေက ဘာတွေလဲ
အနိမ့်ဆုံးလုပ်ခကြေးငွေ တိုးမြှင့်မှုနဲ့ဆက်စပ်တဲ့ ဘေးအန္တရာယ်တွေကို အများအားဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေ ဒါမှမဟုတ် စီးပွားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ နိုင်ငံရေးသမားတွေက မကြာခဏ ပြောဆိုကြတာဟာ အံ့သြစရာ မဟုတ်ပါဘူး။
- အလုပ်ဖြုတ်ခံရမှုများ - လုပ်ငန်းတစ်ခုဟာ အမြတ်အစွန်းရဖို့ ကြိုးစားနေရပြီး အနိမ့်ဆုံးလုပ်ခကြေးငွေ တိုးမြှင့်လိုက်ရင် အလုပ်သမားတွေ ထပ်တိုးခန့်အပ်ဖို့ မတတ်နိုင်တော့ပါဘူး။ ဒါဟာ အလုပ်ဖြုတ်ခံမှု တစ်မျိုး ဖြစ်ပါတယ်။ အလုပ်သမားအချို့က ငွေကြေးအနည်းငယ် ပိုရကောင်းရနိုင်တယ်လို့ ဆိုနိုင်ပေမယ့် ကျန်သူတွေကတော့ အလုပ်ခန့်မခံရဘဲ ဖြစ်နေလိမ့်ပါမယ်။
- ဈေးနှုန်းတက်ခြင်း - အလုပ်ရှင်ဟာ အနိမ့်ဆုံးလုပ်ခကြေးငွေ ပိုပေးနိုင်ဖို့ ဝင်ငွေလုံလောက်အောင် လုပ်ဆောင်ရာမှာ ထုတ်ကုန်ပစ္စည်း ဈေးနှုန်းကို တိုးမြှင့်တတ်ပါတယ်။ ဒီအချက်ဟာ ငွေကြေးဖောင်းပွမှုကို အားပေးရာရောက်ပြီး နေထိုင်မှုကုန်ကျစရိတ်တွေကို မြင့်တက်စေကာ နောက်တစ်ကြိမ် အနိမ့်ဆုံး လုပ်ခကြေးငွေ တိုးပေးဖို့ နောက်ထပ်တွန်းအား ဖြစ်သွားစေနိုင်ပါတယ်။
- ယှဉ်ပြိုင်နိုင်စွမ်းအား လျော့ကျလာမှု - အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အလုပ်သမားစရိတ် နည်းပါးတာက ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ လာရောက်အခြေချဖို့ ဆုံးဖြတ်ခြင်းရဲ့ နောက်ကွယ်က အခြေခံကျတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ပို့ကုန်နဲ့ လုပ်သားအခြေပြု စက်မှုလုပ်ငန်းတွေဟာ စက်မှုထွန်းကားရေးအသွင်ကူးပြောင်းနေတဲ့ နိုင်ငံတွေအတွက် အရေးပါတဲ့ လှုံ့ဆော်မှု ဖြစ်ပါတယ်။ ဒီနေရာမှာ အချို့ပြောကြတာက လုပ်ခကြေးငွေတိုးမြှင့်ခြင်းဟာ ရင်းနှီးမြှုပ်နှံမှု အကွက်အကွင်းအဖြစ် နိုင်ငံတစ်နိုင်ငံရဲ့ ဆွဲဆောင်မှုကို ထိခိုက်တတ်တယ် ဆိုပြီး ဖြစ်ပါတယ်။ အမှန်တစ်ကယ်တော့ အဲဒီလိုပြောဆိုမှုဟာ ကိုယ့်ကိုယ်ကို အရှုံးသံသရာထဲ ပစ်ဝင်စေလိုက်ခြင်း ဖြစ်ပါတယ်။ အကြောင်းကတော့ အလုပ်သမားတွေအနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ လုပ်ခ မရရှိဘူးဆိုရင် စားသုံးကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲနိုင်မှာ မဟုတ်တော့ဘဲ အကျိုးဆက်ကတော့ ပြည်တွင်းဝယ်လိုအား တုန့်ဆိုင်းပြီး ရေရှည်တည်တံ့တိုးတက်မှုကိုပါ ဟန့်တားလာစေမှာ ဖြစ်ပါတယ်။
မူဝါဒရေးဆွဲသူများအတွက် ထည့်သွင်းစဉ်းစားစရာများ
၁။ ရှင်းလင်းပြတ်သားသော ရည်မှန်းချက်
အစိုးရတွေဟာ စည်းမျဉ်းမူဘောင်ချမှတ်ရာမှာ မူဝါဒရည်ရွယ်ချက်တွေ ရှင်းရှင်းလင်းလင်း ဖြစ်နေရပါမယ်။ အနိမ့်ဆုံးလုပ်ခရသူတွေရဲ့ ဘဝအဆင့်အတန်း တိုးတက်ဖို့ နဲ့ ဆင်းရဲမွဲတေမှု လျှော့ချဖို့ ရည်ရွယ်တဲ့ အစီအမံတွေရဲ့ အစိတ်အပိုင်းအဖြစ် အနိမ့်ဆုံးလုပ်ခကြေးငွေကို သတ်မှတ်သင့်ပါတယ်။
၂။ မှန်ကန်သော အကျိုးစပ်ဆိုင်သူများ
နိုင်ငံအများစုမှာလို အစိုးရကော်မတီတစ်ရပ်က အနိမ့်ဆုံးလုပ်ခကြေးငွေသက်မှတ်ရာမှာ အထက်ဖော်ပြပါ ရည်ရွယ်ချက်တွေအပေါ် အခြေခံပြီး မှန်ကန်တဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်အောင် ဂရုစိုက်ရပါမယ်။ အလုပ်သမားတွေရဲ့ ကိုယ်စားပြုသူတွေ သင့်တင့်မျှတစွာ ပါဝင်ရမှာ ဖြစ်ပြီး (လွှတ်တော်ရဲ စုံစမ်းမေးမြန်းမှုတွေ ရှိကောင်းရှိနိုင်ပေမယ့်) အနိမ့်ဆုံးလုပ်ခကြေးငွေရရှိသူတွေနဲ့ အဆင်းရဲဆုံးသောသူတွေရဲ့ အသံကို ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေ ကြားနိုင်မယ့် ယန္တရားတွေကို ဖန်တီးထားရပါမယ်။ အစိုးရဟာ အုပ်ချုပ်ရေးအပိုင်းက လွှမ်းမိုးချုပ်ကိုင် ခန့်အပ်တဲ့ လုပ်ရိုးလုပ်စဉ် နည်းလမ်းမျိုးမှ မဟုတ်ဘဲ ပွင့်လင်းမြင်သာတဲ့ ရွေးချယ်မှုကနေ ခန့်အပ်ထားတဲ့ အနိမ့်ဆုံးလုပ်ခကြေးငွေဆိုင်ရာ လွတ်လပ်တဲ့ အကြံပေးအဖွဲ့ ဖွဲ့စည်းထားဖို့ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
၃။ လူနေမှုလုပ်ခလစာ
အနိမ့်ဆုံးလုပ်ခကြေးငွေ ချမှတ်ရာမှာ ကော်မတီရဲ့ ဆုံးဖြတ်ချက်ထက် လူနေမှုလုပ်ခလစာတွက်ချက်မှု လုပ်ဆောင်တာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။ အကြောင်းကတော့ အဲဒီလိုဆောင်ရွက်တာက အနိမ့်ဆုံး လုပ်ခကြေးငွေရသူတွေအတွက် ပိုမိုမျှတတဲ့ ရလဒ်ထွက်လာစေနိုင်ဖွယ်ရှိပြီး ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားတဲ့ နည်းလမ်း အသုံးပြုတာက တဖက်သတ်ဆုံးဖြတ်ချက်ချတဲ့ အန္တရာယ်နဲ့ စီးပွားရေးအထက်တန်းလွှာတွေရဲ့ အလွန်အမင်း လွှမ်းမိုးမှုကိုပါ လျော့ကျစေပါတယ်။
၄။ ပုံမှန်ပြန်လည်သုံးသပ်ခြင်း
နိုင်ငံများစွာဟာ သူတို့ရဲ့ အနိမ့်ဆုံးလုပ်ခနှုန်းထားတွေကို နှစ်အလိုက် ပြန်လည်သုံးသပ်လေ့ရှိကြပါတယ်။ ဒီလိုဆောင်ရွက်ဖို့ လိုတာကိုလည်း ဥပဒေမှာ သက်မှတ်ထားပါတယ်။ ပုံမှန်ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်တာက မသင့်လျော်ပါဘူး။ အစိုးရဝန်ကြီးရဲ့ ပုံမှန် မျှတစွာ ပြန်လည်သုံးသပ်ဖို့ အာမခံချက်တွေနဲ့ အနိမ့်ဆုံးလုပ်ခကြေးငွေရသူတွေအတွက် အကာအကွယ်တစ်ရပ်ဖြစ်စေတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်ကနေ ပုံမှန်ပြန်လည်သုံးသပ်စေတာကို အစားထိုးလို့ မရပါဘူး။
၅။ ဒေသအလိုက် ကွဲပြားခြင်း
နေထိုင်မှုကုန်ကျစရိတ်တွေ မတူကြတာကို နိုင်ငံအများအပြားက အသိအမှတ်ပြုကြပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် အဆိုပါကုန်ကျစရိတ်ဟာ နိုင်ငံရဲ့ အခြားဒေသတွေမှာထက် ရန်ကုန်မြို့မှာ ပိုကြီးမြင့်ပါတယ်။ ဒီအချက်ကို ထည့်တွက်ပြီး အနိမ့်ဆုံးလုပ်ခကြေးငွေကို ချမှတ်နိုင်ပါတယ်။ အမှန်တော့ ကမ္ဘာတစ်လွှားက အနိမ့်ဆုံးလုပ်ခကြေးငွေ ဒါမှမဟုတ် လူနေမှုလုပ်ခလစာ ပိုမိုရရှိရေး လှုံ့ဆော်တိုက်ပွဲတွေဟာ မကြာခဏဆိုသလိုပဲ မြို့ကြီးပြကြီးနေရာတွေကနေ စတင်ခဲ့ကြခြင်း ဖြစ်ပါတယ်။
References
Center on Budget and Policy Priorities, 2018. Policy Basics: The Minimum Wage. [Online] Available at: https://www.cbpp.org/research/economy/policy-basics-the-minimum-wage [Accessed 8 February 2020].
GOV.UK, n.d. Low Pay Commission: About Us. [Online] Available at: https://www.gov.uk/government/organisations/low-pay-commission/about [Accessed 8 February 2020].
India Briefing, 2017. India’s Minimum Wage Structure: A Brief Explainer. [Online] Available at: https://www.india-briefing.com/news/india-minimum-wage-a-brief-explainer-15102.html/ [Accessed 8 February 2020].
Investopedia, 2016. What Are the Pros and Cons of Raising the Minimum Wage?. [Online] Available at: https://www.investopedia.com/articles/markets-economy/090516/what-are-pros-and-cons-raising-minimum-wage.asp [Accessed 8 February 2020].
Living Wage Foundation, n.d. What is the Real Living Wage?. [Online] Available at: https://www.livingwage.org.uk/what-real-living-wage [Accessed 8 February 2020].
Myanmar Times, 2020. Myanmar govt seeks to scrap mandatory review of minimum wage. [Online] Available at: https://www.mmtimes.com/news/myanmar-govt-seeks-scrap-mandatory-review-minimum-wage.html [Accessed 8 February 2020].
The Irrawaddy, 2020. Thousands of Myanmar Workers Demand Higher Minimum Wage. [Online] Available at: https://consult-myanmar.com/2020/01/22/thousands-of-myanmar-workers-demand-higher-minimum-wage/ [Accessed 8 February 2020].
When I Work, 2014. The Pros and Cons of Raising the Minimum Wage. [Online] Available at: https://wheniwork.com/blog/the-pros-and-cons-of-raising-the-minimum-wage/ [Accessed 8 February 2020].
Wikipedia, 2020. Basic Income. [Online] Available at: https://en.wikipedia.org/wiki/Basic_income [Accessed 8 February 2020].