Posted in ဥပဒေရေးရာ သုတေသန on Mar 05, 2020

လက်ရှိ ပြင်ဆင်ချက်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီက တင်သွင်းတာ ဖြစ်ပြီး အမျိုးသားလွှတ်တော် အင်တာနက်စာမျက်နှာမှာ ၃၀.၀၁.၂၀၂၀ နေ့စွဲနဲ့ တင်ထားတာကို တွေ့ရပါတယ်။

လက်ရှိ အခြေအနေ (၀၅.၀၃.၂၀၂၀) – အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ‌ဆောင်ရွက်နေဆဲ။


(၁) ဥပဒေကြမ်းမိတ်ဆက်

အနည်းဆုံး အခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေပါ ပြဋ္ဌာန်းချက်အရ အနည်းဆုံး အခကြေးငွေ သတ်မှတ်ဖို့ လုပ်ဆောင်ခဲ့တာ နှစ်ကြိမ် ရှိခဲ့ပါတယ်။ ပထမအကြိမ် ၂၀၁၅ ခုနှစ်က တစ်ရက် လုပ်ခ ၃၆၀၀ ကျပ် အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တစ်ရက် လုပ်ခ ၄၈၀၀ ကျပ်အဖြစ် ဒုတိယအကြိမ် တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အနည်းဆုံး အခကြေးငွေကို ပြောင်းလဲသတ်မှတ်ဖို့ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၂၈/၂၀၂၀ နဲ့ အမျိုးသားကော်မတီကို ဖွဲ့စည်းထားပါတယ်။

ဒုတိယအကြိမ် ပြောင်းလဲသတ်မှတ်ပြီး နှစ်နှစ်မြောက်အချိန်မှာ လွှတ်တော်ရေးရာကော်မတီကနေ ပြင်ဆင်ချက် ဥပဒေကြမ်းကို တင်သွင်းလာတာ ဖြစ်ပါတယ်။ မူလဥပဒေအရဆိုရင် အမျိုးသားကော်မတီမှာ ပါဝင်သင့်တဲ့ ပုဂ္ဂိုလ်တွေ မပါဝင်တာ၊ အနည်းဆုံး အခကြေးငွေကို အနည်ဆုံး နှစ်နှစ် တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမယ်ဆိုတဲ့ အချက်ဟာ လုပ်ငန်းခွင် တည်ငြိမ်မှုကို ထိခိုက်စေတာ၊ အမျိုးသားကော်မတီရဲ့ သက်တမ်းက ၃ နှစ် ဖြစ်နေတာနဲ့ ပယ်ဖျက်သင့်တဲ့ ပြဋ္ဌာန်းချက်အချို့ရှိနေတာ စတဲ့ အကြောင်းအရင်းတွေကြောင့် ဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်တာလို့ အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီက ဆိုပါတယ်။

(၂) ဥပဒေကြမ်းအနှစ်ချုပ်

‌ဒီဥပဒေကြမ်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေသစ်တွေနဲ့ ဆီလျော်အောင် ပြင်ဆင်ချက်တွေ၊ နည်းဥပဒေထဲ ပါသင့်တဲ့ အချက်တွေ၊ တခြားဥပဒေတွေနဲ့ ထပ်နေတဲ့ ပြဋ္ဌာန်းချက်တွေကို ပယ်ဖျက်တာတွေနဲ့ ဥပဒေအရေးအသားဆိုင်ရာ ပြောင်းလဲချက်တွေ ပါရှိပါတယ်။

  • မူလဥပဒေဟာ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း စတာတွေကိုသာ လွှမ်းခြုံခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိပြင်ဆင်ချက်အရဆိုရင်တော့ ဥပဒေဟာ လုပ်ငန်းအားလုံးကို သက်ရောက်စေနိုင်တော့မှာ ဖြစ်ပါတယ်။ နောက်ပြီး “အနည်းဆုံးအခကြေးငွေ” ဆိုတဲ့ စကားရပ်ကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုလာပါတယ်။ “ဝန်ကြီးဌာန” ဆိုတာကိုတော့ ပြည်ထောင်စုအစိုးရက တာဝန်ပေးအပ်တဲ့ ဌာနလို့ ပြောင်းလဲဖွင့်ဆိုထားပါတယ်။
  • အမျိုးသားကော်မတီ ဖွဲ့စည်းပုံနဲ့ပတ်သက်ရင် ပါဝင်ရမယ့် အဖွဲ့ဝင်အချို့ကို တိတိကျကျ သတ်မှတ်လာပါတယ်။ အစိုးရဘက်က စီမံကိန်းနဲ့ ဘဏ္ဍာရေး၊ အလုပ်သမားနဲ့ စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားပြု ဝန်ကြီးတွေအပါအဝင် ပြင်ပပညာရှင်နဲ့ အလုပ်သမားစျေးကွက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ဆိုပြီး ပါရှိလာပါတယ်။ ကော်မတီရဲ့ သက်တမ်းကိုလည်း ၃ နှစ် အစား ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သက်တမ်းအတိုင်းဆိုပြီး ပြောင်းလဲလိုက်ပါတယ်။ နောက်ပြီး တာဝန်ခံမှုနဲ့ပတ်သက်ရင် ပိုမိုရှင်းလင်းစေဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကို တာဝန်ခံရမယ်လို့ ပြဋ္ဌာန်းချက် ထပ်တိုးလိုက်ပါတယ်။
  • အနည်းဆုံးအခ‌ကြေးငွေ သတ်မှတ်ရာမှာ ကော်မတီဟာ အစိုးရအဖွဲ့ကို နှစ်စဉ် အကြံပြုချက် တင်ပြရမယ်လို့ ပြင်ဆင်ထားပြီး၊ မူလဥပဒေပါ အနည်းဆုံး နှစ်နှစ် တစ်ကြိမ် ပြင်ဆင်သတ်မှတ်တယ် ဆိုတာကို နိုင်ငံရဲ့ စီးပွားရေးနဲ့ ငွေရေးကြေးရေး အခြေအနေအရပ်ရပ်ကို စဉ်ဆက်မပြတ် သုံးသပ်ကာ ပြန်လည်သတ်မှတ်သင့်တဲ့အခါတိုင်း အစိုးရအဖွဲ့ကို တင်ပြရမယ်လို့ ပြောင်းလဲလိုက်ပါတယ်။
  • အနည်းဆုံးအခကြေးငွေ သတ်မှတ်ဖို့ အခြေခံစဉ်းစားရာမှာ မူလဥပဒေပါ အချို့အချက်တွေကို ပယ်ဖျက်ထားပါတယ်။ အလုပ်သမားတွေနဲ့ သူတို့မိသားစုရဲ့ လိုအပ်ချက်တွေ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေ၊ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) နဲ့ တစ်ဦးချင်း ဝင်ငွေ၊ အသက်အန္တရာယ်ဖြစ်စေနိုင်မှုနဲ့ လုပ်ငန်းခွင် သဘောသဘာဝ စတာတွေကို အခြေခံ စဉ်းစားတော့မှာ မဟုတ်တော့ဘဲ စားဝတ်နေရေး ကုန်ကျစရိတ်နဲ့ သူတို့ရဲ့ ပြောင်းလဲချက် ဆိုတဲ့ အချက်ကို ငွေကြေး‌ဖောင်းပွမှုနှုန်းနဲ့ စားသုံးသူ စျေးဆနှုန်း ဆိုပြီး အစားထိုးမှာ ဖြစ်ပါတယ်။
  • အနည်းဆုံးအခကြေးငွေကို သတ်မှတ်မယ့် အဆိုပြုအမိန့်ကြော်ငြာစာ ထုတ်ပြန်ရာမှာ အမျိုးသားကော်မတီအစား ပြည်ထောင်စုအစိုးရကသာ ထုတ်ပြန်တော့မှာ ဖြစ်ပါတယ်။
  • အနည်းဆုံး အခကြေးငွေနှုန်းထားကို မကျေနပ်သူဟာ မူလဥပဒေအရဆိုရင် ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော် အမိန့် တစ်ရပ်ရပ် ထုတ်ပြီး ပြင်ဆင်ပေးဖို့ လျှောက်ထားနိုင်ခွင့် ရှိခဲ့ပေမယ့် လက်ရှိပြင်ဆင်ချက်အရဆိုရင်တော့ အဲဒီ အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး။
  • အလုပ်ရှင်ရဲ့တာဝန်တွေထဲက ပြင်ဆင်ချက်တစ်ခုကတော့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အနည်းဆုံး အခကြေးငွေနှုန်းထားတွေကို အလုပ်သမားတွေ သိအောင် ထုတ်ပြန်ကြော်ငြာရာမှာ အလုပ်သမားတွေ နားလည်နိုင်မယ့် ဘာသာစကားကိုသာ အသုံးပြုရမှာ ဆိုပြီး ဖြစ်ပါတယ်။
  • အလုပ်သမားတွေ ရပိုင်ခွင့်ရှိတဲ့ လုပ်ခနဲ့ပတ်သက်ရင် တရားရုံးကနေ ပြစ်မှုပြစ်ဒဏ်အရ ချမှတ်တဲ့ ငွေဒဏ်ကနေ ပေးစေရမယ်ဆိုတဲ့အချက်ကို ပယ်ဖျက်ထားပါတယ်။ ဒါပေမယ့် ရထိုက်ခွင့်ရှိတဲ့ အခကြေးငွေအားလုံးအတွက် ဦးစီးဌာနကနေ တရားမကြောင်းအရ အလုပ်ရှင်ကို တရားစွဲဆိုပေးနိုင်တယ်ဆိုတာကိုတော့ မူလဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။
  • အမျိုးသားကော်မတီဟာ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နဲ့ လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ခွင့်အာဏာ ရှိတော့မှာ မဟုတ်ဘဲ ဝန်ကြီးဌာနကသာ အဲဒီအခွင့်အာဏာကို ရယူထားတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး ဝန်ကြီးဌာနဟာ အမျိုးသားကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပြည်ထောင်စုလွှတ်တော်ထံ နှစ်စဉ် အစီရင်ခံရတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်ဥပဒေများ

‌၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ

အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁)

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ

လင့်ခ်

ဥပဒေကြမ်း

ဆက်သွယ်ရန်

မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org