Posted in ဥပဒေရေးရာ သုတေသန on Sep 04, 2019
မြန်မာနိုင်ငံဆေးကောင်စီဥပဒေက အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံသားအားလုံး ခံစားနိုင်စေဖို့၊ ဆရာဝန်တွေရဲ့ဆေးပညာဗဟုသုတ နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။
ပြင်ဆင်ချက်ဥပဒေမူကြမ်းအားနည်းချက်များ
အလုပ်အမှုဆောင်အဖွဲ့ဖွဲ့စည်းခြင်းမှာ ကောင်စီအဖွဲ့ဝင်ကို (၁၆)ဦးထိ တိုးမြှင့်ထားပေမယ့် မူရင်းဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်တဲ့ ကောင်စီဝင် (၁၀)ဦး ရွေးချယ်ခြင်းနဲ့ ပတ်သက်ရင်တော့ ပြောင်းလဲထားတာ ဥပဒေကြမ်းမှာ မတွေ့ရှိရပါဘူး။ မူရင်းဥပဒေမှာ အလုပ်အမှုဆောင်အဖွဲ့အတွက် ကောင်စီဝင်(၁၀)ဦးအနက် (၇)ဦးကို ကောင်စီဝင်တွေက ရွေးချယ်တင်မြှောက်ရမှာဖြစ်ပြီး ကျန် (၃)ဦးကိုတော့ ကောင်စီဥက္ကဌက တိုက်ရိုက်ရွေးချယ်မှာ ဖြစ်ပါတယ်။ ပြင်ဆင်တဲ့ဥပဒေ မူကြမ်းကြောင့် အလုပ်အမှုဆောင်အဖွဲ့ထဲ ပါဝင်လာမယ့် ကောင်စီဝင် (၁၆)ဦး ရွေးချယ်တဲ့ ကိစ္စရပ်ကိုလည်း ပြောင်းလဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က မူရင်းဥပဒေပါ ပုဒ်မ ၃၀ မှာ မှတ်ပုံတင်ဆရာဝန်တစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှု၊ ပြစ်မှုကျူးလွန်မှု၊ ကျင့်ဝတ်သိက္ခာပျက်ကွက်မှုတွေကြောင့် မှတ်ပုံတင်စာရင်းက ပယ်ဖျက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခု တင်သွင်းထားတဲ့ ဥပဒေမူကြမ်းအရဆိုရင် အဆိုပါဆရာဝန်ဟာ ပြန်လည်ပြုပြင် ပြီးပါက ဆရာဝန်မှတ်ပုံတင်ကို ပြန်ပြီးလျှောက်ထားခွင့် ရှိလာမှာ ဖြစ်ပါတယ်။ လျှောက်ထားချက်ကို မြန်မာနိုင်ငံဆေးကောင်စီက စီစစ်၊ စစ်ဆေး၊ သုံးသပ်ကာ ပြန်လည်ထုတ်ပေးနိုင်ပါတယ်လို့ ဆိုထားပါတယ်။
ပြင်ဆင်ချက် တင်သွင်းထားတဲ့ ပုဒ်မ ၃၀ ဟာ ဆေးကောင်စီရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပြီး မှတ်ပုံတင်ပယ်ဖျက်ခြင်းနဲ့ ပြန်လည်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်အတွက် ဖြစ်ပါတယ်။ ပြန်လည်လျှောက်ထားခြင်းဆိုင်ရာအတွက် ဖြည့်စွက်ချက်အနေနဲ့ ပြင်ဆင်ချက်တင်သွင်းခြင်း ပါဝင်လာပေမယ့် ဆေးကောင်စီရဲ့ မှတ်ပုံတင်ပယ်ဖျက် ခံရတဲ့ ဆရာဝန်အတွက် အယူခံမှု နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တော့ မပါဝင်ပါဘူး။ ပုဒ်မ ၃၀ ပါ ကောင်စီရဲ့ အရေးယူခွင့်ရှိတဲ့ " ဆရာဝန်တစ်ဦးရဲ့ ကျင့်ဝတ်သိက္ခာပျက်ပြားခြင်း "ဆိုတဲ့အချက်က သိမ်မွေ့လွန်းတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။ ကောင်စီရဲ့ ဆုံးဖြတ်ချက်ကြောင့် မှ တ်ပုံတင်ပယ်ဖျက်ခံရတဲ့ ဆရာဝန်ဟာ ဆေးကုသခွင့်ပါ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ မှတ်ပုံတင် ပြန်လည်လျှောက်ထားနိုင်တယ်လို့ ဆိုထားပေမယ့် ကောင်စီရဲ့ ဆုံးဖြတ်ချက်က လွဲချော်မှုရှိခဲ့ရင် အဆိုပါကိစ္စရပ်ကြောင့် မှတ်ပုံတင်ပယ်ဖျက် ခံရတဲ့ ဆရာဝန်ဟာ နစ်နာမှုနဲ့ ဂုဏ်သိက္ခာ ဆုံးရှုံးမှုပါ ဖြစ်ပေါ်မှာ သေချာပါတယ်။
ဥပဒေကို ပြင်ဆင်မှု မလုပ်ဆောင်ခင်မှာ ကောင်စီရဲ့လုပ်ပိုင်ခွင့်ဖြစ်တဲ့ မှတ်ပုံတင်ပယ်ဖျက်ခြင်းကိစ္စရပ်ကို သေချာသုံးသပ်သင့်ပါတယ်။ မှတ်ပုံတင်ပယ်ဖျက်ခွင့်ကို ကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ လမ်းမဆုံးသင့်ပဲ နစ်နာသူအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဒါမှမဟုတ် တရားရုံးထိ အယူခံဝင်ခွင့် ဆက်လက်လျှောက်ထားခြင်း ကို ထည့်သွင်းထားသင့်ပါတယ်။
နောက်ထပ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ ဆေးကုသခွင့်လိုင်စင် (ဆမ) ရုပ်သိမ်းခံရခြင်း နဲ့ ပယ်ဖျက်ခံခြင်း တွေအတွက်လည်း အယူခံမှုဖြစ်စဉ်ဟာ ဆေးကောင်စီမှာပဲ အဆုံးသတ်ထားပါတယ်။ အဆိုပါကောင်စီမှာ ဆရာဝန်တွေ အများစု ရွေးချယ်ထားတဲ့ အဖွဲ့ဝင်တွေ ပါနေပေမယ့် " ကျင့်ဝတ်သိက္ခာ "ဆိုင်ရာ ကိစ္စရပ် မျိုးတွေဟာ သိမ်မွေပြီး ကွဲပြားခြားနားတဲ့ အမြင်အမျိုးမျိုးတွေလည်း ရှိနေနိုင်ကာ နိုင်ငံသားတစ်ဦးချင်းနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေလည်း ဖြစ်နေနိုင်ပါတယ်။ ဆေးကောင်စီကို အာဏာကုန်ပေးထားသလို ဖြစ်နေတဲ့ အယူခံဝင်ခွင့်ဆိုင်ရာမှာ ဒီထက်ပိုတဲ့ အယူခံဝင်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ တရားရုံးတွေအထိ လမ်းကြောင်းပိုပြီး ဖွင့်ပေးထားသင့်ပါတယ်။ ဒါမှလည်း နစ်နာနိုင်သူတွေအတွက် ကုစားနိုင်တဲ့ လမ်းကြောင်းဟာ ပိုမိုကျယ်ပြန့်မှာ ဖြစ်ပါတယ်။ ( ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာအရ ဆေးကုသခွင့်လိုင်စင် ရုတ်သိမ်းခံရဘူးတာတွေအနက် လေ့လာကြည့်လို့ရနိုင်တဲ့ ကိစ္စရပ်တစ်ခု https://theananda.org/my/blog/view/nms-med-council )
ဒီအတွက် မြန်မာနိုင်ငံဆေးကောင်စီဥပဒေပါ ရည်ရွယ်ချက်တွေထဲက ဆရာဝန်တွေရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ မြင့်မားစေရေးဆိုတဲ့အချက်ကိုလည်း ရရှိစေရေးနဲ့ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာစေရေးဆိုတဲ့ ရည်ရွယ်ချက်လည်း ပြည့်စေနိုင်ဖို့အတွက် ဥပဒေကို ပြင်ဆင်ဖို့ကြိုးစားရာမှာ အဘက်ဘက်က သုံးသပ်ပြီး ပြင်ဆင်သင့်ပါတယ်လို့ အကြံပြုပါတယ်။