Posted in ဥပဒေရေးရာ သုတေသန on Jun 22, 2019
အာနန္ဒာစာဖတ်ပရိသတ်တွေအနေနဲ့ ယခုတစ်ပတ်အတွင်း လူပြောများနေတဲ့ သတင်းတစ်ခု ဖြစ်တဲ့ ဆရာဝန် အမျိုးသမီး နန်းမွေစံရဲ့ ဆေးကုသခွင့် လိုင်စင် (ဆမ) ကို မြန်မာနိုင်ငံဆေးကောင်စီက ပြန်လည်ရုပ်သိမ်းလိုက်သည့် သတင်းကို သိရှိကြမယ် ထင်ပါတယ်။
ဆရာဝန်တစ်ဦးဖြစ်တဲ့ နန်းမွေစံဟာ မော်ဒယ်တစ်ဦးလည်းဖြစ်ပြီး မြန်မာရိုးရာ ဝတ်စုံအပြင် ရေကူးဝတ်စုံအပါအဝင် ခန္ဓာကိုယ်အလှပေါ်လွင်စေတဲ့ ဝတ်စုံတွေနဲ့ အလှဓါတ်ပုံတွေ ရိုက်ကူးပြီး လူမှုကွန်ရက်မှာ မျှဝေနေသူလည်း ဖြစ်ပါတယ်။ မြန်မာဆေးကောင်စီကတော့ သူ့ရဲ့ ဝတ်စားဆင်ယင်မှုပုံစံဟာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတွေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
မြန်မာ့ဆေးကောင်စီရဲ့ လုပ်ရပ်ကြောင့် လူမှုကွန်ရက်မှာလည်း ပြင်းထန်တဲ့ ဆွေးနွေးငြင်းခုံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ တချို့က ဆေးကောင်စီရဲ့လုပ်ရပ်ကို ထောက်ခံပြီး ဆမလိုင်စင်ကို ရုပ်သိမ်းသင့်တယ်လို့ ယူဆကြပါတယ်။ သူတို့အကြောင်းပြကြတာက ဆရာဝန်တစ်ဦးအနေနဲ့ အလုပ်ချိန်ပြင်ပမှာလည်း ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေကို ဝတ်ဆင်သင့်တယ်လို့ ဆိုကြပါတယ်။ အခြားတစ်ဘက်မှာတော့ အလုပ် ချိန်ပြင်ပမှာ ဆရာဝန်တစ်ဦးရဲ့ ဝတ်စားဆင်ယင်မှုဟာ ဆေးကောင်စီနဲ့ ဘာမှပတ်သက်မှု မရှိဘူးဆိုပြီး ပြန်ငြင်းကြပါတယ်။ သူကိုယ်တိုင်ကတော့ လူနာတွေကို ဆေးကုသတဲ့နေရာမှာ ဒီလိုအဝတ်မျိုးကို ဝတ်ဆင်တာ မဟုတ်ဘဲ ရိုးရိုးသာ ဝတ်ဆင်တာလို့ ဆိုထားပါတယ်။ ဒီဖြစ်ရပ်ဟာ ယောက်ျားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းတစ်ခုက အမျိုးသမီးတွေရဲ့ ရိုးရာ ယဉ်ကျေးမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချုပ်ခြယ်ခံရတဲ့ နမူနာ ဥပမာ တစ်ခုဖြစ်ပြီး အမျိုး သမီးတွေက ပိုပြီးအဆင့်နိမ့်ပါးတယ်ဆိုတဲ့ အယူအဆကို တည်ဆောက်လိုတာဖြစ်တယ်လို့လည်း ထောက်ပြကြတာတွေရှိပါတယ်။
အာနန္ဒာအနေနဲ့ ဒီငြင်းခုံမှုမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဝင်ရောက်ဆုံးဖြတ်ပေးဖို့ ရည်ရွယ်ရင်းမရှိပါဘူး။ ကျွန်တော်တို့ စိတ်ဝင်စားတာက ဆေးကောင်စီ ဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ဘယ်ဥပဒေက ခွင့်ပြုပေးထားသလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ အမှန်တကယ် ဆောင်ရွက်ခြင်း ဖြစ်ပါသလား၊ ဥပဒေက ဘယ်လို ပြောထားသလဲ စတဲ့ အချက်တွေကို စိတ်ဝင်စားပါတယ်။
ဆေးကောင်စီက ဆရာဝန်တစ်ဦး၏ ဆေးကုသခွင့် လိုင်စင်ကို အမှန်တကယ် ရုပ်သိမ်းနိုင်ပါသလား
အဖြေကတော့ ရုပ်သိမ်းနိုင်ပါတယ်။ ဥပဒေက ကောင်စီကို ဒီလိုရုပ်သိမ်းခွင့်အာဏာကို ကောင်စီရဲ့ အခွင့်အာဏာ တစ်ရပ်အနေနဲ့ ပေးအပ်ထားပါတယ်။ တိတိကျကျပြောရရင် ကောင်စီဟာ ဆရာဝန်တစ်ဦး လိုက်နာရမည့် ကျင့်ဝတ်သိက္ခာနဲ့အညီ လိုက်နာစောင့်ထိန်းမှု ရှိ/မရှိကို လေ့လာသုံးသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။
နန်းမွေစံရဲ့ အလုပ်ကို ဥပဒေက တားမြစ်ထားပါသလား
ဥပဒေမှာ ဆရာဝန်တစ်ဦးဟာ ဆေးကုသခြင်းအပြင် အခြားအလုပ်တစ်ခုခု မပြုလုပ်ရဘူးလို့ ကန့်သတ်ထားတဲ့ ပုဒ်မတစ်ခုမှ မပါရှိပါဘူး။ ဒါ့အပြင် ဥပဒေထဲမှာ ဖက်ရှင် မော်ဒယ်တစ်ဦးအဖြစ် လုပ်ဆောင်တာကိုလည်း တားမြစ်ထားတဲ့ ပုဒ်မ မပါဝင်ပါဘူး။ ဆရာဝန်တွေ အနေနဲ့ သူတို့ရဲ့ အားလပ်ချိန်တွေမှာ ဝတ်ဆင်ရမယ်လို့ သတ်မှတ်ထားတဲ့ အဝတ်အစား အမျိုးအစားလည်း မရှိပါဘူး။
ဥပဒေမှာ အတိအကျ ပါတဲ့ အချက်က ဆရာဝန်တစ်ဦးအနေနဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာတွေကိုသာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ကောင်စီအနေနဲ့ ကျင့်ဝတ်ဖောက်ပြန်မှု ရှိမရှိ စောင့်ကြပ်လေ့လာနိုင်ဖို့အတွက် ကျင့်ဝတ်ထိန်းသိမ်းမှုနဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတွေကိုသာ ဖွဲ့စည်းဖို့ တာဝန်ရှိပါတယ်။
ဥပဒေက ကောင်စီကို ခွင့်ပြုထားတဲ့အချက်က ဆေးကုသတဲ့ ဆရာဝန်တစ်ဦးရဲ့ မှတ်ပုံတင် သို့မဟုတ် လိုင်စင်ကို ရုပ်သိမ်းပိုင်ခွင့် ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်စီအနေနဲ့ ဆရာဝန်တွေက လိုက်နာရမယ့် ကျင့်ဝတ်သိက္ခာကို မလိုက်နာဘဲ ချိုးဖောက်ခြင်း၊ ဆရာဝန် တစ်ဦး အဖြစ် ဆက်လက် လုပ်ကိုင်ဖို့ မသင့်တော်ကြောင်း ခိုင်လုံသော သက်သေအထောက်အထား ရှိမယ်ဆိုရင် လိုင်စင်ကို ရုပ်သိမ်းနိုင်တယ်လို့ ဥပဒေက ဖော်ပြထားပါတယ်။
ကောင်စီအနေနဲ့ ဆရာဝန်တစ်ဦးက ဖက်ရှင် မော်ဒယ်အဖြစ် လုပ်ကိုင်ခြင်းဟာ ဆရာဝန်တစ်ဦးလိုက်နာရမယ့် ကျင့်ဝတ်သိက္ခာကို ကျူးလွန် ဖောက်ဖျက်ခြင်းအဖြစ် ကောက်ချက်ဆွဲလိုက်တယ်လို့ ယူဆနိုင်စရာရှိပါတယ်။
အယူခံတင်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိပါသလား
ကောင်စီဟာ ကိုယ်ကျင့်သိက္ခာဆိုတဲ့ စကားရပ်အပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အသုံးချခဲ့တယ်လို့ ယူဆမယ်ဆိုရင် အယူခံဝင်ဖို့ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
နန်းမွေစံရဲ့ ဆမလိုင်စင် ရုပ်သိမ်းရာမှာ ဖော်ပြထားတဲ့ အကြောင်းပြချက်ဟာ သူ့ရဲ့ ဝတ်စားဆင်ယင်မှုဟန်ပန်က မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာနဲ့ ကိုက်ညီမှု မရှိလို့ ဖော်ပြထားတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဥပဒေမှာ မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်ရုံဖြင့် ဆေးကုသခွင့် လိုင်စင် ရုပ်သိမ်းခွင့် ရှိတယ်လို့ ဖော်ပြထားခြင်း မရှိပါဘူး။ ဥပဒေမှာ ဖော်ပြထားတာက ဆရာဝန်တစ်ဦး လိုက်နာရမည့် ကျင့်ဝတ်သိက္ခာ ရှိရမယ် လို့သာ ဖော်ပြထားတာဖြစ်ပါတယ်။
ဝတ်စားဆင်ယင်ပုံဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေနိုင်ပေမယ့် အဲ့ဒါဟာ ဆရာဝန်ရဲ့ ကျင့်ဝတ်သိက္ခာကိုပါ ချိုးဖောက်ရာကျတယ်လို့ အမှန်တကယ် ယူဆခဲ့တယ်ဆိုရင်တော့ အံ့သြစရာပါ။
ဆေးကောင်စီ အနေဖြင့် ဥပဒေကို ဖွင့်ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ကို ဖော်ပြတဲ့ ဝတ်စုံဟာ ရိုးရာ လူမှုရေး ထုံးတမ်းစဉ်လာများနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဝတ်ဆင်မှုဟာ ကျင့်ဝတ်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုမယ်ဆိုရင်တော့ ချဲ့ ကားလွန်းရာရောက်ပါတယ်။
ဒါပေမယ့်လည်း ဆေးကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတောင်မှ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနှင့် ကိုက်ညီမှုမရှိသောကြောင့်ဆိုပြီး ပါလာတဲ့အတွက် သူတို့အနေနဲ့ နန်းမွေစံကို ဝတ်စားဆင်ယင်မှုကြောင့် အပြစ်ပေးအရေးယူခြင်း ဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံထားရာ ရောက်ပါတယ်။ ဒီလို အပြစ်ပေးရမယ်လို့ ဥပဒေရဲ့ ဘယ်နေရာမှာမှ ဖော်ပြထားတာမရှိဘဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ခွဲခြားဆက်ဆံခြင်းနဲ့ အမျိုးသမီးများအား ချုပ်ခြယ်ခြင်းဖြစ်တယ်လို့ မှတ်ယူနိုင်ပါသည်။
နန်းမွေစံအတွက် အယူခံနိုင်သည့် အခွင့်အရေးက ဘာပါလဲ
ဆေးကောင်စီဥပဒေမှာ ဖော်ပြထားတာက အကယ်၍ တစုံတစ်ယောက်ဟာ ဆေးကောင်စီရဲ့ ဆောင်ရွက်မှု တစ်ခုခုကို မကျေနပ်ရင် ထိုအမိန့်စာ သို့မဟုတ် ဆုံးဖြတ်ချက် ကျပြီး ရက်ပေါင်း ၆၀ အတွင်း ဆေးကောင်စီသို့ဖြစ်စေ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ဖြစ်စေ အယူခံ တင်သွင်းနိုင်တယ် ဆိုပြီး ဖော်ပြထားပါတယ်။
အလားတူအခြေအနေတွေအတွက် အဖြေ
ဒီအဖြစ်အပျက် မတိုင်ခင်ကတည်းက ဆေးပညာသင်ကြားခဲ့တဲ့ အနုပညာရှင်တွေရဲ့ ဆမလိုင်စင် သက်တမ်းမတိုးပေးခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့ဖူးပါတယ်။ ဆေးကောင်စီအနေနဲ့ ဆေးဘက်ဆိုင်ရာ ပညာသည်တွေရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို အာမခံပေးနိုင်ဖို့ အဓိကတာဝန်ရှိတဲ့အတွက် ဆေးကုသခြင်းမရှိဘဲ အခြားသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်နေသူတွေနဲ့ ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ လိုင်စင်သက်တမ်းတိုးမတိုးကို ဥပဒေအရ ဆုံးဖြတ်ခွင့်ရှိတဲ့အတွက် စာမေးပွဲစစ်ဆေးပြီး လိုင်စင်သက်တမ်းတိုးပေးမပေး ဆုံးဖြတ်တာဟာ ပိုပြီးကျိုးကြောင်းဆီလျော်မှုရှိတဲ့ နည်းလမ်းဖြစ်သလို၊ ဆေးကုသခွင့်လိုင်စင်စာမေးပွဲ (Myanmar Medical Licensing Examination) စနစ်ကိုလည်း ပိုမိုခိုင်မာအားကောင်းအောင် ဆောင်ရွက်သင့်ပါတယ်။