Posted in ဥပဒေရေးရာ သုတေသန on Jul 29, 2019
ငါးမွေးမြူရေးဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ငါးမွေးမြူရေးဆိုင်ရာဥပဒေကို ၁၉၈၉ တုန်းက ပထမဦးဆုံး ပြဋ္ဌာန်းခဲ့ဖူးပြီး၊ နှစ် ၃၀ အကြာမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဥပဒေကြမ်း အသစ်ပြန်လည်ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းလာတာ ဖြစ်ပါတယ်။
ဥပဒေကြမ်းကို ငါးမွေးမြူခြင်းလုပ်ငန်းများ ရေရှည်တည်တံ့စေဖို့၊ ငါးသယံဇာတများ ပြုန်းတီးမှုမှ ကာကွယ်ဖို့၊ ငါးတွေရဲ့ဇီဝဂေဟစနစ်တွေ ပျက်စီးမှုမရှိစေဖို့၊ ငါးလုပ်ငန်းကို စည်းကမ်းချက်နဲ့အညီ လုပ်ကိုင်ခွင့်ပြုဖို့၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနနဲ့နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။
ငါးလုပ်ငန်း
ငါးလုပ်ငန်းမှာ ရေချိုနဲ့ ရေငန်ငါးလုပ်ငန်းဆိုပြီး အဓိကနှစ်မျိုးရှိကာ အခြားတစ်ဖက်မှာလည်း ငါးလုပ်ငန်းနဲ့ဆက်စပ်လုပ်ငန်းတွေ များစွာရှိပါတယ်။ ရေချိုငါးလုပ်ငန်းမှာ ငါးမွေးမြူရေးလုပ်ငန်း၊ အငှားချငါးဖမ်းလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းတို့ ပါဝင်ပြီး ရေငန်ငါးလုပ်ငန်းမှာ ကမ်းနီးနဲ့ ကမ်းဝေးဆိုပြီး ရှိပါတယ်။ ငါးလုပ်ငန်းနဲ့ဆက်စပ်လုပ်ငန်းမှာတော့ ငါးသားပေါက်လုပ်ငန်း၊ ငါးစာရောင်းဝယ်ရေးလုပ်ငန်း၊ ရေခဲလုပ်ငန်း နဲ့ လှေအငှားလုပ်ငန်းတွေဆိုပြီး အမျိုးမျိုးရှိကြပါတယ်။
မြန်မာ့ငါးလုပ်ငန်း ဖွံ့ဖြိုးမှုဟာ နိုင်ငံရဲ့ဂျီဒီပီတိုးတက်ဖို့သာမက ပို့ကုန်ကဏ္ဍမြှင့်တင်ခြင်းအတွက်ပါ အရေးပါပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့စာရင်းအချက်အလက်အရ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်ရဲ့ အမှန်ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (Real GDP) မှာ မွေးမြူရေးနဲ့ငါးလုပ်ငန်းကဏ္ဍက ထည့်ဝင်မှုအချိုးဟာ ၈.၅၃% ရှိခဲ့ပြီး၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၇.၉၉% ရှိခဲ့တာကို တွေ့နိုင်ပါတယ်။ Real GDP ထဲ ပါဝင်မှုအချိုးက လျော့နည်းသွားတယ်ဆိုပေမယ့် ထုတ်လုပ်မှုပမာဏအပိုင်းမှာတော့ တိုးတက်လာတာကို တွေ့နိုင်ပါတယ်။ ပို့ကုန်အချိုးအစားအရ ကြည့်ရင်လည်း ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် ပြည်ပစုစုပေါင်းပို့ကုန်ရဲ့ ၆.၂၇ % ရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်မူ ၄.၇၉ % ရှိခဲ့တာကို တွေ့နိုင်ပေမယ့် တင်ပို့တဲ့ပမာဏကတော့ တိုးလာပါတယ်။
ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဟာ မြန်မာနိုင်ငံလူဦးရေရဲ့ အများစုဖြစ်တဲ့ ကျေးလက်နေလူတန်းစားတွေနဲ့ ဆက်စပ်တဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့်လည်း ငါးလုပ်ငန်းနဲ့ပတ်သက်ပြီး စနစ်တကျရှိစေဖို့ ဥပဒေတွေကို ပြည်ထောင်စုက ပြဋ္ဌာန်းထားတဲ့အပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဒေသအလိုက် ရေချိုငါးလုပ်ငန်းဥပဒေဆိုပြီး ပြဋ္ဌာန်းထားတာတွေကိုလည်း တွေ့ရှိနိုင်ပါတယ်။ ပြည်ထောင်စုအဆင့် ငါးလုပ်ငန်းဆိုင်ရာဥပဒေတွေက နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ (၁၉၈၉)၊ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေ (၁၉၈၉)၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ (၁၉၉၀) နဲ့ ရေချိုငါးလုပ်ငန်းဥပဒေ (၁၉၉၁) ဆိုပြီး ရှိပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေနဲ့ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ဖျက်သိမ်းပြီး ပင်လယ်ငါးလုပ်ငန်းဥပဒေမူကြမ်းကို ပြဋ္ဌာန်းဖို့ လုပ်နေသလို ငါးမွေးမြူခြင်းဆိုင်ရာဥပဒေ (၁၉၈၉)ကို အစားထိုးနိုင်စေဖို့အတွက်တော့ ငါးမွေးမြူရေးဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးနေတာ ဖြစ်ပါတယ်။
ငါးမွေးမြူခြင်းလုပ်ငန်းအစ
မြန်မာနိုင်ငံဟာ ငါးမွေးမြူရေးလုပ်ငန်းကို ၁၉၅၃ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၇၀ ခုနှစ်မှာ စီးပွားဖြစ်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်တွင် ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီးနောက်ပိုင်း အရပ်ဘက်လုပ်ပိုင်ခွင့်အတွက် ဖြေလျှော့မှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်း တိုးချဲ့လုပ်ကိုင်မှု များပြားလာပြီး မွေးမြူရေးကန်ဧရိယာဟာဆိုရင် ၂၀ဝ၈-ဝ၉ မှာ ၄၄၀၅၈၅ ဧက ရှိလာခဲ့ကာ ၂၀၁၇-၁၈ မှာဆိုရင် ၄၉၁၃၄၅ ဧက ထိ ရှိလာပါတယ်။ ဒီထဲမှာ ဧရာဝတီတိုင်းဒေသကြီးက မွေးမြူရေးဧရိယာအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်ဟာ ဒုတိယအများဆုံး ဖြစ်ပါတယ်။
၁၉၈၉ ဥပဒေနဲ့ ငါးမွေးမြူရေးဆိုင်ရာ ခွင့်ပြုမြေသတ်မှတ်ချက်
၁၉၈၉ ခုနှစ်မှာ ငါးလုပ်ငန်းဆိုင်ရာ ဖြေလျှော့မှုနဲ့အတူ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီ့ဥပဒေထဲမှာ ငါးမွေးမြူခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ခွင့်ပြုထားတဲ့ မြေအမျိုးအစားတွေက သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မရှိတာကို တွေ့နိုင်ပါတယ်။ ခွင့်ပြုမြေတွေဖြစ်တဲ့ ငါးမွေးမြူမြေ၊ အစိုးရဌာနတစ်ခုခုနဲ့သက်ဆိုင်ခြင်းမရှိတဲ့ ငါးလုပ်ငန်းရေပြင်နဲ့ သီးသန့်ငါးလုပ်ငန်းရေပြင် စတာတွေမှာ အငှားဂရန်နဲ့ လိုင်စင်တွေကို လျှောက်ထားလုပ်ကိုင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ငါးမွေးမြူရေးမြေလို့ ဆိုရာမှာတော့ ငါးလုပ်ငန်းဦးစီးဌာနကနေ ငါးမွေးမြူခြင်းလုပ်ငန်းဖွံ့ဖြိုးဖို့အတွက် လယ်ယာမြေနဲ့မြေလွတ်မြေရိုင်းတွေအနက် သင့်လျော်တဲ့မြေကို တည်ဆဲမြေယာဥပဒေတွေနဲ့အညီ အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ဖြင့် ငါးမွေးမြူမြေအဖြစ်သတ်မှတ်ထားရှိတဲ့ မြေလို့ ဆိုလိုပါတယ်။
၂၀၁၉ ငါးမွေးမြူရေးဆိုင်ရာ ဥပဒေမူကြမ်း
အခု ဥပဒေကြမ်းမှာတော့ ငါးမွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကို အငှားဂရန်လျှောက်ထားခြင်းနဲ့ ထုတ်ပေးခြင်း၊ လိုင်စင်လျှောက်ထားခြင်းနဲ့ ထုတ်ပေးခြင်း ဆိုပြီး နှစ်ပိုင်းခွဲကာ သီးခြားစီ ရေးဆွဲထားပါတယ်။ အငှားဂရန်လျှောက်ထားတဲ့အပိုင်းမှာတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ ငါးမွေးမြူရေးမြေနဲ့ရေပြင်ဆိုကာ ဖော်ပြထားပြီး၊ လိုင်စင်လျှောက်ထားတဲ့အပိုင်းမှာတော့ ဝန်ကြီးဌာနက စီမံခန့်ခွဲနိုင်တဲ့ ငါးမွေးမြူရေးမြေ/ရေပြင်မှာ ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုက လက်ဝယ်ထားတဲ့ မြေနဲ့ရေပြင်မှာ အဆိုပါအဖွဲ့ရဲ့သဘောတူညီချက်နဲ့ ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ လယ်ယာမြေတွေမှာတော့ လယ်ယာမြေဥပဒေနဲ့အညီ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ခွင့်ပြုချက်အရ ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနဲ့အညီ အဆိုပါမြေများကို ဗဟိုကော်မတီခွင့်ပြုချက်အရ ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ စီးပွားဖြစ်ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းနဲ့ ဦးစီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားတဲ့ အခြားငါးမွေးမြူခြင်းလုပ်ငန်းများ ဆိုပြီး ဖော်ပြထားပါတယ်။
ငါးမွေးမြူခြင်း အသုံးပြုခွင့်ရမြေအမျိုးအစားနဲ့ပတ်သက်ပြီး ၁၉၈၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေနဲ့ လက်ရှိဥပဒေကြမ်းရဲ့အဓိကကွဲလွဲချက်ကတော့ အရင်ဥပဒေမှာ လယ်ယာမြေနဲ့မြေလွတ်မြေရိုင်းအတွက်ကို ငါးလုပ်ငန်းဦးစီးဌာနကနေ အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ရယူကာ ငါးမွေးမြူမြေအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး၊ ငါးမွေးမြူလိုသူက အငှားဂရန်နဲ့ လိုင်စင်ကို ဦးစီးဌာနမှာသာ လျှောက်ထားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိဥပဒေမူကြမ်းမှာတော့ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသူက လယ်ယာမြေအတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ခွင့်ပြုချက်ရယူမှာဖြစ်ပြီး မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းမှာဆိုရင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေပါ ဗဟိုကော်မတီတို့ရဲ့ခွင့်ပြုချက်ကို အရင်ရယူရကာ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနမှူးထံမှာ လိုင်စင်လျှောက်ထားဖို့ပဲ လိုအပ်တော့တာ ဖြစ်ပါတယ်။
အဓိကစိန်ခေါ်ချက်
ငါးလုပ်ငန်းဦးစီးဌာနရဲ့ ရည်မှန်းချက်ထဲတွင် ဒုတိယကာလတိုငါးနှစ်စီမံကိန်းဖြစ်တဲ့ ၂၀၁၆-၁၇ မှ ၂၀၂၀-၂၀၂၁ အတွင်း ငါးပုစွန်ထုတ်လုပ်မှုကို ၁.၃% တိုးတက်ဖို့ ရည်မှန်းထားပြီး စိန်ခေါ်မှုအခက်အခဲများစွာ ရှိနေပါတယ်။ စိန်ခေါ်ချက်များစွာထဲကမှ အဓိကဖြေရှင်းဖို့လိုတာကတော့ ငါးမွေးမြူဖို့ မြေကိစ္စနဲ့ သက်ဆိုင်ပါတယ်။ လက်ရှိအချိန်မှာ ငါးမွေးမြူရေးကန် လုပ်ဆောင်နေတဲ့ မြေဧကအရေအတွက်ဟာ ၂၀၁၈ ခုနှစ် ကိန်းဂဏန်းတွေအရ ၄၈၀ဝ၀ဝ ဧက ရှိပြီး ဒီထဲက ၁၁၀ဝ၀ဝ ခန့်သာ တရားဝင် လုပ်ကိုင်နေတာ ဖြစ်ပြီး ကျန် ၇၇ % ဟာ စိုက်ပျိုးမြေတွေအပေါ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်တာဟာ အခြားမြေအသုံးပြုခွင့် (လ.န.ရ ၃၉) လျှောက်ထားရာမှာ ခက်ခဲတာကြောင့် ဖြစ်ပါတယ်။
အခြားအသုံးပြုခွင့်မရရှိသေးတဲ့ ငါးမွေးမြူရေးကန်နဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်ကနေ ပြည်သူ့လွှတ်တော်မှာ “ယခင်ကတည်းက ငါးကန်၊ ပုစွန်ကန်များတူးဖော်ခဲ့ပြီး လယ်ယာမြေအခြားနည်းသုံးစွဲရန် ခွင့်ပြုမိန့်မရရှိသေးသော ငါး၊ ပုစွန်ကန်များနှင့်ပတ်သက်ပြီး တစ်ဖက်က စဉ်းစားဆောင်ရွက်ပေးရခြင်းလည်း ရှိရာမှာ ဥပဒေနှင့်အညီဖြစ်စေဖို့အတွက် ဒဏ်ကြေးပေးသွင်းစေပြီး ခွင့်ပြုသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း” လို့ ၂၀၁၈ ခုနှစ်၊နှစ်လပိုင်းက ဖြေကြားထားပါတယ်။ ဒီလိုဒဏ်ကြေးပေးသွင်းစေတာဟာ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေဖို့ ယာယီစီမံချက်လို့ ဆိုလို့ရပါတယ်။
ပို့ကုန်ကဏ္ဍ ထောက်ကူနိုင်ဖို့
စိုက်ပျိုးမြေတွေအပေါ်မှာ တရားမဝင် လုပ်ဆောင်နေရတဲ့ ငါးလုပ်ကွက်တွေကို ဒဏ်ကြေးပေးသွင်း လုပ်ကိုင်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဘယ်ကာလအထိတော့ ကျင့်သုံးမယ်၊ ဘယ်ကာလမှာတော့ ဒါကို မကျင့်သုံးတော့ဘူးဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဝန်ကြီးက မဖြေကြားဘဲ ထားခဲ့တာဟာလည်း ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အဟန့်အတားတစ်ခု ဖြစ်နေစေပါတယ်။
အစိုးရအနေနဲ့ ငါးမွေးမြူရေးကဏ္ဍ တိုးတက်ဖို့ဆိုရင် လတ်တလော စိန်ခေါ်ချက်တစ်ခုဖြစ်တဲ့ လ.န.ရ ၃၉ မရှိသေးဘဲ လုပ်ကိုင်နေတဲ့ ငါးမွေးမြူရေးမြေတွေကို တရားဝင်ဖြစ်လာအောင် အမြန်ဆုံး လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ တရားဝင် ငါးလုပ်ငန်းမြေတွေ ဖြစ်ဖို့အတွက် လျှောက်ထားမှုတွေမှာ ကန့်သတ်ချက်တွေ ဖြစ်နေတဲ့အချက်တွေကိုလည်း ပြန်လည်စိစစ် ဖြေလျှော့ပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ ဒီလိုဖြေလျှော့ရာမှာ ဆက်စပ်နေတဲ့ မြေယာစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ဆက်စပ်သုံးသပ်သင့်ပါတယ်။
အဓိကစိန်ခေါ်ချက်ကို အဓိကထား ဖြေရှင်းနိုင်ပါမှ ငါးမွေးမြူရေးလုပ်ငန်းတွေကနေ ငါးလုပ်ငန်းတိုးတက်ခြင်းကို ထောက်ပံ့နိုင်မှာဖြစ်သလို ငါးမွေးမြူရေးလုပ်ငန်းကဏ္ဍ တိုးတက်သင့်သလောက် တိုးတက်လာနိုင်ဖို့အတွက် အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။
မိုးအောင် ရေးသားသည်။