Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jun 26, 2019
လျှပ်စစ်အသုံးပြုမှုအတွက် အစိုးရက စိုက်ထုတ်သုံးစွဲနေရတာကို လျော့နည်းစေဖို့အတွက် တိုးကောက်ဖို့ လိုအပ်ကြောင်းကိုတော့ ပညာရှင်အသိုင်းအဝိုင်းက လက်ခံထားကြပါတယ်။ လျှပ်စစ်မီတာခ တိုးကောက်တဲ့အပေါ် လူမှုစီးပွားဘဝကို ထိခိုက်တယ်လို့ ထောက်ပြကြသူတွေရှိသလို၊ ဘာအာမခံချက်တွေ ပေးမှာလဲဆိုတာမျိုး မေးခွန်းထုတ်ကြသူတွေလည်း ရှိပါတယ်။ မီတာခအပြင် အခြားစိုးရိမ်စရာ၊ စောင့်ကြည့်စရာ အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လာမယ့် ဇူလိုင်လ ၁ ရက်ကစပြီး မီတာခ တိုးကောက်မယ်ဆိုတာကို တရားဝင် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီလို တရားဝင်ကြေညာဖို့အတွက် ဝန်ကြီးဌာနဘက်က နှစ်လခန့် အချိန်ယူခဲ့တာဖြစ်ပြီး တိုးကောက်ဖို့အတွက်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သဘောတူညီမှု ယူထားခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ သုံးစွဲကောက်ခံနေတဲ့ မီတာကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်က စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး ငါးနှစ်ကျော်ကာလ ဦးဝင်းမြင့်အစိုးရလက်ထက်မှာ ထပ်မံတိုးမြှင့်ကောက်ခံဖို့ စီစဉ်လာတာလည်း ဖြစ်ပါတယ်။
ဓာတ်အားသုံးစွဲမှု အမျိုးအစား | ယူနစ် | ၁၉၉၉ | ၂၀၀၆ | ၂၀၁၄ | ၂၀၁၉ |
---|---|---|---|---|---|
အိမ်သုံးအမျိုးအစား | ၁ - ၃၀ | ၂.၅ | ၂၅ | ၃၅ | ၃၅ |
အိမ်သုံးအမျိုးအစား | ၃၁ -၅၀ | ၂.၅ | ၂၅ | ၃၅ | ၅၀ |
အိမ်သုံးအမျိုးအစား | ၅၁ - ၇၅ | ၂.၅ | ၂၅ | ၃၅ | ၇၀ |
အိမ်သုံးအမျိုးအစား | ၇၆ - ၁၀ဝ | ၂.၅ | ၂၅ | ၃၅ | ၉၀ |
အိမ်သုံးအမျိုးအစား | ၁၀ဝ - ၁၅၀ | ၂.၅ | ၂၅ | ၄၀ | ၁၀ဝ |
အိမ်သုံးအမျိုးအစား | ၁၅၁ - ၂၀ဝ | ၂.၅ | ၂၅ | ၄၀ | ၁၂၀ |
အိမ်သုံးအမျိုးအစား | ၂၀၁ နှင့် အထက် | ၂.၅ | ၂၅ | ၅၀ | ၁၂၅ |
အိမ်သုံးမဟုတ်သည့် အမျိုးအစား | ၁ - ၅၀ဝ | ၂.၅ | ၅၀ | ၇၅ | ၁၂၅ |
အိမ်သုံးမဟုတ်သည့် အမျိုးအစား | ၅၀၁ - ၅၀ဝ၀ | ၂.၅ | ၅၀ | ၁၀၀ | ၁၃၅ |
အိမ်သုံးမဟုတ်သည့် အမျိုးအစား | ၅၀ဝ၁ - ၁၀ဝ၀ဝ | ၂.၅ | ၅၀ | ၁၀၀ | ၁၄၅ |
အိမ်သုံးမဟုတ်သည့် အမျိုးအစား | ၁၀ဝ၀၁ - ၂၀ဝ၀ဝ | ၂.၅ | ၅၀ | ၁၂၅ | ၁၅၅ |
အိမ်သုံးမဟုတ်သည့် အမျိုးအစား | ၂၀ဝ၀၁ - ၅၀ဝ၀ဝ | ၂.၅ | ၅၀ | ၁၂၅ | ၁၆၅ |
အိမ်သုံးမဟုတ်သည့် အမျိုးအစား | ၅၀ဝ၀၁ - ၁၀ဝ၀ဝ၀ | ၂.၅ | ၅၀ | ၁၅၀ | ၁၇၅ |
အိမ်သုံးမဟုတ်သည့် အမျိုးအစား | ၁၀ဝ၀ဝ၁ နှင့်အထက် | ၂.၅ | ၅၀ | ၁၅၀ | ၁၈၀ |
ထုတ်လုပ်မှုနဲ့ အသုံးပြုမှုနှုန်း တိုက်ရိုက်အချိုးကျနေဆဲ
လက်ရှိ မြန်မာပြည်မှာ ထုတ်နေတဲ့ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်ကနေ အဓိက ရရှိတာပါ။ ရေနည်းတဲ့ကာလတွေဖြစ်တဲ့ ဇန်နဝါရီကနေ ဧပြီအထိ ကာလတွေဟာ နှစ်အလိုက် လျှပ်စစ်သုံးစွဲနိုင်မှု ပျမ်းမျှအောက်ရောက်တဲ့ ကာလတွေဖြစ်ပါတယ်။ ဒါဟာ ရေအားလျှပ်စစ်ရဲ့ သက်ရောက်မှုကို မြင်သာစေတဲ့အချက်ဖြစ်ပါတယ်။
၂၀ဝ၅ ခုနှစ်ကနေ ဒီကနေ့အချိန်အထိ မီတာခ တိုးမြှင့်ကောက်ခံမှုဟာ သုံးကြိမ် ရှိပြီဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် မေလမှာ မီတာခကို ၁၉၉၉ ခုနှစ်ကတည်းက ကောက်ခဲ့တဲ့နှုန်းဖြစ်တဲ့ တစ်ယူနစ် ၂ ကျပ်ခွဲကနေ ၂၅ ကျပ်အထိ၊ ၁၀ ဆ တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ ဒီလိုတိုးမြှင့်ကောက်ခံမှုကြောင့် လျှပ်စစ်မီတာခ ရရှိငွေဟာ ၂၀၀၆-၂၀၀၇ နဲ့ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွေမှာ သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ ၂၀၁၄ မှာ မီတာခကို ထပ်မံတိုးမြှင့်ကောက်ယူခဲ့ပေမယ့် ဝင်ငွေတိုးတက်မှုနှုန်းက သိသိသာသာ ခုန်တက်သွားခဲ့တာတော့ မရှိပါဘူး။ ဓာတ်အားထုတ်လုပ်မှုဟာလည်း နှစ်အလိုက် ပိုမိုတိုးလာပေမယ့် သုံးစွဲမှုနှုန်းကလည်း မရပ်မနားတက်နေခဲ့တာကို တွေ့ရပါတယ်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းနဲ့ အခြားစီမံကိန်းအချို့ ပြီးစီးခဲ့တာကြောင့် ၂၀၁၀ နဲ့ ၂၀၁၁ ကာလတွေမှာ စက်တပ်ဆင်အင်အား တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဝင်ငွေတိုးတက်မှုရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းအပေါ် သက်ရောက်မှုကတော့ နည်းပါးခဲ့တာကို ပြီးခဲ့တဲ့ နှစ်ကြိမ်မှာ တွေ့ခဲ့ရပါတယ်။ါတယ်။
နိုင်ငံလျှပ်စစ် လိုအပ်ချက်အရ ပိုမိုထုတ်လုပ်နိုင်ဖို့ အစိုးရက ကြိုးစားသလို တိုးတက်သင့်သလောက်တော့ တိုးတက်မှုတွေ ရှိလာပါတယ်။ ထို့အတူ အသုံးပြုမှုနှုန်းကလည်း နှစ်စဉ် တိုးတက်နေပါတယ်။ သို့သော် နိုင်ငံ့အခြေအနေအရ လျှပ်စစ်လိုအပ်ချက်ဟာ ပိုပို တိုးလာနေသလို တိုးထုတ်တာနဲ့အမျှ အစိုးရက အရှုံးပိုပို ပေါ်နေတာဖြစ်ပါတယ်။
မီတာခ တိုးကောက်တာဟာ ထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည်တိုးတက်ကောင်းမွန်စေရေး တိုးချဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ၊ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်မီးမရသေးတဲ့ဒေသတွေ မီးရရေးအတွက် ဆောင်ရွက်မယ့် လုပ်ငန်းတွေ၊ ဓာတ်အားထုတ်လုပ်နိုင်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နိုင်ရန် ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ရန်လို့ လျှပ်စစ်/စွမ်းအင်ဝန်ကြီးဌာနက ဆိုထားပါတယ်။
ထွက်သမျှ မလောက်တဲ့ လျှပ်စစ်ကဏ္ဍမှာ အရှုံးပြနေတဲ့အတွက် သင့်တင့်မျှတတဲ့ ဓာတ်အားခ ကောက်ခံခြင်းသာလျှင် အရှုံးကိုကာမိစေမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်သူ့အတွက် တတိယ (၁) နှစ်တာနဲ့ ပတ်သက်လို့ MRTV နဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေဆိုထားပါတယ်။ ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာတော့ အစိုးရအနေနဲ့ တစ်ယူနစ်ရောင်းရတိုင်း ၂၂ ကျပ် အရှုံးပြနေတယ်လို့ ဖော်ပြထားပါတယ်။
အရှုံးပြပါတယ်ဆိုတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍဟာ ပြည်ထောင်စုအစိုးရကိုယ်တိုင် နှစ်စဉ် ဘဏ္ဍာငွေ ပိုမိုတိုးမြှင့်သုံးစွဲခဲ့တဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်က ဘက်ဂျက်တွေ စိစစ်ဖြတ်တောက်ခံရမှု အနည်းဆုံး ဝန်ကြီးဌာနလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ပိုလျှံရန်ပုံငွေကို အသားတင် မြန်မာကျပ်ငွေ ၃၀ဝ ဘီလီယံကျော်အထိ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကနေ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ သုံးနှစ်ဆက်တိုက် ပြန်လည်အပ်နှံနေရပါတယ်။
မီတာခတိုးပြီးတဲ့နောက်မှာ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ သုံးစွဲသူတွေရဲ့ အနီးကပ်စောင့်ကြည့်မှုကိုတော့ ခံယူကြရတော့မှာ ဖြစ်ပါတယ်။ လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုနှုန်း၊ နှစ်အလိုက် ပိုများလာနေဦးမယ့် လျှပ်စစ်သုံးစွဲမှုကို ဖြည့်ဆည်းပေးဖို့အတွက် လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ပမာဏ တက်၊ မတက်ဆိုတာက ဒီအပြောင်းအလဲကို အဆုံးအဖြတ်ပေးသွားဖို့ ရှိနေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
အောင်ထွန်းလင်း ရေးသားသည်။