Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Apr 30, 2019

အများပြည်သူ စိတ်ဝင်စားတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးချက်တွေကို အချက်အလက်အားဖြင့် တိုင်ဆိုင် စစ်ဆေးကြည့်ရာကနေတစ်ဆင့် ပိုမိုအားကောင်းတဲ့ အများပြည်သူအကြား ဆွေးနွေးမှုတွေ ဖြစ်စေရေး အထောက်အပံ့ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

ဆွေးနွေးချက်

၂၀၁၉ ဧပြီ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ဦးနေမျိုးထက် (ကျောက်တံတား/NLD) က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို နွေကာလ လျှပ်စစ်ပြတ်တောက်မှုမရှိစေရေး ဘယ်လိုဆောင်ရွက်ထားသလဲလို့ မေးခွန်း ထုတ်ခဲ့ပါတယ်။ မေးခွန်းကို ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ဖြေဆိုရာမှာ “လျှပ်စစ်ဓာတ်အား ပြတ်တောက်ရန် မဖြစ်ဖို့မည်ကဲ့သို့စီမံဆောင်ရွက်မည်နည်းဆိုလျှင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နှစ်စဉ်တင်ပြတောင်းခံသည့် ဘတ်ဂျက်ပမာဏများ အားလုံးကို ခွင့်ပြုပေးရန်လည်း  လိုအပ်သည်” ဆိုပြီး ဖြေဆိုခဲ့ပါတယ်။ ဒီဆွေးနွေးချက်ကို အာနန္ဒာအနေနဲ့ အချက်အလက်အားဖြင့် စစ်ဆေးကြည့်ပါတယ်။​

မှန်သလား၊ မှားသလား

တကယ်တော့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍဟာ နှစ်အလိုက် ပိုပိုတိုးမြှင့်ပြီး သုံးစွဲခဲ့တဲ့ ကဏ္ဍတစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။​ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်နဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် နှစ်ခုအကြားမှာကို နှစ်ဆကျော် တိုးတက်လာခဲ့ပါတယ်။

ဒါ့အပြင် လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနဟာ နှစ်စဉ်ပိုလျှံရန်ပုံငွေထဲကို အသားတင် မြန်မာကျပ် ၃၀၀ ဘီလီယံကျော် ပြန်လည် အပ်နှံနေရတဲ့ ဝန်ကြီးဌာနလည်းဖြစ်တယ်ဆိုတာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံစာတွေက ဖော်ပြနေပါတယ်။ ပိုလျှံရန်ပုံငွေဆိုတာ ဝန်ကြီးဌာနတွေအနေနဲ့ သုံးလို့မကုန်တဲ့ ဘတ်ဂျက်တွေကို ပြန်လည်အပ်နှံရတဲ့ ငွေစာရင်းဖြစ်ပါတယ်။​

ဝန်ကြီးအနေနဲ့ လျှပ်စစ်၊စွမ်းအင် ဝန်ကြီးဌာန ဘတ်ဂျက်ကို လွှတ်တော်က ဖြတ်တောက်နေတဲ့ သဘောမျိုး ဆွေးနွေးခဲ့ပေမယ့် လွှတ်တော်ရဲ့ ဘတ်ဂျက်စိစစ်မှု နောက်ဆုံးနှစ်ကြိမ်ဖြစ်တဲ့ ၂၀၁၈ ခြောက်လဘတ်ဂျက်နဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်စိစစ်မှုတွေမှာတော့ ဖြတ်တောက်ခံရမှု မရှိသလောက်ကို ဖြစ်ခဲ့ပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာတော့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအောက်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများရဲ့ ဘတ်ဂျက်ထဲက ၀.၀၁ ရာခိုင်နှုန်းကိုပဲ ဖြတ်တောက်ခဲ့ပြီး ဝန်ကြီးဌာနအသုံးစရိတ် အားလုံးကို အတည်ပြုပေးခဲ့ပါတယ်။ ၂၀၁၈ ခြောက်လဘတ်ဂျက်မှာလည်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအားလုံးအပါအဝင် ဝန်ကြီးဌာနတစ်ခုလုံးရဲ့ ဘတ်ဂျက် ၀.၁ ရာခိုင်နှုန်းကိုပဲ ဖြတ်တောက်ခဲ့ပါတယ်။

အဲ့ဒိခြောက်လဘတ်ဂျက်ထဲမှာတော့ လွှတ်တော်က အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းကို ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒိစီမံကိန်းကတော့ လျှပ်စစ် ၅၁ မဂ္ဂာဝပ်ထွက်မယ့် စီမံကိန်းဖြစ်ပြီး ၂၀၁၉-၂၀ မှာ စတင်မှာ ဖြစ်ပြီး ၂၀၂၁-၂၂ မှာ ပြီးစီးမယ်လို့ ဒုဝန်ကြီးကိုယ်တိုင် ပြည်သူ့လွှတ်တော်မှာ ၂၀၁၈ ဇန်နဝါရီ ၅ ရက်နေ့မှာ ဖြေကြားခဲ့ဖူးတဲ့ စီမံကိန်းဖြစ်ပါတယ်။

အခုလို အချက်အလက်အားဖြင့် တိုက်ဆိုင်စစ်ဆေးမှုဟာ လွှတ်တော်က လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကို တကယ်ပဲ​ဘတ်ဂျက် ဖြတ်တောက်မှုတွေလုပ်ခဲ့လို့လားဆိုတာကိုပဲ​တိုက်ဆိုင်စစ်ဆေးခဲ့တာဖြစ်ပြီး၊ တကယ်တော့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနဟာ နှစ်အလိုက် ဘတ်ဂျက်များစွာ တိုးမြှင့်ရရှိနေတဲ့ ဝန်ကြီးဌာနဖြစ်ပြီး လွှတ်တော်ရဲ့ ဖြတ်တောက်မှုကိုလည်း ခံရမှုအလွန်နည်းပါးတဲ့ ဝန်ကြီးဌာနဖြစ်နေတာကိုသာ တွေ့ရှိရကြောင်းပါ။