Posted in ဥပဒေရေးရာ သုတေသန on Jan 15, 2019

အစိုးရက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားပြီး လွှတ်တော်တွေမှာ မဆွေးနွေးရသေးတဲ့ ဥပဒေကြမ်းတွေထဲမှာ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ပေးပို့ထားတဲ့ဥပဒေကြမ်းမှာ ကောင်စီဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်၊ ကော်မတီဖွဲ့စည်းပုံနဲ့လုပ်ငန်း တာဝန်တွေ၊ ဘဏ္ဍာရေးဆိုင်ရာတွေသာ အသေးစိတ်ပါဝင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းတွေ၊ ပညာရေးစီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးစာရင်းအင်းများ ပြုစုနိုင်ရန်နဲ့အမျိုးသားပညာရေးမူဝါဒနဲ့အညီ အခြေခံပညာသင်ရိုးညွှန်းတမ်းအညွှန်းဘောင်၊သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာတွေကို ရေးဆွဲပြုစုဆောင်ရွက်ရန် ရည်ရွယ်တယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ စီမံခန့်ခွဲရေးဝန်ထမ်းတွေနဲ့ အခြေခံပညာသင်ကြားရေးဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြင့်မားလာဖို့ရည်ရွယ်တယ်လို့ ပါရှိပါတယ်။

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးကောင်စီကို အစိုးရအဖွဲ့က ဖွဲ့စည်းရမှာဖြစ်ပြီး ကောင်စီမှာ ပညာရေးဝန်ကြီးဌာနက ဝန်ကြီး၊ ဒုဝန်ကြီး၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာအစိုးရဌာနနဲ့ အစိုးရအဖွဲ့အစည်းတွေက ဝန်ထမ်းအကြီးအကဲတွေ၊ ပညာရေးတက္ကသိုလ်တွေက ပါမောက္ခချုပ်တွေ၊ အစိုးရဝန်ထမ်းမဟုတ်တဲ့ ပြင်ပသုတေသနကျွမ်းကျင်ပညာရှင်တစ်ဦး၊ စီမံကိန်းကျွမ်းကျင်သူတစ်ဦးတို့နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ကောင်စီဟာ သုတေသနလုပ်ငန်းတွေကို အတည်ပြုပေးရပြီး၊ စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်စေရမှာဖြစ်ပြီး၊ ကျန်လုပ်ငန်းစဉ်တွေကို ညှိနှိင်းဆောင်ရွက်၊ အတည်ပြုခြင်းတွေပြုလုပ်ပေးရန် တာဝန်ရှိပါသည်။

ကောင်စီအနေနဲ့ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးလုပ်ငန်းကော်မတီကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့နဲ့ ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။ လုပ်ငန်းကော်မတီဟာ “ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ပညာရေးစာရင်းအင်းတွေရဲ့ ခိုင်မာမှုကို စစ်ဆေးခြင်းနဲ့ ကောင်စီသို့တင်ပြခြင်း၊ အညွှန်းကိန်းများထုတ်ပေးခြင်း၊ ထုတ်ပြန်ခြင်း၊ ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ကောင်စီကပေးအပ်သောတာဝန်များ ဖြစ်သည့် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်၍ နှစ်စဉ်အစီရင်ခံတင်ပြခြင်း”များကို လုပ်ဆောင်ရပါမယ်။

ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ ပြည်တွင်း၊ ပြည်ပ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများရဲ့ ထောက်ပံ့ငွေ၊ ချေးငွေနဲ့ ပစ္စည်းတွေကို စိစစ်လက်ခံရယူပြီး လုပ်ငန်းဆောင်ရွက်ခွင့်ရှိပါတယ်။ကောင်စီနဲ့ ကော်မတီတွေရဲ့ ရုံးလုပ်ငန်းတွေကို ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ပြီး၊ အသုံးစရိတ်တွေကိုလည်း အစိုးရဘတ်ဂျက်ထဲကနေ ကျခံပေးရမှာဖြစ်ပါတယ်။