Posted in ဥပဒေရေးရာ သုတေသန on Jan 30, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီက အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနှစ်ခုကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှာ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားပါတယ်။ အခြေခံဥပဒေပုဒ်မ ၄၃၆ (က)၊ ၄၃၆ (ခ)နဲ့ စပ်လျဉ်းတဲ့ ဥပဒေကြမ်းတစ်ခုစီ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဥပဒေကြမ်းမှာ ဘာတွေပါလဲ
ဥပဒေမူကြမ်း နှစ်ခုလုံးရဲ့ ပြင်ဆင်ချက်အားလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြင်ဆင်ရေးပူးပေါင်း ကော်မတီမှာ တင်ပြခဲ့တဲ့ အကြံပြုချက်(၁၁၄) ချက်သာ ဖြစ်တဲ့အတွက် တင်သွင်းတဲ့ ဥပဒေကြမ်းတွေဟာ NLD က ပြင်ဆင်လိုတဲ့ အချက်တွေဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်းပေါင်း (၁၅)ခန်းနဲ့ နောက်ဆက်တွဲ ဇယားတွေ ပါရှိပြီး လက်ရှိတင်သွင်းထားတဲ့ ဥပဒေကြမ်းနှစ်ခုမှာ ပြင်ဆင်ချက်မရှိတဲ့ အခန်းတွေကတော့ အခန်း (၂) - ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ပုံ ၊ အခန်း (၁၅) - အထွေထွေပြဋ္ဌာန်းချက်နဲ့ နောက်ဆက်တွဲ ဇယားတို့ ဖြစ်ပါတယ်။ အခန်း (၁၀) - နိုင်ငံရေးပါတီများအခန်းမှာ စကားရပ်ပိုင်းဆိုင်ရာ ပြင်ဆင်ချက် တစ်ခု ပါရှိပြီး အခန်း (၁၃) - နိုင်ငံတော်အလံခန်းမှာ နိုင်ငံတော်အလံနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက် တစ်ခုကို တွေ့ရပါတယ်။
ဥပဒေကြမ်းတွေထဲမှာပါတဲ့ ပြင်ဆင်ချက်တွေထဲက အခန်း (၁) - နိုင်ငံတော်အခြေခံမူများ၊ အခန်း (၁၁) - အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့ အခန်း (၁၄) - ကူးပြောင်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို နောက်ဆောင်းပါးတစ်ခုနဲ့ သီးခြားရေးသားသွားမှာဖြစ်ပြီး အခုဆောင်းပါးမှာတော့ ကျန်အခန်းတွေထဲက ပြင်ဆင်ချက်တွေကို အတတ်နိုင်ဆုံး အကျဉ်းချုံး ရေးသားတင်ပြပေးသွားပါမယ်။
အခန်း (၃) နိုင်ငံတော်အကြီးအကဲ
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတို့ရဲ့ အသက်ကန့်သတ်ချက်ကို လျှော့ချထားကာ ပထမအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်း ပြင်ဆင်ခဲ့ဖူးပေမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုပေးရမယ့် “နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် အမြင်များ ရှိရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို “နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေး စသည့် အမြင်များ ရှိရမည်” လို့ ပြင်ဆင်ထားပါတယ်။
နိုင်ငံတော်သမ္မတရဲ့ အရည်အချင်း သတ်မှတ်ချက်မှာ အငြင်းပွားမှု အများဆုံးဖြစ်တဲ့ ၅၉ (စ) ကို ပယ်ဖျက်ထားပါတယ်။
အခန်း (၄) ဥပဒေပြုရေး
တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်းပါဝင်မှုတွေကို လွှတ်တော်သက်တမ်းတစ်ခုချင်းစီအတွက် အဆင့်လိုက် လျှော့ချထားခြင်းအပါအဝင် ပြည်သူနဲ့ အမျိုးသားလွှတ်တော်တို့မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကော်မတီဖွဲ့စည်းခြင်းကိုလည်း ပယ်ဖျက်ထားပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ ဥပဒေပြုခွင့်နဲ့ ပတ်သက်ရင် နောက်ဆက်တွဲ ဇယား (၂)အပြင် ဇယား(၃)နဲ့ ဇယား (၅) ပါ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဥပဒေပြုခွင့် အာဏာကို တိုးချဲ့ထားပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့တွေရဲ့ ဥပဒေပြုခွင့်နဲ့ ပတ်သက်ရင် နောက်ဆက်တွဲ ဇယား (၃) အပြင် ဇယား (၅) ပါ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ဥပဒေပြုခွင့် အာဏာကို တိုးချဲ့ထားပါတယ်။
ဥပဒေလိုက်နာကျင့်သုံးမှုနဲ့ ပတ်သက်ရင်တော့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေက ပြဋ္ဌာန်းတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေဟာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်ခဲ့ရင် ဇယား (၃)နဲ့အညီ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကလွဲရင် ကျန်ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတွေအတိုင်း လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့က ပြဋ္ဌာန်းတဲ့ ဥပဒေတွေက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဆန့်ကျင်ခဲ့ရင် ဇယား (၅)နဲ့အညီ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကလွဲရင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
အခန်း (၅) အုပ်ချုပ်ရေး
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကောင်စီ ဖွဲ့စည်းခြင်းမှာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးကို ပယ်ဖျက်ထားပြီး ပြည်သူနဲ့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ နှစ်ယောက်ကို ထည့်သွင်းဖွဲ့စည်းထားပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အသက်ကန့်သတ်ချက်ကို လျှော့ချထားပြီး ဝန်ကြီးတာဝန်ထမ်းဆောင်ပြီးနောက် ပါတီလုပ်ငန်းတွေမှာ ဆောင်ရွက်ခြင်း မပြုရဆိုတဲ့ ပြဋ္ဌာန်းချက်ကိုတော့ ပယ်ဖျက်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်နဲ့ ဒုတိယရှေ့နေချုပ်၊ စာရင်းစစ်ချုပ်တွေ ခန့်ထားခြင်းဆိုင်ရာမှာပါရှိတဲ့ "ထင်ပေါ်ကျော်သည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ'ဆိုတဲ့ အချက်ကို ပယ်ဖျက်ထားပါတယ်။ နေပြည်တော်ကောင်စီဖွဲ့စည်းခြင်းမှာ ပါရှိတဲ့ ကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင်တွေနဲ့ ပတ်သက်လို့လည်း "နိုင်ငံတော်သမ္မတက သတ်မှတ်သော အရည်အချင်းများနှင့်လည်း ပြည်စုံသူ" ဆိုတဲ့ အချက်ကို ပယ်ဖျက်ထားပြီး သူတို့ရဲ့ ရာထူးသက်တမ်းအတွင်းမှာ ပါတီအဖွဲ့အစည်းတွေရဲ့ ပါတီလုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်ခြင်း မပြုရဆိုတဲ့ အချက်ကိုလည်း ပယ်ဖျက်ထားပါတယ်။
အခန်း (၆) တရားစီရင်ရေး
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တယ်လို့ ပြင်ဆင်ထားပါတယ်။ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်၊ တရားသူကြီးတွေနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေမှာ ပါရှိတဲ့ "ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ" ဆိုတဲ့ အချက်ကို ပယ်ဖျက်ထားပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေမှာလည်း အလားတူ ပယ်ဖျက်ထားပါတယ်။
အခန်း (၇) တပ်မတော်
လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်ဆိုတဲ့အချက်နဲ့ ပြည်တွင်း၊ ပြည်ပအန္တရာယ် ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်ထားပါတယ်။
အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ
အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ “ဥပဒေကျူးလွန်လို့ ပြစ်ဒဏ်ပေးခြင်းခံရတဲ့အတွက် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်း” နဲ့ “အများအကျိုးအတွက် ဆောင်ရွက်ဖို့ နိုင်ငံတော်က ဥပဒေနဲ့အညီ တာဝန်ချခြင်း” ကလွဲရင် အဓမ္မခိုင်းစေခြင်းတားမြစ်တယ်ဆိုတဲ့ အချက်ကို "နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ်ထမ်းဆောင်ခိုင်းခြင်းနှင့် အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်" လို့ ဥပဒေမူကြမ်းမှာ ပြင်ဆင်ထားပါတယ်။
နောက်ထပ် ပြင်ဆင်ချက်ကတော့ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်အကျိုးအတွက်ဥပဒေနဲ့အညီ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်တဲ့ကိစ္စ၊ တည်ဆဲဥပဒေအရ ခွင့်ပြုတဲ့ကိစ္စတွေကလွဲရင် စီရင်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးရဲ့ ချုပ်မိန့်မရဘဲ ဘယ်သူကိုမှ (၂၄)နာရီထက် ပိုပြီး ချုပ်နှောင်ခြင်း မပြုရဆိုတဲ့ အချက်ကို "စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ချုပ်မိန့် မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မပြုရ" လို့ ပြင်ဆင်ထားပါတယ်။
အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာမဲဆန္ဒနယ်က မူလမဲဆန္ဒရှင်တွေရဲ့ အနည်းဆုံး “တစ်ရာခိုင်နှုန်း” က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားရမယ်ဆိုတဲ့ အချက်ကို “၂၀ ရာခိုင်နှုန်း” က တိုင်ကြားရမယ်လို့ ပြင်ဆင်ထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်မှာ "ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဖြစ်ရမည်" ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ထားပါတယ်။
အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း
ပုဒ်မ ၄၃၆ (က)နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်မယ်ဆိုရင် “ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံနှစ်ပုံကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံပြီး” နောက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့ ပြင်ဆင်ရမယ်လို့ ပြင်ဆင်ထားပါတယ်။ ပုဒ်မ ၄၃၆ (ခ)နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်မယ်ဆိုရင်တော့ “ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံနှစ်ပုံကျော် ထောက်ခံမဲနဲ့ ပြင်ဆင်ရမယ်” လို့ ပြင်ဆင်ထားပါတယ်။
တူညီတဲ့ပြင်ဆင်ချက်တွေ
တင်သွင်းလာခဲ့တဲ့ ဥပဒေကြမ်းနှစ်ခုမှာ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာပါ အကြံပြုချက်ပေါင်း (၃၇၆၆) ချက်ထဲက NLD ပါတီရဲ့ အကြံပြုချက် (၁၁၄) ချက်ကို အခြေပြုထားပေမယ့် လွှတ်တော်တွင်း အခြားပါတီတွေရဲ့ အကြံပြုချက်တွေနဲ့ တူညီတာတွေ ပါရှိပါတယ်။
အောက်ဖော်ြပပါ ဇယားကွက်တွေထဲမှာ NLD ပါတီနဲ့ လွှတ်တော်တွင်း အခြားပါတီတွေနဲ့ စကားရပ်အရရော၊ ပြင်ဆင်ချက် ပုဒ်မတွေပါ တူညီတဲ့ ပြဋ္ဌာန်းချက်တွေကို ဥပဒေကြမ်း ၄၃၆ (က)နဲ့ ၄၃၆ (ခ) တို့အတွက် သီးခြားစီခွဲပြီး ဖော်ပြထားပါတယ်။
၄၃၆ (က) ဥပဒေကြမ်းနဲ့ စပ်လျဉ်း၍ ပါတီအလိုက် တူညီတဲ့ ပြင်ဆင်ချက်များပြ ဇယား
စဉ် | ပုဒ်မ | ပါတီ |
---|---|---|
၁ | ၆(ဃ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၂ | ၈ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၃ | ၁၇(ခ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၄ | ၂၆(က) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
၅ | ၃၉ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၆ | ၅၉(ဂ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ |
၇ | ၅၉(စ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၈ | ၂၀၁ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၉ | ၂၉၄ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၁၀ | ၄၁၂(ခ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၁၁ | ၄၁၃(ခ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၁၂ | ၄၁၉ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၁၃ | ၄၂၀ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၁၄ | ၄၂၁(က) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၁၅ | ၄၂၁(ခ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၁၆ | ၄၂၂ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၁၇ | ၄၂၅ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၁၈ | ၄၂၆ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ |
၁၉ | ၄၃၁ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် |
၄၃၆ (ခ) ဥပဒေကြမ်းနဲ့ စပ်လျဉ်း၍ ပါတီအလိုက် တူညီတဲ့ ပြင်ဆင်ချက်များပြ ဇယား
စဉ် | ပုဒ်မ | ပါတီ |
---|---|---|
၁ | ၁၁၅(ခ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ |
၂ | ၁၂၁(ဋ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၃ | ၁၂၄(က) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပအိုင်းအမျိုးသားအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၄ | ၁၄၇(ခ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၅ | ၁၇၂(က) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၆ | ၁၉၆ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၇ | ၂၀၄(ခ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ |
၈ | ၂၃၂(က)(၁) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုင်းအမျိုးသားအဖွဲ့ချုပ်၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၉ | ၂၃၂(ည)(၂) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၁၀ | ၂၃၂(ဋ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
၁၁ | ၂၃၅(ဂ)(၂) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၁၂ | ၂၃၇(က) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၁၃ | ၂၃၇(က)(၄)(ဃဃ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၁၄ | ၂၃၉(က) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၁၅ | ၂၃၉(က)(၄)(ဃဃ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၁၆ | ၂၄၂(က) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၁၇ | ၂၄၂(က)(၄)(ဂဂ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၁၈ | ၂၄၄(က) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၁၉ | ၂၄၄(က)(၄)(ဂဂ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၂၀ | ၂၆၄(ဂ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၂၁ | ၂၈၅(က)(၄) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၂၂ | ၂၈၅(ဆ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
၂၃ | ၂၈၆(က)(၃) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၂၄ | ၃၀၁(ဃ)(၄) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအုင်း(ပလောင်)အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၂၅ | ၃၁၀(ဃ)(၃) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၂၆ | ၃၃၃(ဃ)(၄) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၂၇ | ၃၃၈ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ |
၂၈ | ၃၉၈(ခ)(၃)(ဃဃ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၂၉ | ၃၉၉(စ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၃၀ | ၄၀၅(က) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း(ပလောင်)အမျိုးသားပါတီ |
၃၁ | ၄၁၀ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ |
၃၂ | ၄၄၁ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ |
၃၃ | ၄၄၂ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုင်းအမျိုးသားအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၃၄ | ၄၄၃ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုင်းအမျိုးသားအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၃၅ | ၄၄၄(က) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုင်းအမျိုးသားအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၃၆ | ၄၄၄(ခ) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၃၇ | ၄၄၅ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၃၈ | ၄၄၆ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၃၉ | ၄၄၇ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၄၀ | ၄၄၈ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |
၄၁ | ၄၅၀ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ |