Posted in ဥပဒေရေးရာ သုတေသန on Oct 17, 2019
ဥပဒေကြမ်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပေးပို့လာတယ်လို့ ယူဆရပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ (၇.၁၀.၂၀၁၉)ရက်စွဲနဲ့ ဖော်ပြလာတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေ(၁၇.၁၀.၂၀၁၉) - လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ
ဥပဒေကြမ်း
ဒီဥပဒေကြမ်းမှာ ကျန်းမာရေးမှူးကောင်စီဖွဲ့စည်းပုံ နဲ့ ကျန်းမာရေးမှူးတွေကို မှတ်ပုံတင် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေ ပါရှိပါတယ်။
အကျဉ်းချုပ်
- ဥပဒေကြမ်းက မှတ်ပုံတင်ကျန်းမာရေးမှူးတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့၊ ပြည်သူ့ကျန်းမာရေးဘာသာရပ်ကို အဆက်မပြတ်လေ့လာနိုင်ဖို့၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းနိုင်ရေးအတွက် ကြီးကြပ်ထိန်းသိမ်းဖို့နဲ့ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံသားတွေ ရရှိစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
- ကျန်းမာရေးမှူးကောင်စီကို အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ကောင်စီမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်မှာဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ အခြေခံကျန်းမာရေးတက္ကသိုလ်နဲ့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းမဟုတ်တဲ့ ကောင်စီဝင်တွေဟာ ဝန်ကြီးဌာနက သတ်မှတ်တဲ့ ချီးမြှင့်ငွေနဲ့ စရိတ်ကို ခံစားခွင့်ရှိပြီး သက်တမ်းကတော့ စတင်ဖွဲ့စည်းချိန်ကနေ (၅)နှစ် ဖြစ်ပါတယ်။
- ကျန်းမာရေးမှူးတွေ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ သတ်မှတ်ခြင်းနဲ့ ကြီးကြပ်ခြင်း၊ တိုင်ကြားချက်အရဖြစ်စေ၊ ကိုယ်တိုင်တွေ့ရှိချက်အရဖြစ်စေ တာဝန်တစ်ရပ်ရပ်ကို လိုက်နာစောင့်ထိန်းဖို့ ပျက်ကွက်တဲ့ ကျန်းမာရေးမှူးတွေကို စစ်ဆေးပြီး စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ အငြိမ်းစားကျန်းမာရေးမှူး တစ်ဦးကို မှတ်ပုံတင်အရာရှိခန့်အပ်ခြင်း၊ မှတ်ပုံတင်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ မှတ်ပုံတင်ခ၊ နှစ်စဉ်ကြေး သတ်မှတ်ခြင်းတွေအပါအဝင် လိုအပ်တဲ့ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းခြင်းနဲ့ အခြားတာဝန်တွေကို ကောင်စီက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
- ကောင်စီဟာ ပြည်တွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေဆီကနေ အလှူငွေ၊ ပစ္စည်းနဲ့ အခြားအကူအညီတွေကို လက်ခံနိုင်ပါတယ်။ ပြည်ပက အလှူငွေ၊ ပစ္စည်းနဲ့ အခြားအကူအညီတွေကိုတော့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ လက်ခံနိုင်ပါတယ်။ ကောင်စီရဲ့ ရငွေနဲ့သုံးငွေကို ကျန်းမာရေးမှူးအသင်းက စံသတ်မှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး ပြင်ပစာရင်းစစ်နဲ့ စာရင်းစစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။ စာရင်းစစ်အစီရင်ခံစာကို ဝန်ကြီးဌာနထံ တင်ပြရမှာ ဖြစ်ပါတယ်။
အခြားဆက်စပ်ဥပဒေများ
တိရစ္ဆာန်ဆေးပညာကောင်စီဥပဒေ ၁၉၉၅
မြန်မာနိုင်ငံဆေးကောင်စီဥပဒေ ၂၀၁၅
မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ ၂၀၁၉
လင့်ခ်များ
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း
ဆက်သွယ်ရန်
Moe Aung, The Ananda, moeaung@theananda.org