Posted in ဥပဒေရေးရာ သုတေသန on Jan 31, 2020
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုတည်ဆဲဥပဒေနဲ့ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ထပ်မံတင်သွင်းသော ဥပဒေကြမ်းတို့အကြားက ကွဲလွဲချက်တွေအပါအဝင် ဥပဒေကြမ်းပါ ပြဋ္ဌာန်းအချို့ရဲ့ အားနည်းချက်တွေကို ဒီဥပဒေကြမ်းဆန်းစစ်မှုမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။
(၁) ဗဟိုဘဏ်ရဲ့ လွတ်လပ်မှုအပေါ် ကန့်သတ်ခြင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ (၂၀၁၃) အရ ဗဟိုဘဏ်ဟာ ငွေကြေးစနစ်တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် ကြီးကြပ်တာ၊ ငွေရေးကြေးရေးအဖွဲ့တွေကို ကြပ်မတ်ကွပ်ကဲတာ၊ ငွေကြေးဈေးကွက်နဲ့ နိုင်ငံခြားငွေဈေးကွက်တွေ စနစ်ကျအောင် ထိန်းကျောင်းတာတွေအတွက် လုပ်ပိုင်ခွင့်နဲ့ တာဝန် ရှိပြီး အပ်နှင်းထားတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမယ့် လက်ရှိဥပဒေကြမ်းမှာ တည်ဆဲဥပဒေမှာလိုပဲ နိုင်ငံခြားသုံးငွေလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အရေးပေါ်ကာလ သတ်မှတ်ပိုင်ခွင့်ဆိုတာ ပါရှိလာပါတယ်။ လုပ်ငန်းတွေနဲ့ ပတ်သက်ရင် ပြည်ထောင်စုအစိုးရက သုံးလထက်မပိုတဲ့ အရေးပေါ်ကာလကို သတ်မှတ်ပေးနိုင်ပြီး ယင်းကာလအတွင်း ယာယီကန့်သတ်မှုတွေကို ဗဟိုဘဏ်က ပြုလုပ်နိုင်တယ်လို့ ပါရှိလာပါတယ်။ ဒါဟာ ဗဟိုဘဏ်ရဲ့ လွတ်လပ်မှုကို ကန့်သတ်သလို ဖြစ်နေပြီး ငွေရေးကြေးရေးနယ်ပယ်မှာ အုပ်ချုပ်ရေးပိုင်းကနေ နိုင်ငံရေးအရ ဝင်စွက်ဖက်လာနိုင်တဲ့ အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီ့အတွက် နိုင်ငံခြားသုံးငွေလုပ်ငန်းတွေနဲ့ ပတ်သက်ရင် ပြည်ထောင်စုအစိုးရအဖွဲ့က "အရေးပေါ်ကာလ" သတ်မှတ်နိုင်တယ် ဆိုတာထက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဗဟိုဘဏ်က "အရေးပေါ်ကာလ" သတ်မှတ်နိုင်တယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ ဥပမာ အင်္ဂလန်ဘဏ်ရဲ့ ငွေကြေးမူဝါဒကော်မတီ ဒါမှမဟုတ် အမေရိကန်ဖက်ဒရယ်ဘဏ် (‘the Fed’) က ဆုံးဖြတ်ချက်ချ ဆောင်ရွက်သလိုမျိုး။ ဒါမှလည်း ဗဟိုဘဏ်ဟာ သူရဲ့ လုပ်ပိုင်ခွင့်ကို လွတ်လပ်စွာ ကျင့်သုံးနိုင်ပြီး ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ငွေကြေးဆိုင်ရာကိစ္စတွေကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။ အာနန္ဒာရဲ့ ဝက်ဘ်ဆိုဒ်မှာလည်း ဗဟိုဘဏ်မူဝါဒအနှစ်ချုပ်ကို ဖတ်ရှုနိုင်ပါတယ်။
(၂) နိုင်ငံခြားငွေသုံးစွဲမှု ကန့်သတ်ခြင်း အတိုင်းအတာ
“နိုင်ငံတော်အတွင်းမှာ ကုန်စည်၊ ဝန်ဆောင်မှု ဒါမှမဟုတ် အခြေပစ္စည်းရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်းတွေအတွက် နိုင်ငံခြားသုံးငွေနဲ့ ဈေးနှုန်းသတ်မှတ်တာ၊ ပေးချေတာ၊ လက်ခံတာ စတာတွေကို ဗဟိုဘဏ်ရဲ့ စည်းမျဉ်း၊ ညွှန်ကြားချက်တွေနဲ့ အညီ ဆောင်ရွက်ရမယ်” လို့ ဥပဒေကြမ်းမှာ ပါရှိပြီး မူလ တည်ဆဲဥပဒေထဲမှာ မရှိပါဘူး။ ဒါဟာ နိုင်ငံတွင်းက နိုင်ငံခြားသုံးငွေနဲ့ ဈေးနှုန်းသတ်မှတ်ပေးချေတာတွေအတွက် တရားဝင်ဆောင်ရွက်ခွင့် ရရှိလာစေနိုင်တဲ့ ပြဋ္ဌာန်းချက်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းဟာ အဲဒီလို တရားဝင်ခွင့်ပေးဖို့အထိ ရည်ရွယ်သလားဆိုတာ မေးစရာ ဖြစ်နေပြီး အစိုးရရဲ့ ခံယူချက်ကိုလည်း ဆန်းစစ်ဖို့ လိုလာပါတယ်။ အဲဒါနဲ့ပတ်သက်ရင်တော့ အခုချိန်ထိတော့ အစိုးရခံယူချက် ရှင်းရှင်းလင်းလင်း မရှိသေးတာကို တွေ့နိုင်ပါတယ်။
ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ဒီဇင်ဘာ၊ ၂၀၁၆ ခုနှစ် ရက်စွဲပါ အမိန့်ကြော်ငြာစာအရ နိုင်ငံအတွင်း နိုင်ငံခြားသုံးငွေနဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ရောင်း/ဝယ်နေတာတွေကို တားမြစ်ထားပြီး ဒေါ်လာကို ကျယ်ပြန့်စွာ အသုံးပြုတာကနေ နိုင်ငံခြားငွေလဲလှယ်မှုကို မတည်ငြိမ်စေတာကြောင့်လို့ ဆိုထားပါတယ်။ အဲဒီတားမြစ်ချက်ကြောင့် ဥပဒေကြမ်းဟာ နိုင်ငံခြားသုံးငွေနဲ့ ဈေးနှုန်းသတ်မှတ်ပေးချေတာတွေအတွက် တရားဝင်ဆောင်ရွက်ခွင့် ပေးလာနိုင်တယ်ဆိုတဲ့ ယူဆချက်ကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
(၃) ပို့ကုန်ရငွေတွေကို အစီရင်ခံခြင်း
နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့် လုပ်ငန်းလိုင်စင်ရရှိထားသူဟာ နိုင်ငံခြားသုံးငွေနဲ့ ရရှိလာတဲ့ ပို့ကုန်ရငွေတွေကို ဘဏ်စာရင်းထဲကို သတ်မှတ်ကာလအတွင်း ဝင်ရောက်မှု ရှိ-မရှိ ကို စိစစ်ရမှာဖြစ်ပြီး ဝင်ရောက်လာခြင်း မရှိဘူးဆိုရင် ဗဟိုဘဏ်ကို ဆောလျင်စွာ အစီရင်ခံရမယ်လို့ တည်ဆဲဥပဒေမှာ ပါရှိပါတယ်။
ဥပဒေကြမ်းမှာတော့ ပို့ကုန်ရငွေ ဝင်ရောက်လာခြင်းမရှိခဲ့ရင် တစ်လအတွင်း ဗဟိုဘဏ်ကို အစီရင်ခံရမယ်လို့ တိတိကျကျ ပြဋ္ဌာန်းထားပြီး ဘဏ်ငွေစာရင်းမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ တွေ့ရှိလာရင်လည်း နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ သုံးသပ်ချက်နဲ့အတူ အကြောင်းကြားရမယ်လို့ ပါရှိလာပါတယ်။ ဒီပြဋ္ဌာန်းချက်က ပိုမိုကောင်းမွန်လာတဲ့ အချက်လို့ ဆိုနိုင်ပြီး နိုင်ငံရဲ့ နိုင်ငံခြားငွေတွေနဲ့ ပတ်သက်ရင် တိကျတဲ့ စာရင်းဇယားတွေကို ရရှိနိုင်မှာဖြစ်လို့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက်လည်း အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်။
(၄) ရွှေ နဲ့ ပတ်သက်သမျှ
လက်ရှိတင်သွင်းထားတဲ့ ဥပဒေကြမ်းမှာ “စံချိန်မမီရွှေ” နဲ့ “စံချိန်မီရွှေ” ဆိုတာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အတိအကျ ဖွင့်ဆိုထားပြီး စံချိန်မမီရွှေနဲ့ ပတ်သက်ပြီး တစ်ကိုယ်ရေသုံးစွဲခြင်းနဲ့ နိုင်ငံတော်အတွင်း လက်ရောက် ရောင်းဝယ်ခြင်းတွေအတွက် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် ရယူစရာမလိုပါဘူး။ ဒါပေမယ့် စံချိန်မမီရွှေကို ပြည်ပတင်ပို့ခြင်း/တင်သွင်းခြင်းနဲ့ နိုင်ငံတော်အတွင်း ချေးယူ/ချေးငှားခြင်းတွေအတွက်တော့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်တွင်းနေထိုင်သူတွေဟာ စံချိန်မီရွှေ ပိုင်ဆိုင်ခြင်း၊ နိုင်ငံတော်အတွင်း ဝယ်ယူ/ရောင်းချခြင်း၊ ချေးယူ/ချေးငှားခြင်း၊ ပြည်ပတင်ပို့/တင်သွင်းခြင်းတွေအတွက် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဥပဒေကြမ်းထဲမှာ ရွှေကို နိုင်ငံတော်အတွင်း လက်ရောက် ရောင်း/ဝယ်ခြင်းကလွဲပြီး အခြားနည်းနဲ့ ရောင်းခြင်း/ဝယ်ခြင်းတွေအတွက် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ခွင့် ရှိတယ်လို့ ပါရှိပါတယ်။ ဒီလို မူဝါဒပိုင်းဆိုင်ရာအရ ရွှေကို ရောင်းဝယ်ဖောက်ကားနိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုပေမယ့် ၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားတဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းကို ပြန်လည်ပြင်ဆင်မှု ရှိ-မရှိကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
စည်းမျဉ်းထဲမှာ ပြည်တွင်းကနေ ပြည်ပကို ကျပ် ဆယ်သန်းဖိုးတန်ဖိုးအထိ လက်ဝတ်ရတနာတွေကို ယူဆောင်သွားနိုင်ပြီး ပြန်လာရင်တော့ ပြန်လည်ယူဆောင်လာရမှာ ဖြစ်ပါတယ်။ ပြည်ပကနေ မြန်မာနိုင်ငံထဲကို လက်ဝတ်ရတနာတွေ ယူဆောင်လာရင်လည်း ပြန်လည်ထွက်ခွာတဲ့အခါ ပြန်လည်ယူဆောင်သွားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်၂၀၁၄ ခုနှစ် ဗဟိုဘဏ်ရဲ့ စည်းမျဉ်းအရဆိုရင်တော့ ရွှေနဲ့ လက်ဝတ်ရတနာတွေ ပြည်ပကို လွတ်လွတ်လပ်လပ် တင်ပို့/တင်သွင်းခွင့် မရရှိသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ထည့်သွင်းစဉ်းစားစရာများ
(၁) နိုင်ငံခြားငွေ အပ်နှံခြင်း
ဥပဒေကြမ်းအရ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ထားတဲ့ ဘယ်သူမဆို ကိုယ်ပိုင်ဆိုင်တဲ့ နိုင်ငံခြားငွေကို ရောင်းဝယ်ဖောက်ကားခွင့်လုပ်ငန်း လိုင်စင်ရှိသူထံမှာ ဘဏ်စာရင်းဖွင့် အပ်နှံရမယ်လို့ ဆိုထားပါတယ်။ ဒီလို နိုင်ငံခြားငွေကို ဘဏ်စာရင်းမှာသာ ထားရှိရတဲ့အတွက် ငွေကြေးဈေးကွက်မှာ ပါဝင်ဆောင်ရွက်လိုတဲ့ နိုင်ငံသားတွေအတွက် အတားအဆီး တစ်ခုသဖွယ် ဖြစ်နေနိုင်သလားဆိုတဲ့ ပြန်လည်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး လက်ရှိ နိုင်ငံခြားသုံးငွေနဲ့ လစာရရှိနေသူတွေ၊ ဝင်ငွေရရှိနေသူတွေနဲ့ ပြည်တွင်း/ပြည်ပ နိုင်ငံခြားငွေ လွှဲပြောင်းရရှိနေသူတွေဟာ ဘဏ်တွေကနေ နိုင်ငံခြားသုံးငွေကို ဖလှယ်ရာမှာ ဝယ်ဈေးနဲ့ ရောင်းဈေးကြား ကွာဟချက်ကြောင့် နစ်နာမှုတွေ ရှိနေတာမို့ စားသုံးသူဘက်က နစ်နာနိုင်တာကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
(၂) ဈေးကွက်အရ တုံ့ပြန်နိုင်မှု
ဥပဒေကြမ်းမှာ ရွှေနဲ့ ပတ်သက်တဲ့ တိကျသော ပြဋ္ဌာန်းချက်တွေ ပါဝင်လာတယ်ဆိုပေမယ့် ၂၀၁၄ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းကိုလည်း ပြင်ဆင်ဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။ ပြင်ဆင်ဖို့ ပျက်ကွက်ရင်တော့ ဒါဟာ ရွှေကုန်သွယ်မှုကို မထိရောက်စေဘဲ စျေးကွက်ကို ဗဟိုဘဏ်က ဝင်ကြီးကြပ်နေသလို ဖြစ်နေမှာ ဖြစ်ပါတယ်။ နောက်ပြီး အစိုးရအနေနဲ့ ရွှေနဲ့ပတ်သက်ပြီး လက်ရှိဥပဒေကြမ်းမှာ ထည့်သွင်းတယ်ဆိုတာထက် သီးသန့်ဥပဒေတစ်ခု ပြဋ္ဌာန်းဖို့ လို-မလိုနဲ့ ရွှေစျေးကွက်အတွက် ရေရှည်မူဝါဒတစ်ရပ် ဖော်ထုတ်ဖို့ လို-မလို ဆိုတာကိုပါ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
(၃) နစ်နာမှုအတွက် တိုင်ကြားခြင်း
နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်လိုသူတွေဟာ လိုင်စင်ကို ဗဟိုဘဏ်မှာ လျှောက်ထားရပြီး ဘဏ်က လိုင်စင် ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းတွေ ဆောင်ရွက်နိုင်ရုံမက လိုင်စင်ရရှိသူက ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ စည်းမျဉ်း၊ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် စီမံခန့်ခွဲရေးနည်းလမ်းနဲ့လည်း အရေးယူ ဆောင်ရွက်နိုင်ပါတယ်။ ဗဟိုဘဏ်က စီမံခန့်ခွဲရေးနည်းလမ်းနဲ့ အရေးယူဆောင်ရွက်တဲ့အခါ မကျေနပ်သူတွေဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့အညီ လျှောက်ထားနိုင်တယ်လို့ တည်ဆဲဥပဒေမှာ ပါရှိပါတယ်။ သို့သော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ အဆုံးအဖြတ်က အပြီးအပြတ်ဖြစ်တယ်လို့ ဥပဒေကြမ်းမှာ ဆိုထားလို့ လုပ်ငန်းတွေအတွက် တရားမျှတမှု ရှာဖွေရာမှာတော့ တရားရုံးမှာ အယူခံဝင်နိုင်တဲ့ အခွင့်အရေးမျိုး ဆုံးရှုံးရမှာ ဖြစ်ပါတယ်။