Posted in ဥပဒေရေးရာ သုတေသန on Jan 29, 2020

ဘာကြောင့် လူပြောများတဲ့ အကြောင်း ဖြစ်နေရသလဲ

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကြမ်းဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က ပေါ်ထွက်လာခဲ့ပါတယ်။ ဥပဒေကြမ်းထဲမှာ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်အရ နိုင်ငံခြားငွေ၊ ရွှေနဲ့ရတနာတွေ ကိုင်ဆောင်ခြင်းနဲ့ အရောင်းအဝယ်ပြုလုပ်ခြင်း၊ သာမန်ငွေစာရင်းနဲ့ ငွေလုံးငွေရင်းစာရင်းတို့မှ လွှဲပြောင်းပေးချေမှုတို့အတွက် ပြဋ္ဌာန်းချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ပါဝင်ပါတယ်

ဒါကြောင့် ဥပဒေကြမ်းကိုသုံးသပ်ရာမှာ နိုင်ငံတကာနမူနာတွေ ကိုးကားခြင်းအပါအဝင် နိုင်ငံတော်ဗဟိုဘဏ်ရဲ့ သင့်တင့်လျောက်ပတ်တဲ့ အဆင့်အတန်းနဲ့ သူ့ရဲ့လုပ်ငန်းတာဝန်တွေကို ဦးစွာပထမထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ဗဟိုဘဏ် ဆိုတာ ဘာလဲ

ဗဟိုဘဏ် ဆိုတာက နိုင်ငံတစ်နိုင်ငံ (ဒါမှမဟုတ် နိုင်ငံအစုအဖွဲ့တွေ) ရဲ့ ဘဏ်ချေးငွေတွေ နဲ့ ငွေကြေး ထုတ်လုပ်ဖြန့်ဖြူးခြင်းအပေါ်မှာ ထိန်းချူပ်ထားတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ ခေတ်သစ်စီးပွားရေးမှာ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာမူဝါဒအတွက် တာဝန်ရှိပြီး ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းအတွက်လည်း တာဝန်ယူရပါတယ်

ဗဟိုဘဏ်များစွာက အစိုးရလက်အောက်ခံအဖွဲ့အစည်းတွေ မဟုတ်ကြဘဲ နိုင်ငံရေးအရ သီးခြားလွတ်လပ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်တွေကို အစိုးရက တရားဝင်ပိုင်ဆိုင်တယ်လို့ ဆိုလို့မရတာတောင်မှ ၄င်းရဲ့ လုပ်ပိုင်ခွင့်တွေဟာ အခိုင်အမာတည်ရှိနေတာ ဖြစ်ပြီး ဥပဒေအရလည်း အကာအကွယ် ရရှိထားပါတယ်။

ဗဟိုဘဏ်တစ်ခုရဲ့ အရေးပါတဲ့ အင်္ဂါရပ်တစ်ရပ်က ငွေလက်ငင်း နဲ့ ငွေစက္ကူတွေထုတ်ဝေဖို့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။ ငွေကြေးလည်ပတ်နေမှုနဲ့ ဘဏ်ချေးငွေရရှိနိုင်မှုကို လွယ်ကူစေခြင်း ဒါမှမဟုတ် ထိန်းချုပ်ထားခြင်းဖြင့် ဗဟိုဘဏ်တွေက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို ထိန်းညှိပေးပါတယ်။ အဓိက လုပ်ငန်းတာဝန်ရပ်တွေမှာ အောက်ပါတို့ ပါဝင်ပါတယ် -

  • ငွေကြေးဆိုင်ရာမူဝါဒတွေကို အကောင်အထည်ဖော်ခြင်း
  • တရားဝင်အတိုးနှုန်းတွေ ချမှတ်ခြင်း- ငွေကြေးဖောင်းပွခြင်းနဲ့ တိုင်းပြည်ရဲ့ နိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းထား နှစ်ခုစလုံးကို စီမံခန့်ခွဲခြင်းနဲ့ နှုန်းထားဆိုင်ရာ မူဝါဒယန္တာရား အမျိုးမျိုးကတစ်ဆင့် သက်ရောက်မှုရှိစေခြင်း
  • နိုင်ငံရဲ့ ငွေကြေးလည်ပတ်နေမှုတစ်ရပ်လုံးကို ထိန်းချုပ်ခြင်း
  • အစိုးရဘဏ်နဲ့ ဘဏ်တွေရဲ့ ဘဏ်
  • တိုင်းပြည်ရဲ့နိုင်ငံခြားသုံးငွေနဲ့ အရန်ရွှေတွေ၊ အစိုးရငွေချေးစာချုပ်တွေ (ယခုဥပဒေကြမ်းရဲ့ အကြောင်းအရာ) ကို စီမံခန့်ခွဲခြင်း
  • ဘဏ်လုပ်ငန်းကြီးတစ်ရပ်လုံးကို စည်းကမ်းတကျထိန်းညှိကွပ်ကဲခြင်း

ဗဟိုဘဏ်များနှင့် နိုင်ငံတကာဥပဒေ

ဗဟိုဘဏ်တွေက ငွေကြေးဆိုင်ရာမူဝါဒချမှတ်တဲ့ မူဝါဒဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်ကြပြီး၊ ဗဟိုဘဏ်တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုကို ချုပ်ကိုင်ဆောင်ရွက်နေတဲ့ နိုင်ငံတကာဥပဒေတွေမရှိပါဘူး။ ဒါပေမယ့်လည်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကို ၁၉၄၄ ခုနှစ်မှာ တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းက ဒုတိယကမ္ဘာစစ်ကြီးကို ဖြစ်ပေါ်လာစေခဲ့တဲ့ စီးပွားရေးအခြေအနေတွေ နောက်တဖန်ဖြစ်လာမှာ ဟန့်တားဖို့နဲ့ ကမ္ဘာတစ်လွှားရှိ နိုင်ငံတွေရဲ့ ဘဏ္ဍာရေးမူဝါဒတွေကို ညှိနှိုင်းပေးဖို့ နည်းလမ်းတစ်ရပ်အဖြစ် ရည်စူးတည်ထောင်ခဲ့ပါတယ်။ ဒီနေ့အချိန်အခါမှာတော့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြီးဟာ အဖွဲ့ဝင် ၁၈၂နိုင်ငံကို ကိုယ်စားပြုလျှက်ရှိပြီး၊ စီးပွားရေးတွေကို စောင့်ကြည့်လေ့လာခြင်း၊ ချေးငွေတွေပံ့ပိုးပေးခြင်း နဲ့ အစိုးရတွေကို ဘဏ္ဍာရေးမူဝါဒတွေ အထောက်အကူပြုပေးခြင်းတွေ ဆောက်ရွက်လျှက် ရှိပါတယ် ။ ကုလသမဂ္ဂအဖွဲ့ကြီး (၄င်းတွင် အဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ငံတစ်နိုင်ငံကနေ မဲတစ်ပြားစီသာ ပေးပိုင်ခွင့်ရှိပါတယ်) နဲ့မတူတာက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြီးရဲ့ အုပ်ချုပ်မှုပုံစံဟာ စီးပွားရေးအင်အားပိုမိုကြီးမားသူဘက်ကို အလေးသာပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြီးနဲ့ မောင်နှမ အသင်းအဖွဲ့ဖြစ်တဲ့ ကမ္ဘာ့ဘဏ်ဟာ မညီမျှမှုတွေနက်ရှိုင်းနေခြင်းနဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုဆိုင်ရာ ရန်ပုံငွေတွေပြတ်လပ်နေခြင်းအတွက် တစ်ချိန်က အပြစ်တင်ခံရပြီး ဖွံဖြိုးဆဲနိုင်ငံတွေကို ပေးအပ်တဲ့ ချေးငွေတွေအပေါ်မှာ တင်းကျပ်တဲ့ အခြေအနေတွေ ချမှတ်ခြင်းအတွက်လည်း သိသိသာသာ ဝေဖန်ခံခဲ့ရပါတယ်။ မညီမျှမှုပြဿနာတွေကို ပိုနားလည်လက်ခံလာပေမယ့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်ဟာ လွတ်လပ်တဲ့ စီးပွားရေးမူဝါဒကိုသာ ဆက်လက်ထောက်ခံနေပြီး လူ့အခွင့်အရေး ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးနိုင်တဲ့ ဈေးကွက်အားဝင်ရောက်စွက်ဖက်ခြင်း ဒါမှမဟုတ် အထောက်အပံ့ပြုခြင်းတို့အား ယေဘုယျအားဖြင့် ဆန့်ကျင်ရပ်တည်လေ့ ရှိပါတယ်


ယနေ့ခေတ် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ဗဟိုဘဏ်အများစုက အစိုးရထိန်းချုပ်မှုမှ ကင်းလွတ်တဲ့ ဘဏ်တွေ ဖြစ်ကြပါတယ်။ ဆိုလိုတာက အုပ်ချုပ်မှုပုံစံအချို့ဖြစ်တဲ့ ငွေကြေးဆိုင်ရာမူဝါဒကော်မတီလိုမျိုး ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုလိုနိုင်ငံမှာ ဖက်ဒရယ်ငွေကြေးရန်ပုံငွေဘုတ်အဖွဲ့လို ဘဏ်က အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ မရှိစေဖို့ ရပ်တည်စေပါတယ်။ နေ့စဉ်နိုင်ငံရေးဖိအားတွေက အကာအကွယ်ဖြစ်စေပြီး ဗဟိုဘဏ်တွေဟာ ရေရှည်အမြော်အမြင်ရှိပြီး ငွေကြေးဖောင်းပွမှု ထိခိုက်သက်ရောက်မှုကို ထိန်းချုပ်နိုင်ဖို့ လူကြိုက်မများတဲ့ ဆုံးဖြက်ချက်တွေကို ချမှတ်နိုင်ပါတယ်။

ဒါပေမယ့် ၂၀ဝ၈ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်း စကတည်းက အဲဒီလို လုပ်ဆောင်နိုင်တဲ့ အမြင်အပေါ်မှာ စိန်ခေါ်မှုတွေ မြင့်တက်လာနေပါတယ်။ အနှောင်အဖွဲ့ကင်းမှုဆိုတဲ့ အကာအကွယ်အောက်မှာ ဗဟိုဘဏ်တွေဟာ သိုသိပ်လျှို့ဝှက်လာပြီး ပုဂ္ဂလိကဘဏ်တွေရဲ့ အကျိုးစီးပွားအတွက်သာ ရပ်တည်လာကြပါတယ်။ ဒေါ်နယ်ထရမ့်၊ ရီဆက် တာရစ် အာဒိုဂန်တို့လို သာမန်လူထုအကျိုးရှေးရှုတယ်ဆိုတဲ့ ခေါင်းဆောင်တွေဟာ သူတို့နိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေ အပေါ်မှာ အထူးတလည် ပစ်မှတ်ထားလာကြပါတယ်။ စီးပွားရေးကျဆင်းချိန်မှာ နိုင်ငံရေးသမားတွေဟာ မကြာခဏဆိုသလို ဓားစာခံရှာတတ်လာကြပြီး ဗဟိုဘဏ်ရဲ့ငွေကြေးမူဝါဒကို အပြစ်တင်ရတာက ပိုပြီးကြီးမားတဲ့ စီးပွားရေးမူဝါဒ ကျရှုံးရတာကကို တာဝန်ခံရတာထက် ပိုပြီးလွယ်ကူပါတယ်။

ဗဟိုဘဏ်က အစိုးရထိန်းချုပ်မှုအောက်ရှိခြင်း၊ မရှိခြင်းဆိုတာထက် အရေးတကြီးစဉ်းစားရမယ့် အချက်က သူတို့ရဲ့လုပ်ငန်းအပေါ်မှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အတိုင်းအဆပဲ ဖြစ်ပါတယ်။ ဥပမာ အင်္ဂလန်ဘဏ်ဟာ ငွေကြေးမူဝါဒကော်မတီအစည်းအဝေးတွေရဲ့ ရလဒ်နဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ မဲပေးမှတ်တမ်းတွေကို ထုတ်ပြန်ပေးလေ့ရှိပါတယ်။


ဗဟိုဘဏ်များနှင့် ရွှေ

နိုင်ငံ့ငွေကြေးကို သတ်မှတ်ရွှေအရေအတွက်နဲ့ နောက်ခံပြုကြတာက နှစ်ဆယ်ရာစုအလယ်ပိုင်းလောက်အထိ ပုံမှန်ဖြစ်ခဲ့ပါတယ်။ ရွှေစံထားခြင်းဖြင့် ငွေကြေးတစ်ခုချင်းစီက သတ်မှတ်ရွှေပမာဏအပေါ်မှာ အခြေခံပါတယ်။ သဘောတရားအရ အင်္ဂလိပ်လူမျိုးတစ်ဦးရဲ့ လက်ဝယ်ရှိ ဆယ်ပေါင်တန် ငွေစက္ကူတစ်ရွက်တိုင်းက အင်္ဂလန်ဘဏ်တိုက်အတွင်းထားရှိတဲ့ တူညီတဲ့ ရွှေအရေအတွက် တစ်ရပ်ကို ကိုယ်စားပြုပါတယ်။

ရွှေစံထားခြင်းရဲ့ အားသာချက်က လူတွေဟာ တစ်စုံတစ်ရာမြင်သာထင်သာ တန်ဖိုးရှိတဲ့ သူတို့ရဲ့ ငွေကြေးအပေါ်မှာ ယုံကြည်မှုရှိကြပြီး ဘဏ်တွေ ဒါမှမဟုတ် အလွန်အမင်းငွေကြေးဖောင်းပွခြင်းတွေကို စောင့်ကြည့်ထားနိုင်တယ်လို့ အဆိုရှိပါတယ်။ အခြားတစ်ဖက်က ကြည့်ရင်တော့ နိုင်ငံတကာရွှေစံနှုန်းထားတစ်ရပ်က အထူးသဖြင့် အနည်းငယ် ဒါမှမဟုတ် လုံးဝ ရွှေထုတ်လုပ်မှုမရှိတဲ့ နိုင်ငံတွေအတွက် တရားမျှတမှုမဖြစ်နိုင်ပါဘူး။ စီးပွားရေးပညာရှင်တွေကလည်း ငွေကြေးအားလုံးဟာ ကုန်ပစ္စည်းတစ်ခုရဲ့ အရေအတွက်တစ်ရပ်ကို ကိုယ်စားပြုရမယ်ဆိုရင် ငွေကြေးဖောင်းပွမှုမဖြစ်ပေါ်စေဖို့အတွက် ယန္တရားတစ်ရပ်အနေနဲ့ ငွေကြေးလည်ပတ်သုံးစွဲမှုကို မြှင့်တင်ဖို့ ပိုမိုခက်ခဲပါတယ်လို့ ငြင်းခုံဆွေးနွေးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ရွှေစံနှုန်းဟာ ကျဆင်းသွားခဲ့ပါတယ်။

ဒီနေ့အချိန်မှာတော့ ငွေကြေးတစ်ရပ်ရဲ့တန်ဖိုးကို အများအားဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှာရှိတဲ့ သူရဲ့ တန်ဖိုးနဲ့ ဆုံးဖြတ်ကြပါတယ်9။ အထူးသဖြင့် နိုင်ငံတကာငွေကြေးတစ်ရပ်ဖြစ်တဲ့ အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ်ကြပါတယ်။ ငွေကြေးကို အရန်ရွှေတွေနဲ့ တိုက်ရိုက် နောက်ခံမပြုကြတော့ပေမယ့်လည်း ရွှေနဲ့ အခြား တန်ဖိုးရှိတဲ့ သတ္တုတွေ ဒါမှမဟုတ် ရတနာတွေဟာ စီးပွားရေးတည်ငြိမ်မှုကို ရည်ညွှန်းရာအဖြစ် အရေးပါနေဆဲ ဖြစ်ပါတယ်။ ဒီ့အတွက် ဗဟိုဘဏ်တွေဟာ အစိုးရတွေနဲ့ ပုဂ္ဂလိကပိုင်ရှင်များကိုယ်စား အဲဒီတန်ဖိုးရှိတာတွေ အရေအတွက် အမြောက်အမြားကို ထားရှိထားဆဲဖြစ်ပါတယ်။ ဥပမာ အင်္ဂလန်ဘဏ်ဟာ သူ့ရဲ့မြေတိုက်ခန်းထဲမှာ ခန့်မှန်း ပေါင် ၂၀ဝ ဘီလျံ တန်ဖိုးရှိ ရွှေချောင်း ၄၀ဝ၀ဝ၀ ခန့် ထားရှိပါတယ်။ အဲဒီတန်ဖိုးက တရားဝင်ကြေငြာထားတဲ့ ကမ္ဘာ့အရန်ရွှေပမာဏရဲ့ ၁၅% ဖြစ်ပါတယ်၁၀


မူဝါဒ ချမှတ်သူများအတွက် အကြံပြုချက်များ

၂၀ဝ၅ ခုနှစ်မှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က သူ့ဝန်ထမ်းတွေဆောင်ရွက်ခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ ရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစစ်တမ်းက ဖွံဖြိုးဆဲနဲ့ ဝင်ငွေနည်းတိုင်းပြည်တွေမှာရှိတဲ့ ဗဟိုဘဏ်တွေ ကျင့်သုံးဖို့ ကောင်းမွန်တဲ့ ငွေကြေးမူဝါဒအတွက် အခြေခံသဘောတရားဆိုင်ရာမူတွေ ဖြစ်စေခဲ့ပါတယ်၁၁။ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ နယ်ပယ်တွေမှာလိုပဲ အဲဒီအစီရင်ခံစာက ပွင့်လင်းမြင်သာမှုနဲ့ တည်ကြည်ခိုင်မာမှုတို့အပါအဝင် အရေးပါတဲ့ နယ်ပယ်တွေကို ထပ်လောင်းမီးမောင်းထိုးပြပါတယ်။ လက်ရှိ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကြမ်းကို ပြန်လည်သုံးသပ်ရာမှာ ထည့်သွင်းစဉ်းစားစရာ ပါဝင်သင့်တာတွေကတော့-

  • ဗဟိုဘဏ်တွေဟာ တိကျရှင်းလင်းတဲ့ အခွင့်အာဏာနဲ့ စီးပွားရေးရည်မှန်းချက်တွေနဲ့ သက်ဆိုင်တဲ့ ငွေကြေးမူဝါဒကို ကျင့်သုံးဖို့ လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ အနှောင်အဖွဲ့ကင်းမှု ရှိရပါမယ်။ အုပ်ချုပ်ရေးပိုင်းက ဘဏ္ဍာရေးမူဝါဒအတွက် ရှင်းရှင်းလင်းလင်းတာဝန်ယူသလို (ဥပမာ အခွန်အကောက်နဲ့ ပြည်သူ့ရေးရာ ကုန်စည်တွေမှာ ရင်းနှီးမြှုပ်နှံမှု) ဗဟိုဘဏ်ဟာ ငွေကြေးမူဝါဒမှာ ရှင်းရှင်းလင်းလင်း၊ အမှီခိုကင်းကင်း ဖြစ်ရပါမယ်( ဆိုလိုတာက အတိုးနှုန်းနဲ့ နိုင်ငံခြားငွေနှုန်းထား သတ်မှတ်ထုတ်ပြန်ခြင်း) ။ ဗဟိုဘဏ်ရဲ့ မူဝါဒတွေကို ထိန်းချုပ်ဖို့ ပြည်ထောင်စုအစိုးရကို ခွင့်ပြုတဲ့ အရေးပေါ်အစီအမံအဆိုပြုချက်တွေမျိုးဖြစ်တဲ့ ဘယ်လို စွက်ဖက်မှုကိုမဆို စေ့စေ့စပ်စပ် စစ်ဆေးသင့်ပါတယ်။
  • ဗဟိုဘဏ်တွေဟာ ဈေးကွက်အခြေအနေ၊ တိုင်းပြည်ရဲ့ မူရပ်တည်ချက်တို့နဲ့ ကိုက်ညီတဲ့ ရှင်းလင်းထိရောက်တဲ့ လုပ်ငန်းမူဘောင်ရှိရမှာ ဖြစ်ပါတယ်။ လက်ရှိမြန်မာအစိုးရက စီးပွားရေးနဲ့သက်ဆိုင်တဲ့ ရှင်းလင်းတဲ့ မူရပ်တည်ချက်တစ်ရပ် ထုတ်ဖော်ပြောဆိုထားခြင်းမရှိတဲ့ ပြဿာနာ ရှိလင့်ကစား ဗဟိုဘဏ်ဟာ ငွေကြေးမူဝါဒနဲ့ ဘဏ်လုပ်ထုံးလုပ်နည်းတွေ အပါအဝင် သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်း၊စည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်သင့်ပါတယ်။
  • ဗဟိုဘဏ်တွေဟာ ရှင်းလင်းပြီး ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေး တည်ဆောက်ထားရပါမယ်။ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနဲ့ စီးပွားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်တွေမှာ ပွင့်လင်းမြင်သာမှုက အကျိုးစီးပွားအားလုံးကို သေသေချာချာ ရေရေရာရာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် တူညီတဲ့ အခွင့်အရေးပေးဖို့အလို့ငှာ မရှိမဖြစ်အရာ တစ်ခု ဖြစ်ပါတယ်။ အရေးလည်းပါပါတယ်။ ဆုံးဖြတ်ချက်ချမှတ်မှု နဲ့ မူဝါဒတွေက မမြင်ကွယ်ရာဖြစ်နေပါက မကြာခဏဆိုသလိုပဲ အဲဒီအခြေအနေက အာဏာပါဝါကြီးမားတဲ့ ဆုံးဖြက်ချက်ချသူတွေနဲ့ အဆက်အသွယ်ရှိတဲ့ ထိပ်တန်းအကျိုးစီပွားတွေအတွက် မမျှတတဲ့ အားသာချက်ကို ရရှိစေပါတယ်။

ကိုးကား

. Central Bank of Myanmar, 2015. https://www.cbm.gov.mm/

. Investopedia, 2019. Central Bank. https://www.investopedia.com/terms/c/centralbank.asp [Accessed 20 January 2020].

. Wikipedia, 2020. Central Bank. https://en.wikipedia.org/wiki/Central_bank [Accessed 20 January 2020].

. International Monetary Fund, 2019. About the IMF. https://www.imf.org/en/About [Accessed 20 January 2020].

. Bretton Woods Project, 2019. What are the main criticisms of the World Bank and the IMF? https://www.brettonwoodsproject.org/2019/06/what-are-the-main-criticisms-of-the-world-bank-and-the-imf/ [Accessed 20 January 2020].

. Bloomberg, 2019. Central Bank Independence. https://www.bloomberg.com/quicktake/central-bank-independence [Accessed 20 January 2020].

. World Gold Council, 2020. The classical Gold Standard. https://www.gold.org/about-gold/history-of-gold/the-gold-standard [Accessed 20 January 2020].

. Wikipedia, 2020. Gold Standard. https://en.wikipedia.org/wiki/Gold_standard [Accessed 20 January 2020].

. The Balance, 2020. How the Value of Money Is Determined. https://www.thebalance.com/value-of-money-3306108 [Accessed 20 January 2020].

၁၀. Crowell, R., 2019. The Bank’s Golden Evolution – A Question & Answer session with Victoria Cleland, Bank of England. The Alchemist, Issue 95, pp. 4-7.

၁၁. International Monetary Fund, 2015. Evolving Monetary Policy Frameworks In Low-Income And Other Developing Countries. https://www.imf.org/~/media/Websites/IMF/Imported/external/np/pp/eng/2015/_102315pdf.ashx [Accessed 20 January 2020].