Posted in ဥပဒေရေးရာ သုတေသန on Nov 28, 2019
ပင်လယ်ငါးလုပ်ငန်းဥပဒေကြမ်းဟာ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ (၁၉၈၉) နဲ့ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ (၁၉၉၀) ကို အစားထိုးဖို့အတွက် အသစ်ပြန်လည်ရေးဆွဲထားတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ငါးလုပ်ငန်းတွေ ရေရှည်တည်တံ့ပြီး စနစ်တကျဖွံ့ဖြိုးစေဖို့၊ ငါးတွေရဲ့ ဇီဝဂေဟစနစ် ရေရည်တည်တံ့စေဖို့နဲ့ ငါးလုပ်ငန်းဆိုင်ရာ သုတေသနနဲ့ နည်းပညာလုပ်ငန်းတွေ လုပ်နိုင်ဖို့ ဖြစ်ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားအရ မွေးမြူရေးနဲ့ ငါးလုပ်ငန်းကဏ္ဍကနေ နိုင်ငံ့ဂျီဒီပီထဲကို ထည့်ဝင်တဲ့ အချိုးအစားဟာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ထဲမှာ ၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပြီး အခြားကဏ္ဍတွေနဲ့ နှိုင်းယှဉ်ရင် အဆင့် ၅ နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။
၂၀၁၁-၁၂ ခုနှစ်ထဲမှာ ငါးလုပ်ငန်းအားလုံးကနေ ထောက်ပံ့တဲ့ မတ်ထရစ်တန် ၄၄၇၈.၃၅ အနက် ပင်လယ်ငါးဖမ်းလုပ်ငန်းက ထောက်ပံ့ပေးတဲ့ အရေအတွက်ဟာ ၂၃၃၂.၈၄ ထိ ရှိခဲ့ပြီး ၂၀၁၇-၁၈ မှာ ၅၈၇၇.၄၆ အနက် ၃၁၅၂.၁၄ မက်ထရစ်တန်ချိန် ရှိခဲ့ပါတယ်။ ဒါဟာ ၆ နှစ်တာကာလအတွင်း တန်ချိန် ၁၀၀၀ နီးပါး တိုးတက်လာတာ ဖြစ်ပြီး ငါးထုတ်လုပ်မှုရဲ့ တစ်ဝက်ဝန်းကျင် ရှိနေတာ ဖြစ်ပါတယ်။
ကမ်းလွန်ငါးဖမ်းရေယာဉ်အရေအတွက်ကို ကြည့်ရင် ၂၀၁၁-၂၀၁၂ မှာ ပြည်တွင်းငါးဖမ်းရေယာဉ် ၂၅၉၈ စင်းနဲ့ ပြည်ပရေယာဉ် ၂၆၄ စင်း ရှိခဲ့ပြီး ၂၀၁၇-၁၈ မှာ ပြည်တွင်း ၃၁၇၂ စင်း နဲ့ ပြည်ပ ၅ စင်း ထိ ရှိခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ပြည်တွင်းငါးဖမ်းရေယာဉ်ဟာ ၉၉ ရာခိုင်နှုန်းအထိ များပြားလာတာဖြစ်ပြီး ပြည်ပငါးဖမ်းရေယာဉ်ကတော့ ၉ ရာခိုင်နှုန်းကနေ ၀.၁ ထိ လျော့နည်းသွားတာ ဖြစ်ပါတယ်။
ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ငါးဖမ်းသမားတွေရဲ့ အရေအတွက်ဟာ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ ၂၀၁၁-၁၂ မှာ ၃.၂ သန်းနီးပါး ရှိခဲ့ပြီး ၂၀၁၄-၁၅ မှာဆိုရင် ၃.၂ သန်းကျော် ရှိခဲ့ပါတယ်။
ဖော်ပြပါ အချက်အလက်တွေကို ကြည့်ရင် ပင်လယ်ငါးဖမ်းလုပ်ငန်းဟာ ငါးလုပ်ငန်းကဏ္ဍအတွက် အရေးပါနေတာကို တွေ့ရပြီး အလုပ်အကိုင်လည်း များစွာ ပေးထားတာကို တွေ့နိုင်ပါတယ်။ တစ်ဖက်ကလည်း ထိန်းကျောင်းမှုနည်းပါးနေတာ၊ စည်းမျဉ်းစည်းကမ်းတွေအသက်ဝင်စေဖို့ စောင့်ကြည့်မှုအားနည်းတာ စတဲ့ အကြောင်းရင်းတွေကြောင့် မြန်မာ့ပင်လယ်ငါးသယံဇာတတွေက ၁၉၇၉/၈၀ ခုနှစ်နဲ့စာရင် ၉၀ ရာခိုင်နှုန်းလောက်ကို လျော့ပါးသွားတာကို တွေ့ရပါတယ် (ငါးလုပ်ငန်းကဏ္ဍအစီရင်ခံစာ ၂၀၁၉)။ အဆိုပါ အစီရင်ခံစာအရ တရားမဝင်ငါးဖမ်းတာ နဲ့ ကမ်းနီး ကမ်းဝေးရေပြင်တွေကြား ငါးဖမ်းရေပြင်နဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ သိရပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းတော်တော်များများက ထိန်းကျောင်းမှုအောက်က လွတ်ကင်းနေတဲ့အပြင် တင်ပြအစီရင်ခံတာတွေလည်း မရှိတာကို သိရပါတယ်။
ဒါကြောင့် ပင်လယ်ငါးဖမ်းလုပ်ငန်းကို စနစ်တကျ ထိန်းကျောင်းဖို့နဲ့ ဇီဝဂေဟစနစ်ကို ထိန်းသိမ်းဖို့အတွက် ဒီဥပဒေကြမ်းကို တင်သွင်းလာတယ်လို့ ယူဆလို့ ရပါတယ်။ ဥပဒေကြမ်းဆန်းစစ်မှုကို အာနန္ဒာကနေ ဆက်လက် တင်ပြသွားပါမယ်။