Posted in ဥပဒေရေးရာ သုတေသန on Jan 23, 2020
ဥပဒေကြမ်းကို ၂၇.၁၂.၂၀၁၉ မှာ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတာကို တွေ့ရပါတယ်။
ပြဋ္ဌာန်းခဲ့ပြီး ဥပဒေများ
The Foreign Exchange Regulation Act, 1947
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၂)
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅)
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၂)
၂၀၁၂ ဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ လိုက်နာကျင့်သုံးဖို့အတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းကို အမိန့်ကြော်ငြာစာ အမှတ် ၇/၂၀၁၄ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအခြေအနေ
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနဟာ နိုင်ငံခြားသုံးငွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်စေဖို့ နိုင်ငံခြားသုံးငွေလုပ်ငန်းလိုင်စင် (၃) မျိုးကို စိစစ်ထုတ်ပေးခဲ့ပါတယ်။
- နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင် (Authorized Dealer Licence) ဟာ နိုင်ငံခြားသုံးငွေနဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုတဲ့ လိုင်စင် ဖြစ်ပါတယ်။ ၂၀၁၈ ဘဏ္ဍာနှစ် အကူးအပြောင်းကာလ အစီရင်ခံစာပါ စာရင်းဇယားအရ အဆိုပါလိုင်စင်ကို နိုင်ငံတော် ဘဏ် ၆၃ ဘဏ် နဲ့ ပုဂ္ဂလိက ဘဏ် ၃၂ ဘဏ် ကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
- နိုင်ငံခြားငွေတွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer Licence) ကတော့ လိုင်စင်ကိုင်ဆောင်သူကို နိုင်ငံခြားငွေ ရောင်းချတာ၊ ဝယ်ယူတာ နဲ့ လဲလှယ်တာတွေ လုပ်ကိုင်ခွင့် ပေးထားတာ ဖြစ်ပါတယ်။ အဆိုပါလိုင်စင်ကိုလည်း ၃၀.၉.၂၀၁၈ ရက်နေ့အထိ စာရင်းဇယားအရ ပုဂ္ဂလိကအဖွဲ့အစည်းတွေ ဖြစ်တဲ့ ဘဏ် ၄ ခု၊ ဟိုတယ်/မိုတယ်/အင်း နဲ့ ခရီးသွားလုပ်ငန်း ၁ ခု အပါအဝင် ကုမ္ပဏီ ၃၂၈ ခုကို ထုတ်ပေးခဲ့ပါတယ်။
- နိုင်ငံခြားသုံးငွေတွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင် (Foreign Exchange Acceptor & Holder Licence) ဟာ အစိုးရဌာနတွေ၊ သမဝါယမတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို လုပ်ငန်းအလိုက် သက်ဆိုင်ရာဌာနတွေက ထုတ်ပေးထားတဲ့ နိုင်ငံခြားငွေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အပေါ် အခြေခံပြီး ထုတ်ပေးတာ ဖြစ်ပါတယ်။ အဆိုပါလိုင်စင်ကို ထုတ်တာမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ၁၅၀၁ ခု ရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ တွင်တော့ ၈၆၅ ခု ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း ကုန်ပစ္စည်းနဲ့ ဝန်ဆောင်ခတွေကို ပြည်တွင်းသုံးကျပ်ငွေဖြင့် ပေးချေဖို့နဲ့ ငွေသားကိုင်တွယ်တာ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အဆိုပါလိုင်စင်ကို ၂၀၁၅ နှောင်းပိုင်းမှာ ရုပ်သိမ်းခဲ့ပါတယ်။
အစိုးရမူဝါဒ
(၁) နိုင်ငံတော်၏ စီးပွားရေးမူဝါဒ
နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ထဲမှာဆိုရင် မူဝါဒ အမှတ်စဉ် ၈ က “အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေး လုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်မည့် ငွေရေးကြေးရေးစနစ်ဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှုရရှိလာစေရေး ဆောင်ရွက်ရန်” လို့ ဖော်ပြထားပါတယ်။
(၂) မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈ - ၂၀၃၀)
ရည်ညွှန်းနံပါတ် ၃.၅.၄ က “ဘဏ္ဍာရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေ နှင့် နိုင်ငံခြားငွေစီမံခန့်ခွဲရေး ဥပဒေ အတွက် စည်းမျဉ်းစည်းကမ်းနှင့် အစီအစဉ်များ အပါအဝင် တစ်ဆင့် ဘဏ်လုပ်ငန်းကဏ္ဍကို ဆက်လက် ဖြေလျှော့သွားရန်” လို့ ဆိုထားပြီး မဟာဗျူဟာရလဒ်အနေနဲ့ “အားလုံးပါဝင်ခံစားနိုင်သည့် ဘဏ္ဍာရေးရေရှည်တိုးတက်မှု၊ မြီရှင် အခွင့်အရေးနှင့် တောင်းဆိုမှု ရရှိရေး၊ စွန့်စားရမှုကို စီမံခန့်ခွဲမှု စသည်တို့တွင် ဘဏ္ဍာရေးအဖွဲ့အစည်းများ အတွက် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဝန်းကျင် ရှိစေခြင်း” လို့ ဖော်ပြထားပါတယ်။