Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Aug 28, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဒီမိုကရေစီကို အားပေးအားမြှောက်ပြုရမယ့်အစား အများပြည်သူအကြား လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးငြင်းခုန်နေကြတာတွေ နှုတ်ဆိတ်စေဖို့တွက် ပြစ်မှုပြစ်ဒဏ်တွေကို ၎င်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတစ်ဆင့် နောက်ပိုင်းမှာ ခပ်စိတ်စိတ် ဖော်ပြလာနေတာကို တွေ့ရပါတယ်။ "မဲမပေးရေး" လှုပ်ရှားမှုအပေါ် သည်းသည်းမည်းမည်း စိတ်ဝင်စားနေတာ တိတိကျကျ ပြောရရင် အဲ့ဒီလှုပ်ရှားမှုဟာ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး လွဲမှားယုံကြည်နေတာက ရွေးကောက်ပွဲတစ်ခု မကျင်းပမီ တင်ကြိုတည်ရှိရမယ့် လွတ်လပ်တဲ့ အများပြည်သူ ငြင်းခုန်ဆွေးနွေးမှုကို ထိခိုက်စေတဲ့ အန္တရာယ် ကျရောက်လာနေပါတယ်။

ဇူလိုင် ၂၃ ရက် မှ သြဂုတ် ၂၄ ရက်နေ့အတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲဥပဒေကနေ ပုဒ်မတွေကို ပြန်လည်ကူးယူဖော်ပြတာက ၃၅ ကြိမ်တိတိ ရှိသွားပါပြီ။ ပြန်လည်ဖော်ပြဖို့ ရွေးချယ်ခဲ့တဲ့ ပုဒ်မတွေဟာ ရွေးကောက်ပွဲဆိုင်ရာ တားမြစ်ချက်တွေ၊ ပြစ်ဒဏ်တွေနဲ ဆက်စပ်နေပြီး ဥပမာပြရရင် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်ခြင်း၊ လူတစ်ဦးကို မဲမထည့်ဖို့ လာဘ်ထိုး လာဘ်ယူမှု ပြုလုပ်ခြင်း တို့ ဖြစ်ပါတယ်။

အလားတူ ဥပမာ နှစ်ခုကို အောက်မှာ တွေ့နိုင်ပါတယ်။

UEC ၏ နမူနာဖေ့စ်ဘုတ်ပို့စ်များ

အထူးသဖြင့် ပုဒ်မ ၅၈(ဃ) ကို ပြန်လည်တင်ခဲ့တာ အခုဆိုရင် စုစုပေါင်းအကြိမ်ရေ ခြောက် ကြိမ် ရှိလာပါပြီ။ ဒီပုဒ်မဟာ "ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ၊ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်း" တွေအတွက် ပြစ်ဒဏ် ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဒါဟာ လျော့တိလျော့ရဲနိုင်တဲ့ အနက်ဖွင့်ဆိုမှုတစ်ခု ဖြစ်ပါတယ်။

ယခင်ဆောင်းပါးတွေမှာ ဖော်ပြခဲ့သလိုပဲ မဲမပေးဖို့ လူတွေကို ပြောဆိုတာက ဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်ကို အာနန္ဒာအဖွဲ့အနေနဲ့ သဘောမတူပါဘူး။ တကယ်တော့ "မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး" ကို ဥပဒေက ကာကွယ်ပေးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်းဆိုနေတဲ့ ဥပဒေပုဒ်မတွေဟာ မဲပေးမယ့်သူတွေကို မဲမပေးဖို့ ခြိမ်းခြောက်တာနဲ့သာ စပ်ဆိုင်ပြီး မဲပေးသင့် မပေးသင့် ဆိုတဲ့ အများပြည်သူ ငြင်းခုန်ဆွေးနွေးမှုနဲ့ မသက်ဆိုင်ပါဘူး။

"မဲမပေး" ပဲ နေခြင်းကို အာနန္ဒာအဖွဲ့အနေနဲ့ အားမပေးပါဘူး။ နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ ရွေးချယ်မှုတစ်ခုတော့ ပြုလုပ်သင့်တယ် ယူဆပါတယ်။ ဒါပေမယ့် လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူတစ်စုတစ်ဖွဲ့ရဲ့ နိုင်ငံရေးအမြင်မျှဝေပိုင်ခွင့် နဲ့ ငြင်းခုန်ဆွေးနွေးမှုကို စတင်ပိုင်ခွင့်ကိုတော့ ကာကွယ်ပေးရပါမယ်။ အဲ့ဒီအတွက် ပြစ်မှုပြစ်ဒဏ်တွေနဲ့ လူတွေကို ခြိမ်းခြောက်နေမယ့်အစား အာဏာရပါတီအပါအဝင် နိုင်ငံရေးပါတီတွေအနေနဲ့ ၎င်းတို့ အနိုင်ရရင် လူထုအတွက် ဘာလုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်တွေကတဆင့် လူထုကို ယုံကြည်လာအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှပဲ မဲဆန္ဒရှင်တွေအနေနဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေအတွက် ငြင်းခုန်ဆွေးနွေးဖို့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်မှုကို ကျင့်သုံးနိုင်မှာ ဖြစ်သလို သတင်းအချက်အလက်အပေါ် အခြေခံတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကပဲ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရ ဖြစ်ပါတယ်။

အခုစာရေးနေတဲ့အချိန်ထိတော့ ကော်မရှင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာဆိုရင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ပြစ်ဒဏ်တွေအပြင် လူတွေကို မဲထွက်ပေးကြဖို့ လှုံ့ဆော်ထားတဲ့ အပြုသဘောဆောင်တဲ့ ပို့စ်တွေကို တင်ထားတာမှာ ၁၁ ကြိမ်သာရှိပါတယ်။ အဲ့ဒီထဲက သုံးခုက မဲလာပေးကြဖို့ နှိုးဆော်ထားတဲ့ သီချင်းတွေဖြစ်ပြီး ကျန်တာကတော့ မဲစာရင်းကို ဘယ်လို စစ်ဆေးရမယ်ဆိုတဲ့ ပို့စ်တွေ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး မေးချင်တဲ့ ပထမဆုံးမေးခွန်းက ရွေးကောက်ပွဲဥပဒေထဲကနေ ဥပဒေပုဒ်မတွေကို ကူးယူဖော်ပြတာက ပြည်သူတွေကြား ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကို ပိုမိုသိရှိစေဖို့ ထိရောက်တဲ့ နည်းလမ်းလို့ ယုံကြည်နေသလားဆိုပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ဥပဒေတွေက များသောအားဖြင့် ဝေဝေဝါးဝါး ရေးသားတတ်တာကြောင့် စကားရပ်ကို ရှင်းလင်းလာအောင် အများနားလည်နိုင်တဲ့ ပုံစံနဲ့ ပြန်လည်ရေးသားတင်ပြတာမျိုးက ပိုပြီးတော့ သင့်တော်နိုင်ပါတယ်။

ဒုတိယအနေနဲ့ ပိုပြီးအရေးကြီးတဲ့မေးခွန်းကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ "မဲမပေးရေး" လှုပ်ရှားမှုအပေါ် မကြိုက်တဲ့အတွက် လူတွေကို နိုဝင်ဘာရွေးကောက်ပွဲအတွင်း မဲထွက်ပေးဖို့ လုပ်ဆောင်ရာမှာ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေကို ဥပဒေစည်းမျဉ်းတွေ၊ ပြစ်ဒဏ်တွေနဲ့ တရစပ် ထိုးနှက်ခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါသလား။

မြန်မာနိုင်ငံရဲ့ လူထုဟာ မဲပေးခွင့်အတွက်ကို အချိန်ကြာမြင့်စွာနဲ့ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အခြားသော အစိုးရအဖွဲ့အစည်းတွေအားလုံးဟာ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအယူအဆတွေအပေါ် ပြည်သူတွေ လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုန်နေကြတာကို ဝမ်းမြောက်သင့်ပါတယ်။ အဲ့ဒီလိုဖြစ်ရမယ့်အစား ကော်မရှင်ဟာ ချမှတ်နိုင်တဲ့ ငွေဒဏ်၊ ထောင်ဒဏ်တွေနဲ့ ခြိမ်းခြောက်ပြီး ဆန့်ကျင်ဘက်သတင်းစကားကို ပေးပို့နေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ၂၀၁၃ ခုနှစ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အောက်ပါအတိုင်း ဆွေးနွေးခဲ့ဖူးပါတယ်။

"အခုနက ဥပဒေကြမ်းကော်မတီက ပြောသွားတာ ဒီမိုကရေစီနုနယ်သေးတဲ့အချိန်မှာ ပြစ်ဒဏ်ဆိုတာလိုတယ်။ ပြစ်မှု၊ ပြစ်ဒဏ်ဆိုတာ လိုတယ်ဆိုတာ ကျွန်မတို့က ပြောင်းပြန်မြင်ပါတယ်။ ကျွန်မတို့ ဒီမိုကရေစီနုနယ်နေတဲ့အချိန်မှာဆိုလို့ ရှိရင် တရားဥပဒေစိုးမိုးရေးပေါ်ပေါက်ဖို့အတွက် ဥပဒေဆိုတာ ပြည်သူလူထုကို ကာကွယ်ဖို့ဖြစ်တယ်။ ပြည်သူလူထုကို ဒဏ်ပေးဖို့မဟုတ်ဘူးဆိုတာကို ထင်ထင်ရှားရှား အများသိအောင်လုပ်ပေးဖို့လိုပါတယ်။"

ဆွေးနွေးချက် အပြည့်အစုံကို ဒီမှာ ဖတ်နိုင်ပါတယ်။