Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Mar 26, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင်းကနေ ပြင်ဆင်နိုင်ဖို့ ၂၀၁၉ ဇန်နဝါရီ ၂၉ ရက်မှာ ပါတီကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြည်ထောင်စုလွှတ်တော်ကို အရေးကြီးအဆို တင်သွင်းခြင်းနဲ့ စတင်ခဲ့ပါတယ်။ NLD အကြီးအကဲ တစ်ဦးလည်းဖြစ်သူ ဦးအောင်ကြည်ညွှန့်ရဲ့ အဆိုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အဲဒီအဆိုကို ကန့်ကွက်ခဲ့ပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ပူးပေါင်းကော်မတီကို လွှတ်တော်ထဲမှာရှိတဲ့ ပါတီအလိုက် ကိုယ်စားလှယ်အချိုးကျနဲ့ ဖွဲ့စည်းတာဖြစ်တယ်လို့ ကော်မတီ ဖွဲ့စည်းတဲ့နေ့မှာပဲ ပြည်ထောင်စုလွှတ်တော်နာယက က ဆိုထားပါတယ်။ လွှတ်တော်တွင်းမှာ ကော်မတီ ဖွဲ့စည်းမှုတွေကို လွှတ်တော်နာယကက တာဝန်ယူ ဖွဲ့စည်းပေးရတာဖြစ်ပါတယ်။
အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်းအမျိုးမျိုး
ကော်မတီမှာ ပါဝင်ကြတဲ့ ပါတီတွေရဲ့ ဆွေးနွေးမှုတွေကနေတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၃၇၆၆ ချက်ကို စုစည်းပြီး ပြင်ဆင်ရေးပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ရရှိတဲ့ အကြံပြုချက်တွေကို ကော်မတီကပဲ ဥပဒေမူကြမ်းတွေ ထွက်ရှိလာရေးအတွက် ဆက်လက်ဆောင်ရွက်ရာမှာ ပြင်ဆင်မယ့်အချက်တွေကို ဆုံးဖြတ်တဲ့အခါ မဲခွဲတာကို အသုံးပြုခဲ့တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကော်မတီထဲ ပါဝင်တဲ့ တိုင်းရင်းသားပါတီတချို့ နုတ်ထွက်သွားကြပါတယ်။ ကော်မတီ ဖွဲ့စည်းဆောင်ရွက်ပြီး တစ်နှစ်ပြည့်ခါနီးကာလမှာ ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ပုဒ်မ ၄၃၆ (က) နဲ့ စပ်လျဉ်းတဲ့ ဥပဒေမူကြမ်းတစ်ခု၊ ပုဒ်မ ၄၃၆ (ခ) နဲ့ စပ်လျဉ်းတဲ့ ဥပဒေမူကြမ်းတစ်ခုဆိုပြီး မူကြမ်းနှစ်ခုကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။
ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်နေစဉ် ကာလအတွင်းမှာပဲ USDP နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ငါးခုကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် အဲဒီဥပဒေမူကြမ်း ငါးခုကို ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်အတွင်းမှာ ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ကော်မတီရဲ့ ဥပဒေမူကြမ်းနှစ်ခုနဲ့ အတူ ဥပဒေမူကြမ်း ခုနစ်ခုကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြရတာ ဖြစ်ပါတယ်။
ဥပဒေမူကြမ်းဆွေးနွေးမှု
၂၀၂၀ ဖေဖော်ဝါရီလ ၂၅ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေကို စတင်ဆွေးနွေးခဲ့ပါတယ်။ ဥပဒေမူကြမ်း ခုနစ်ခုမှာပါတဲ့ ပြင်ဆင်/ပယ်ဖျက်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ် ၁၄၇ ဦးက ခုနှစ်ရက်တာ ဆွေးနွေးခဲ့ကြပြီး တစ်ဦးချင်း ဆွေးနွေးချိန် ရှစ်မိနစ်စီ ရရှိခဲ့ကြပါတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြင်ဆင်လိုတဲ့အချက်တွေ တင်ပြခဲ့ကြပေမယ့် ပူးပေါင်းကော်မတီက ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခုအနေနဲ့ လွှတ်တော်ထဲ ရောက်ရှိလာတဲ့အချိန်မှာတော့ သူတို့ တင်ပြချက် အနည်းငယ်သာ ပါဝင်လာတော့တဲ့အတွက် ဥပဒေကြမ်းတွေကို ဆွေးနွေးတဲ့အခါမှာ အခက်ကြုံခဲ့ရပါတယ်။ တပ်မတော်သားတွေနဲ့ USDP က တင်သွင်းလာတဲ့ ဥပဒေမူကြမ်းတွေထဲမှာလည်း သူတို့ လိုလားချက်တွေကို ပုံဖော်ပေးနိုင်လောက်တဲ့ အခြေအနေမျိုးကို မရရှိနိုင်ပြန်ပါဘူး။
ဒါပေမယ့် ပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းလာတဲ့ ဥပဒေမူကြမ်းနှစ်ခုမှာ NLD နဲ့ တိုင်းရင်းသားပါတီတွေရဲ့ တူညီတဲ့ ပြင်ဆင်ချက်အချို့ ပါရှိသလို ကျန်ဥပဒေကြမ်း ငါးခုမှာလည်း တိုင်းရင်းသားပါတီတွေ လိုလားတဲ့ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ ရွေးချယ်ခန့်အပ်ခြင်းဆိုင်ရာစတာတွေတော့ ပါဝင်တာ တွေ့ရပါတယ်။ ဒီအတွက်ကြောင့် ဥပဒေမူကြမ်း ခုနစ်ခုကို ပြည်ထောင်စုလွှတ်တော်ထဲ ဆွေးနွေးတဲ့အခါမှာ သက်ဆိုင်ရာ အကျိုးစီးပွားအလိုက် အစုအဖွဲ့ သုံးဖွဲ့ ရှိတယ်လို့ ဆိုရပါမယ်။ NLD၊ တိုင်းရင်းသားပါတီတွေ၊ တပ်မတော်သားနဲ့ USDP ဆိုပြီး ခွဲကြည့်လို့ ရပါတယ်။
ပြင်ဆင်ရေးအတွက် ဆွေးနွေးမှုတွေအရ NLD ကိုယ်စားလှယ်တွေက ပြင်ဆင်ရေးပူးပေါင်းကော်မတီကိုယ်စား ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်းနှစ်ခုကို ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်သားတွေနဲ့ USDP ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ ဥပဒေမူကြမ်း ငါးခုကို ယေဘုယျ ကန့်ကွက်ဆွေးနွေးခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တပ်မတော်သားတွေနဲ့ USDP ကိုယ်စားလှယ်တွေကတော့ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ ဥပဒေမူကြမ်းနှစ်ခုကို ကန့်ကွက်ဆွေးနွေးပြီး ကျန် ဥပဒေကြမ်း ငါးခုကို ထောက်ခံဆွေးနွေးတယ်လို့ ယေဘုယျ ဆိုရမှာဖြစ်ပါတယ်။ တိုင်းရင်းသားပါတီကိုယ်စားလှယ်တွေကတော့ ဥပဒေကြမ်း ၇ ခုစလုံးထဲက သူတို့လိုလားချက်နဲ့ ကိုက်ညီတာတဲ့အချက်တွေကို ထောက်ခံဆွေးနွေးခဲ့ကြတယ်လို့ ယေဘုယျ ဆိုနိုင်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘယ်ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်နိုင်ခဲ့လဲ
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း (၁) နိုင်ငံတော်အခြေခံမူများအခန်းမှာ ပါရှိတဲ့ "မသန်မစွမ်း" ဆိုတဲ့ စကားရပ်ကို "မသန်စွမ်း" လို့ ပြင်ဆင်ခြင်း၊ "အိုမင်းမစွမ်း" ဆိုတဲ့ စကားရပ်ကို "သက်ကြီးရွယ်အို"လို့ ပြင်ဆင်ခြင်း၊ အခန်း (၅) အုပ်ချုပ်ရေးအခန်းမှာ ပါရှိတဲ့ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးတွေ ခန့်အပ်ခြင်းဆိုင်ရာမှာ ပါရှိတဲ့ "သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ" ဆိုတဲ့ စကားရပ်ကို ပယ်ဖျက်ခြင်းနဲ့ အခန်း (၇) တပ်မတော်အခန်းမှာ ပါရှိတဲ့ "မသန်မစွမ်း"ဆိုတဲ့ စကားရပ်ကို "မသန်စွမ်း"လို့ ပြင်ဆင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ပြင်ဆင်ရေးအတွက် ဘာတွေက အဆီးအတားဖြစ်နေလဲ
ဥပဒေပြဋ္ဌာန်းချက်အရဆိုရင် အတားအဆီးက မဲအရေအတွက် ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ လိုအပ်ပြီး ၂၅ ရာခိုင်နှုန်းက တပ်မတော်သားကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုတာမှာ သူတို့ရဲ့ ထောက်ခံမဲ လိုအပ်တယ်ဆိုတာကို အထူးပြောစရာမလိုတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီအချက်က ဥပဒေအရ အဆီးအတားဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကျန်တဲ့ အဆီးအတားတွေရော ရှိနေသေးလားဆိုတာကို ဆက်လက်ဆန်းစစ်ဖို့ လိုပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအစုအဖွဲ့အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ကို ပြင်ဆင်ရမယ်လို့ ဘဘောတူထားပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တာကာလကို ပြန်ကြည့်ရင် တပ်မတော်ကာကွယ်ရေးဦစီးချုပ်လည်း ဒီအချက်ကို ထုတ်ဖော်ပြောဆိုထားတာကို တွေ့ရတာဖြစ်ပါတယ်။ အဲဒီလို ပြင်ဆင်ကြရမယ်လို့ ပြောခဲ့ကြပြီးမှ လက်ရှိပြင်ဆင်နိုင်ခဲ့တဲ့ အချိန်မှာ "စကားရပ်" ပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်အချို့ကိုပဲ ပြင်ဆင်နိုင်ခဲ့ပါတယ်။ ပြင်ဆင်နိုင်ခဲ့တဲ့အထဲက "မသန်စွမ်း" ဆိုတဲ့ စကားရပ်နဲ့ "သက်ကြီးရွယ်အို"ဆိုတဲ့ စကားရပ်တွေက လူ့အဖွဲ့အစည်းရဲ့ ပေါင်းစုံပါဝင်မှုကို အသိအမှတ်ပြုခြင်းဖြစ်တဲ့အတွက် အရေးပါပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရကတည်းက ဖြစ်တည်လာခဲ့တဲ့ ပြည်တွင်းပဋိပက္ခတွေကို ပြေလည်စေမယ့် ဖြေရှင်းချက်အဆင့်ထိတော့ အခု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက ခရီးမရောက်ခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် ဖြစ်နိုင်တဲ့ အဆီးအတားက အဓိက အရေးပါတဲ့ အင်အားစုတွေကြား နိုင်ငံရေးဆိုင်ရာ ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့တာနဲ့ ညှိနှိုင်းမှု အားနည်းခဲ့တာကြောင့်လို့ ဆိုနိုင်ပါတယ်။
အရေးကြီးအဆို တင်သွင်းခဲ့တဲ့ အချိန်တုန်းက နိုင်ငံရေးအင်အားစု အသီးသီးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ်လို့ ဆိုခဲ့ကြတဲ့အတွက် အဲဒီအချိန်ကစပြီး လိုချင်တဲ့ ရလဒ်တွေရရှိဖို့ ညှိနှိုင်းနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ လွှတ်တော်တွင်းမှာ ဥပဒေမူကြမ်းတွေ တင်သွင်းဆွေးနွေးချိန်မှာတော့ ပြင်ဆင်/ပယ်ဖျက်ချက်တွေကိုပဲ ဆွေးနွေးရတော့တဲ့အတွက် ညှိနှိုင်းနိုင်တဲ့ အခွင့်အရေး ကုန်ဆုံးသွားပါတယ်။ အကြောင်းကတော့ ဥပဒေမူကြမ်းပါ ပြင်ဆင်/ပယ်ဖျက်ချက်တွေနဲ့ ပတ်သက်ပြီး ထောက်ခံ/ကန့်ကွက်ကိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဆောင်ရွက်ရတော့တာကြောင့် ဖြစ်ပါတယ်။ ဒီအတွက် လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေမူကြမ်းတွေ တင်သွင်းဆွေးနွေးခြင်း မပြုမီမှာ ပြင်ဆင်လိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးမှာ အဓိကကျတဲ့ အင်အားစုတွေရဲ့ ခေါင်းဆောင်တွေက အရင် ဆွေးနွေးကြဖို့ လိုအပ်ပါတယ်။ နောက်ပြီးမှသာ ဥပဒေပိုင်းဆိုင်ရာတွေ၊ စကားရပ်ပိုင်းဆိုင်ရာတွေကို လွှတ်တော်တွင်းက ကိုယ်စားလှယ်တွေအကြား ဆွေးနွေးပြီး ဥပဒေမူကြမ်း ထွက်ရှိလာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်သလို အဲဒီကနေမှတဆင့် နိုင်ငံရေးအရ ယုံကြည်မှု တည်ဆောက်ခြင်းလည်း အားကောင်းလာမှာ ဖြစ်ပါတယ်။
ကုန်ဆုံးခဲ့ရတဲ့ ငါးနှစ်တာ
အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပါတီတွေ ပါဝင်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)၊ ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း (၁၊ ၂) စသဖြင့် ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထိ သဘောတူညီမှုတွေကို ရရှိခဲ့ပြီးတာတွေ ရှိပါတယ်။ အခြေအနေအချို့ကြောင့် အဲဒီငြိမ်းချမ်းရေးခရီးလမ်းဟာ ခေတ္တအရှိန်ရပ်သွားတဲ့အချိန်ကာလ နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးအောင်ကြည်ညွှန့်က အရေးကြီးအဆို တင်သွင်းလာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီအချို့နဲ့ နိုင်ငံရေးဝေဖန်သုံးသပ်သူအချို့ကတော့ ရွေးကောက်ပွဲနီးကပ်လာချိန်ဖြစ်တဲ့အတွက် NLD က သူပေးထားတဲ့ ကတိကို လုပ်ဆောင်နေပါတယ်ဆိုတာ သက်သေပြနိုင်ဖို့ ကြိုးပမ်းနေတာလို့ ဝေဖန်သုံးသပ်ကြပါတယ်။ NLD ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ရာကစလို့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအထိ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုပြီး ကတိကဝတ် ထားရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီအရေးကိစ္စတွေဟာလည်း တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတာဖြစ်ပြီး NLD ကို အဲဒီကိစ္စတွေ အောင်မြင်အောင် လုပ်နိုင်ပြီလား ဒါမှမဟုတ် အဲဒီအတွက် အခြေခံကောင်းတွေ တည်ဆောက်ပြီးပြီလားလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ခရီးတွေဟာ ရေရည်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဖြစ်လို့ အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီလားလို့ မေးခွန်းထုတ်ရင်တော့ NLD အတွက် တရားမျှတတဲ့ မေးခွန်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စရပ်တွေအတွက် အခြေခံကောင်းတွေ တည်ဆောက်နိုင်ပြီလားဆိုတဲ့ မေးခွန်းက မေးထိုက်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အခြေခံကောင်းတွေထဲကမှ အခြေခံတစ်ခုဖြစ်တဲ့ "ယုံကြည်မှုတည်ဆောက်ခြင်း" ဆိုတာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် အရေးကြီးလှပါတယ်။
NLD က အရေးကြီးအဆို စတင်တင်သွင်းခဲ့ချိန်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွေကို မဲခွဲဆုံးဖြတ်ခြင်း မပြုမီအထိ အချိန်ကာလအားဖြင့် ပြင်ဆင်ရေးပူးပေါင်းကော်မတီထံမှာ တစ်နှစ်နဲ့ လွှတ်တော်ရဲ့ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးကြတာ ခုနစ်ရက် ကြာမြင့်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီ တစ်နှစ်ကျော်ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး NLD ဟာ စစ်တပ်နဲ့ ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိသလို တိုင်းရင်းသားပါတီအချို့နဲ့လည်း ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိဘူးလို့ ပြောရမှာပါ။ NLD ဟာ လွှတ်တော်မှာ နေရာအများဆုံး ရရှိခဲ့ပေမယ့် တခြားနိုင်ငံရေးအင်အားစုတွေနဲ့ "ယုံကြည်မှု တည်ဆောက်ခြင်း" ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
အချုပ်ဆိုရမယ်ဆိုရင် NLD ဟာ အစိုးရအဖြစ် တာဝန်ယူချိန်ကစပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးတို့ အတွက် NCA လမ်းကြောင်းနဲ့ ဆောင်ရွက်ခဲ့သလို လွှတ်တော်တွင်းကလည်း ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့တော့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ဦးဆောင်ဆောင်ရွက်နေတဲ့ NCA လမ်းကြောင်းကလည်း လက်ရှိ ငါးနှစ်ပြည့်ခါနီးအချိန်ကာလထိ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရေးမှာရုန်းကန်နေရသလို လွှတ်တော်တွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တစ်နှစ်တာကြိုးပမ်းခဲ့မှုဟာလည်း လက်ရှိရလဒ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။
လှမျိုးကျော်ရေးသားသည်။