Posted in ဥပဒေရေးရာ သုတေသန on May 21, 2020
ဥပဒေကြမ်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တင်သွင်းလာတာဖြစ်ပြီး အတည်ပြုနိုင်ခဲ့ရင် မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းမှုရောဂါပိုးရှိသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ ပထမဆုံး ဥပဒေတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီစာစုမှာတော့ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက် (ဥပဒေကြမ်း မိတ်ဆက်နှင့် အနှစ်ချုပ်ကို ဤနေရာတွင် ဖတ်ပါ) တွေကို ဥပဒေပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်ဆန်းစစ်သွားမှာ ဖြစ်ပြီး အခြားဥပဒေတွေနဲ့ ဝိရောဓိဖြစ်နိုင်တဲ့ အချက်တွေကိုလည်း လေ့လာဖော်ပြသွားမှာ ဖြစ်ပါတယ်။
ရောဂါပိုးရှိသူရဲ့ အခွင့်အရေးကို ကာကွယ်ခြင်း
ဥပဒေကြမ်းဟာ ရောဂါပိုးရှိသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးပြီး ကျန်းမာစွာ အသက်ဆက်လက်ရှင်သန်ခွင့်၊ ပညာဆည်းပူးခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရရှိဖို့ ရည်ရွယ်ထားပါတယ်။ ဒီရည်ရွယ်ထားချက်ကို ရရှိစေဖို့အတွက်လည်း ပြဋ္ဌာန်းချက်တွေ ပါရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပြဋ္ဌာန်းချက်တွေမှာ အားနည်းချက်တွေ ရှိနေပြီး ဥပမာအားဖြင့်ဆိုရင် ရောဂါပိုးရှိသူရဲ့ အခြားအခွင့်အရေးကို ကာကွယ်ပေးထားခြင်း မရှိဘူး ဆိုတဲ့ အချက် ဖြစ်ပါတယ်။
နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
ဥပဒေကြမ်းရဲ့ ပုဒ်မ ၇ (က) မှာ ရောဂါပိုးရှိသူဟာ ရောဂါပိုးရှိကြောင်း သိရှိရင် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို ခံယူဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ နှစ်သိမ့်ဆွေးနွေးပညာပေးရာမှာ ရောဂါပိုးရဲ့ သဘာဝ၊ စစ်ဆေးချက်ရလဒ်၊ ကုထုံးနဲ့ ရောဂါပိုးကူးစက်မှုအန္တရာယ် လျှော့ချရေးနည်းလမ်းတွေအတွက် တိုင်ပင်ဆွေးနွေးအကြံပေးတာဟာ အလွန်ပဲ အရေးကြီးတဲ့ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။ နောက်ပြီး ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်ဖို့အတွက် နှစ်သိမ့်ဆွေးနွေးခြင်းဟာ တန်ဖိုးရှိပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်ဖို့အတွက် အထောက်အပံ့နဲ့ပတ်သက်ရင် ရောဂါပိုးရှိသူရဲ့ ရွေးချယ်မှုပဲ ဖြစ်သင့်ပါတယ်။ ဒီအချက်ကို တာဝန်အဖြစ် သတ်မှတ်မယ့်အစား နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို လိုအပ်ရင် အဆင်သင့် ရရှိနိုင်ဖို့အတွက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေကိုသာ တာဝန် သတ်မှတ်ပေးထားသင့်ပါတယ်။
ရောဂါပိုးကူးစက်ခံရကြောင်း ထုတ်ဖော်ပြောဆိုခြင်း
ရောဂါပိုးရှိသူဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာမှာ လိုအပ်ရင် ရောဂါပိုးကူးစက်ခံနေရကြောင်း ထုတ်ဖော်ပြောဆိုဖို့ တာဝန်ရှိတယ်လို့ ဥပဒေကြမ်း ပုဒ်မ ၇ (ဃ) က ဆိုထားပါတယ်။ ဒီနေရာမှာ “လိုအပ်ပါက” ဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်နေပါတယ်။ အဲ့ဒီအခြေအနေကို ဘယ်သူက သတ်မှတ်ဖို့ အခွင့်အာဏာ ရှိသလဲ။ တကယ်လို့များ ရောဂါပိုးရှိတယ်လို့ သံသယရှိတဲ့ လူနာက ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ရင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှာ ကျန်းမာရေးဝန်ဆောင်မှုပေးဖို့ ငြင်းဆိုခွင့်အာဏာ ရှိသင့်သလား။
ခွဲခြားဆက်ဆံမှု
ဥပဒေကြမ်း ပုဒ်မ ၉ မှာ အချုပ်နဲ့ ထောင်ဒဏ်ကျခံနေရသူတွေဟာ ရောဂါပိုးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သတ်မှတ်ချက်နဲ့အညီသာ ရပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီပြဋ္ဌာန်းချက်က ဆေးထိုးအပ်၊ ဆေးထိုးပြွန်ဖြန့်ဝေပေးခြင်း၊ သိမ်းဆည်းပေးခြင်း အစီအစဉ်နဲ့ မူးယစ်ဆေးအစားထိုးကုထုံးအပါအဝင် မူးယစ်ဆေးသုံးစွဲသူတွေအတွက် အန္တရာယ်လျှော့ချရေး ဝန်ဆောင်မှုတွေ ရယူသုံးစွဲခွင့်တွေနဲ့ ဆက်စပ်ပြီး ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြဋ္ဌာန်းချက်ဟာ ရောဂါပိုးရှိသူချင်းကြားမှာ ခွဲခြားဆက်ဆံခံရသလိုမျိုး ဖြစ်စေတဲ့ ပြဋ္ဌာန်းချက် ဖြစ်နေပါတယ်။ နောက်ပြီး တားမြစ်ချက် ပုဒ်မ ၂၀ (ဂ) ဖြစ်တဲ့ အချုပ်ခန်းနဲ့ အကျဉ်းထောင်တွေမှာ လူမှုရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ရရှိခံစားခွင့်ကို ငြင်းပယ်၊ ကန့်သတ်ခြင်း မပြုရ ဆိုတဲ့ အချက်တွေနဲ့ ဖီလာ ဖြစ်နေပါတယ်။
ရောဂါပိုး ရှိမရှိ စစ်ဆေးတာနဲ့ပတ်သက်ပြီး ရောဂါပိုးစစ်ဆေးခံရမယ့် သူဟာ မသန်စွမ်းသူတစ်ဦးဖြစ်ရင် အိမ်ထောင်ဖက်၊ မိဘ၊ မိသားစုဝင် ဒါမှမဟုတ် အနီးစပ်ဆုံးဆွေမျိုး စတဲ့ သူတွေရဲ့ သဘောတူညီချက်ကို စာဖြင့် ရယူရမယ်လို့ ပုဒ်မ ၁၅ (ဂ) မှာ ဆိုထားပါတယ်။ မသန်စွမ်းသူများရဲ့ အခွင့်အရေး ဥပဒေ (၂၀၁၅) မှာ မသန်စွမ်းသူကို “မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်း အားနည်းချက်များကို ရေရှည်ခံစားနေရသူ” ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဥပဒေကြမ်းမှာ ပါတဲ့ အထက်ပါ ပုဒ်မဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ခွဲခြားသတ်မှတ်ခြင်း မရှိတာကြောင့်၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက် ရှိသူတွေဟာလည်း ဆုံးဖြတ်ချက်ချမှတ်ရာမှာ ၎င်းတို့ကိုယ်စား မိသားစုဝင်တွေရဲ့ သဘောတူညီချက် လိုအပ်တယ်လို့ ဆိုလိုရာ ရောက်နေပါတယ်။ အဲဒီအစား ဥပဒေကြမ်းဟာ တခြားသူရဲ့ သဘောတူညီချက်ကို ရယူဖို့ လိုအပ်တဲ့ အခြေအနေတွေကို တိတိကျကျ သတ်မှတ်သင့်ပါတယ်။
သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်း
ပုဒ်မ ၁၀ (ခ) နဲ့ (ဂ) မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူအနေနဲ့ အခြားကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ရောဂါပိုးနဲ့ဆက်စပ်တဲ့ သတင်းအချက်အလက် ထုတ်ဖော်ပြောဆိုခွင့်ကို သတ်မှတ်ပေးထားပါတယ်။ ရောဂါပိုးစစ်ဆေးခံသူရဲ့ အကျိုးအတွက်၊ ကုသမှု၊ ပြုစုစောင့်ရှောက်မှု၊ နှစ်သိမ့်ဆွေးနွေးပညာပေးမှုနဲ့ အခြားကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ လိုအပ်တာအတွက်၊ နဲ့ မိခင်မှ ကလေးဆီ ရောဂါပိုး မကူးစက်စေရန် ကာကွယ်ဖို့အတွက် ဆိုကာ ခွင့်ပြုပေးထားပြီး၊ ထုတ်ဖော်မပြောဆိုခင် ကာယကံရှင်ကို ကြိုတင်အသိပေးရမယ်လို့ ဆိုထားပါတယ်။ ဒီအချက်ဟာ ပုဂ္ဂိုလ်တစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ချိုးဖောက်ရာ ရောက်နေပါတယ်။ ဒါကြောင့် ကာယကံရှင်ကို ကြိုတင်အသိပေးချက်ဆိုတာထက် ခွင့်ပြုချက်ရရှိမှသာ အခြားကျန်းမာရေးစောင့်ရှောက်မှုပေးသူကို သတင်းအချက်အလက် ထုတ်ဖော်ပြောဆိုသင့်ပါတယ်။
ရောဂါပိုးနဲ့ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ ထုတ်ဝေဖြန့်ချိခြင်း မပြုရလို့ ပုဒ်မ ၂၆ မှာ ဆိုထားပါတယ်။ ရောဂါပိုးနဲ့ဆက်စပ်တဲ့ သတင်းအချက်အလက် ကို ဥပဒေကြမ်းက အဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ သူတစ်ဦးဟာ ရောဂါပိုးရှိသူ ဖြစ်ကြောင်း ဒါမှမဟုတ် ရောဂါပိုး ရှိမရှိ စစ်ဆေးခံပြီးသူဖြစ်ကြောင်း အချက်အလက်၊ သူတစ်ဦးရဲ့ လိင်ဝိသေသလက္ခဏာ၊ လိင်စိတ်ခံယူမှု အချက်အလက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လိင်လုပ်သားဖြစ်ခြင်း အချက်အလက် ဆိုပြီး ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကြည့်ရင် ဒါဟာ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အချက်အလက် ဖြစ်နေပါတယ်။ ဒီလို ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်တွေကို သက်ဆိုင်ရာ ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ဝေဖြန့်ချိခွင့်ရှိတယ်ဆိုတာ စိုးရိမ်စရာ ကောင်းလှပါတယ်။
လူမှုပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် ဖန်တီးခြင်း
ဥပဒေကြမ်းဟာ ရောဂါကူးစက်မှု တားဆီးကာကွယ်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ရောဂါပိုးရှိသူတွေနဲ့အတူ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပြီး လူမှုပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေဖို့ ဆိုပြီး ရည်ရွယ်ထားတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဒီရည်ရွယ်ချက်တွေကို ရောက်ရှိဖို့ ပြဋ္ဌာန်းချက်တွေမှာ အားနည်းချက် ရှိနေပါတယ်။
ကော်မတီအဆင့်ဆင့် ဖွဲ့စည်းပုံ
ပုဒ်မ ၆ (ခ) ဟာ အမျိုးသားကော်မတီက ဖွဲ့စည်းပေးမယ့် ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းခြင်းနဲ့ သက်ဆိုင်ပါတယ်။ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားအဆင့်ကော်မတီမှာ ခုခံအားကျဆင်းမှုရောဂါတားဆီးကာကွယ်ရေးနဲ့ ရောဂါပိုးရှိသူတွေ၊ ဆက်နွယ်ထိခိုက်ခံရသူတွေဆိုင်ရာ လုပ်ငန်းတွေမှာ စိတ်ပါဝင်စားတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်လေးဦး ပါဝင်ပါတယ်။ ဒါပေမယ့် တိုင်းဒေသကြီး/ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေ အပါအဝင် ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းရာမှာတော့ လူထုအခြေပြုအဖွဲ့တွေ ထည့်သွင်းဖွဲ့စည်းရမယ်လို့ ဆိုမထားပါဘူး။ ဒါဟာ အထက်ပါ ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်လာစေဖို့ကိုတောင် အထမမြောက်စေနိုင်တဲ့အပြင် အနည်းဆုံးစံထားရမယ့် ကာယကံရှင်တွေကိုယ်တိုင် ပါဝင်ရေးကိုတောင် ပြစ်ပြယ်ရာ ကျနေတယ်လို့ ဆိုလိုရာ ရောက်နေပါတယ်။ အဲဒီအစား ဒေသတွင်း မူဝါဒတွေ ချမှတ်ရာမှာ ပါဝင်နိုင်ဖို့ ကော်မတီအဆင့်ဆင့်တိုင်းမှာ ရောဂါပိုးရှိသူတွေ၊ ဆက်နွယ်ထိခိုက်ခံရသူတွေ နဲ့ ရောဂါပိုးကူးစက်ခံရဖို့ အန္တရာယ်များသူတွေကို ထည့်သွင်းပါဝင်စေသင့်ပါတယ်။
လိင်ဆက်ဆံဘက်ရဲ့ သတင်းရပိုင်ခွင့်
ရောဂါပိုးရှိသူဟာ ပိုးရှိကြောင်းကို ဇနီး၊ ခင်ပွန်း၊ ဇနီးလောင်း၊ ခင်ပွန်းလောင်းကို ဖွင့်ဟပြောဆိုဖို့ တာဝန်ရှိတယ်လို့ ပုဒ်မ ၈ (က) (၉) မှာ ဖော်ပြထားပေမယ့် လိင်ဆက်ဆံဖက်နဲ့ပတ်သက်ရင်တော့ သတ်မှတ်ထားတဲ့ အခြေအနေ တစ်ရပ်အောက်မှာ ပြောကြားနိုင်တယ်လို့ ပုဒ်မ ၁၁ က ဆိုပါတယ်။ သတင်းအချက်အလက်ဆိုတာ အကျိုးဆက်စပ်သူတွေအားလုံးအတွက် လွတ်လွတ်လပ်လပ် စီးဆင်းသင့်ပါတယ်။ ဇနီး ဒါမှမဟုတ် ခင်ပွန်းမှာသာ သိပိုင်ခွင့် ရှိတာလိုမျိုးက မဖြစ်သင့်ပါဘူး။ အတွင်းရေးအဖြစ် ထားပိုင်ခွင့်နဲ့ အကျိုးဆက်စပ်သူတွေရဲ့ ကျန်းမာရေးအကြား မျှခြေ ဖြစ်အောင် လုပ်သင့်ပါတယ်။ ပိုဆိုးတာက လိင်ဆက်ဆံဖက်ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ “တရားဝင်အိမ်ထောင်ဖက်”လည်း ပါဝင်တယ်လို့ ဆိုထားတာကြောင့် ပြဋ္ဌာန်းချက်တွေက အချင်းချင်း ဝိရောဓိ ဖြစ်နေတာကိုလည်း တွေ့နိုင်ပါတယ်။
အလုပ်အကိုင်နဲ့စပ်လျဉ်းသမျှ
ပုဒ်မ ၂၀ (က) မှာ ရောဂါပိုးရှိသူ၊ ဆက်နွယ်ထိခိုက်ခံရသူ နဲ့ ရောဂါပိုးကူးစက်ခံရဖို့ အန္တရာယ်များသူတွေအပေါ် အလုပ်အကိုင်နဲ့ စပ်လျဉ်းပြီး ရှောင်ကြဉ်ရမယ့် ပြုမူဆောင်ရွက်ချက်တွေကို ဖော်ပြထားပါတယ်။ အမျိုးသားကော်မတီက သတ်မှတ်ထားတဲ့ ဌာနတွေအတွက်တော့ ခြွင်းချက်ပေးထားပါတယ်။ ဒါပေမယ့် စဉ်းစားစရာအချက်က အဲ့ဒီ သတ်မှတ်ထားတဲ့ ဌာနတွေအနေနဲ့ လုပ်ငန်းခွင်မှ အတင်းအကြပ် ပြောင်းခိုင်းတာ၊ ရာထူးတိုးဖို့ ငြင်းဆန်တာ၊ သင်တန်းတက်ရောက်ခွင့် မပြုတာ နဲ့ တရားဝင်အကျိုး ခံစားခွင့်တွေကို အာမခံဖို့ ပျက်ကွက်တာတွေကို လုပ်ဆောင်နိုင်တဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ ဒီလို ရာထူးတိုးဖို့ ငြင်းဆန်ဖို့နဲ့ တရားဝင်အကျိုးခံစားခွင့် ရုပ်သိမ်းဖို့ အခွင့် ပေးထားတာဟာ လူ့ဂုဏ်သိက္ခာကို လွန်စွာမှ ထိခိုက်စေတယ် ဆိုတာကို သတိမူသင့်ပါတယ်။ ဒါဟာ လူမှုဝန်းကျင်ကောင်းကို ဖန်တီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။
အခြားဥပဒေတွေနဲ့ သက်ဆိုင်စစ်ဆေးရမယ့် ပြဋ္ဌာန်းချက်များ
ပုဒ်မ ၈
ပုဒ်မ ၈ (က) နဲ့ (ခ) ပါ ပြဋ္ဌာန်းချက်တွေထဲမှာ "ဆေးထိုးအပ်၊ ဆေးထိုးပြွန်ဖြန့်ဝေခြင်း၊ သိမ်းဆည်းပေးခြင်း အစီအစဉ်နဲ့ မူးယစ်ဆေး အစားထိုးကုထုံးအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲသူတွေအတွက် အန္တရာယ်လျော့ချရေး ဝန်ဆောင်မှုတွေ ရယူသုံးစွဲခွင့်" ဆိုတာကို ရောဂါပိုးရှိသူ၊ ဆက်နွယ်ထိခိုက်ခံရသူနဲ့ ရောဂါပိုးကူးစက်ခံရဖို့ အန္တရာယ်များသူတွေရဲ့ ရပိုင်ခွင့်အဖြစ် ပေးထားပါတယ်။ ဒီအချက်တွေက တည်ဆဲဥပဒေဖြစ်တဲ့ မူးယစ်းဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေနဲ့ ဝိရောဓိဖြစ်မဖြစ် ချင့်ချိန်ရမှာ ဖြစ်ပြီး တကယ်လို့ ဖြစ်ခဲ့ရင် မူးယစ်ဆေးဝါးသူစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးကို ရှေးရှုပြီး တည်ဆဲဥပဒေကို ပြင်သင့်ရင် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
ပုဒ်မ ၁၈
သွေးသွင်းဖို့ လှူဒါန်းတဲ့ သွေးနဲ့ သွေးပစ္စည်းတွေကို ရောဂါပိုးရှိမရှိ စစ်ဆေးရာမှာ သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေဟာ သွေးနဲ့ သွေးပစ္စည်းဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာရမယ်လို့ ဒီပုဒ်မက ပြဋ္ဌာန်းပေးထားပါတယ်။ စဉ်းစားစရာက ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်နဲ့ပတ်သက်လာရင် ဘယ်ပြဋ္ဌာန်းချက်ကို လိုက်နာရမလဲ ဆိုတာ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တွေကိုပဲ လိုက်နာရမလား။ ဒါမှမဟုတ် သွေးနဲ့ သွေးပစ္စည်းဆိုင်ရာ ဥပဒေနဲ့အညီပဲ လုပ်ဆောင်ရမလား။ သွေးနဲ့ သွေးပစ္စည်းဆိုင်ရာ ဥပဒေနဲ့အညီပဲ လုပ်ဆောင်ရမယ်ဆိုရင် အဲ့ဒီဥပဒေမှာ သတင်းအချက်အလက် လုံခြုံမှုနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက် ပါရှိရဲ့လား ဆိုတာကို သက်ဆိုင်စစ်ဆေးရပါမယ်။
ပုဒ်မ ၂၅ (ခ)
ဥပဒေကြမ်းထဲမှာ လိင်ဝိသေသလက္ခဏာ၊ လိင်စိတ်ခံယူမှု၊ လိင်လုပ်သားဆိုတဲ့ စကားရပ်တွေကို အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာ ထည့်သွင်းထားပါတယ်။ ဒါဟာ အခွင့်အရေးနဲ့ပတ်သက်လာရင် ကြီးမားတဲ့ တိုးတက်လာမှု တစ်ခုလို့ ဆိုနိုင်ပါတယ်။ တစ်ဖက်မှာလည်း ခွဲခြားမှု ဖြစ်စေနိုင်တဲ့ ပြဋ္ဌာန်းချက် ရှိနေပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူသုံးစွဲရာမှာ လိင်ဝိသေသလက္ခဏာ၊ လိင်စိတ်ခံယူမှု၊ လိင်လုပ်သားဖြစ်ခြင်းတွေကို အကြောင်းပြုပြီး ဥပဒေနဲ့အညီမှအပ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းချုပ်နှောင်ခြင်း၊ အနှောက်အယှက်ပေးခြင်း၊ ဟန့်တားခြင်းနဲ့ ကန့်သတ်ခြင်းတွေ မပြုလုပ်ရလို့ ပုဒ်မ ၂၅ (ခ) က ဆိုထားပါတယ်။ ဒါဟာ တစ်ဖက်မှာ ရောဂါပိုးရှိသူရဲ့ ရပိုင်ခွင့်ကို ပေးအပ်ထားပေမယ့် တခြားတစ်ဖက်မှာ အဲဒီရပိုင်ခွင့် ရယူနေချိန်မှာပဲ ဥပဒေနဲ့အညီ ဖမ်းဆီး ထိန်းသိမ်း ဟန့်တားနိုင်တယ်လို့ ဆိုလိုရာ ရောက်နေပါတယ်။ နောက်ပြီး “ဥပဒေနှင့်အညီမှတစ်ပါး” ဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီးလည်း လက်ရှိမြန်မာနိုင်ငံမှာ လိင်လုပ်သားတွေကို တရားဝင် ဥပဒေနဲ့ ခွင့်ပြုထားခြင်း မရှိသေးတာကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
လက်ရှိအချိန်မှာ လိင်လုပ်သားတွေအတွက် ဥပဒေကြမ်းရေးဆွဲနေတယ်လို့ သိရတာကြောင့် လိင်လုပ်သားနဲ့ပတ်သက်တဲ့ ပေါ်လာတော့မယ့် ဥပဒေနဲ့ ကိုက်ညီမှု မရှိရင် ဒီဥပဒေကြမ်းဟာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရှိလာစေနိုင်ပါတယ်။ ဒါကြောင့် ပြည်တန်ဆာနှိပ်ကွပ်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ စတဲ့ သက်ဆိုင်ရာ ဥပဒေတွေနဲ့ သက်ဆိုင်စစ်ဆေးသင့်တဲ့အပြင် လိုအပ်ပါက အဲဒီဥပဒေတွေကို လူသားအားလုံး တန်းတူညီမျှတယ်ဆိုတဲ့ အခြေခံနိယာမအပေါ် အခြေခံပြီး ပြင်ဆင် ဖျက်သိမ်း အသစ် ပြဋ္ဌာန်းတာတွေကို အချိန်မနှေးဘဲ လုပ်ဆောင်သင့်ပါတယ်။ ဒီလို ဆက်စပ်ဥပဒေတွေကြား တသမတ်တည်း ဖြစ်နေဖို့ဆိုတာဟာလည်း လွှတ်တော်တစ်ရပ်၊ ဥပဒေပြုအမတ်တွေရဲ့ အခြေခံအကျဆုံး လုပ်ငန်းဆောင်တာသာ ဖြစ်ပါတယ်။