Posted in ဥပဒေရေးရာ သုတေသန on May 13, 2020

ဥပဒေကြမ်းကို ၂၃.၀၃.၂၀၂၀ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတာကို တွေ့နိုင်ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၂၁၊ ၂၂၊ ၂၃ နဲ့ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာမှာ အများပြည်သူ လေ့လာသိရှိ အကြံပြုနိုင်ဖို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအခြေအနေ (၁၃.၀၅.၂၀၂၀) – လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။


(၁) ဥပဒေကြမ်းမိတ်ဆက်

UNAIDS ရဲ့ ခန့်မှန်းချက်အရ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းမှုရောဂါပိုး ကူးစက်ခံရထားသူ ၂၄၀,၀၀၀ ရှိတယ်လို့ သိရှိရပြီး ‌အဆိုပါ ရောဂါပိုးနဲ့ဆက်စပ်တဲ့ သေဆုံးသူ အရေအတွက်က ၇,၈၀၀ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအစိုးရဟာ အဆိုပါရောဂါကို တခြားရောဂါတွေ ဖြစ်တဲ့ တီဘီ နဲ့ ငှက်ဖျားရောဂါတွေလို နိုင်ငံတော်အဆင့် ဦးစားပေးနှိမ်နင်းရမယ့် ရောဂါအဖြစ် တုံ့ပြန်တိုက်ဖျက်လာခဲ့တာက ၁၉၉၀ အစောပိုင်းကတည်းက ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ထိတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနလက်အောက်က အမျိုးသား ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေး စီမံချက် နဲ့ မိတ်ဖက်အဖွဲ့တွေ အောက်မှာ ရောဂါပိုးထိန်းဆေး (ART) ပေးတဲ့ စင်တာ ၁၇၄ ခု ရှိတယ်လို့ သိရပြီး အခြားစင်တာခွဲတွေကတော့ ၁၇၂ ရှိတယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်က စပြီး နိုင်ငံတကာနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေ ထည့်ဝင်ထောက်ပံ့မှု တိုးတက်လာသလို အစိုးရရဲ့ ဘတ်ဂျက်သုံးစွဲမှုလည်း တိုးတက်လာတာ တွေ့ရပါတယ်။

၂၀၁၇ ခုနှစ်ထိတော့ ခုခံအားကျဆင်းမှုရောဂါပိုး ကူးစက်ခံရထားသူအားလုံးရဲ့ ၆၆ ရာခိုင်နှုန်း (၁၄၆,၈၂၆ ဦး) ကို ရောဂါပိုးထိန်းဆေး ပေးနိုင်ခဲ့တယ်လို့ ဆိုပြီး ဒီအရေအတွက်ဟာ ၂၀၁၁ ခုနှစ်နဲ့နှိုင်းယှဉ်ရင် သုံးဆ (၁၉ ရာခိုင်နှုန်းမှ) တိုးတက်လာတာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ အဆိုပါ ရောဂါပိုးနဲ့ဆက်စပ်တဲ့ သေဆုံးသူ အရေအတွက်ကလည်း ၄၉ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။

မူဝါဒအဆင့်အနေနဲ့တော့ ခုခံအားကျဆင်းမှုရောဂါ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းတွေနဲ့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀) နဲ့ ဆောင်ရွက်နေပြီး အရင်စီမံကိန်းတွေကတော့၂၀၀၆-၂၀၁၀ နဲ့ ၂၀၁၁-၂၀၁၆ ဆိုပြီး အသီးသီး ဖြစ်ကြပါတယ်။

လက်ရှိဥပဒေကြမ်းသာ အတည်ဖြစ်လာရင် ခုခံအားကျဆင်းမှုရောဂါပိုးနဲ့ပတ်သက်ပြီး ပထမဆုံးသော ဥပဒေတစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

(၂) ဥပဒေကြမ်းအနှစ်ချုပ်

ဥပဒေကြမ်းမှာ အမျိုးသားကော်မတီဖွဲ့စည်းတာ၊ ရောဂါပိုးရှိသူရဲ့ တာဝန်နဲ့ ရပိုင်ခွင့်၊ ဆက်နွယ်ထိခိုက်ခံရသူနဲ့ ရောဂါပိုးကူးစက်ခံရနိုင်ချေ ပိုများတဲ့ သူတွေရဲ့ ရပိုင်ခွင့်၊ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာ၊ ရောဂါပိုးစစ်ဆေးတာ နဲ့ တားမြစ်ချက် ဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

  • ဥပဒေကြမ်းဟာ ရောဂါပိုးရှိသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့၊ ရောဂါကူးစက်မှုတားဆီးရေး လုပ်ငန်းတွေကို ထိရောက်စေဖို့၊ ပညာဆည်းပူးခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့၊ နဲ့ အဆိုပါလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ရောဂါပိုးရှိသူတွေနဲ့အတူ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်လာဖို့ ရည်ရွယ်ပါတယ်။
  • ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ခုခံအားကျဆင်းမှုရောဂါ တားဆီးကာကွယ်ရေးနဲ့ ရောဂါပိုးရှိသူများ၊ ဆက်နွယ် ထိခိုက်ခံရသူများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းရမှာ ဖြစ်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ အခြားဌာနဆိုင်ရာ အရာရှိတွေနဲ့အတူ လူထုအခြေပြုအဖွဲ့တွေက ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်လေးဦး ပါဝင်မှာ ဖြစ်ပါတယ်။
  • ကော်မတီဟာ ဥပဒေပါ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့ မူဝါဒ ချမှတ်တာ၊ ရောဂါပိုးထိန်းဆေးကို ပြည်တွင်းမှာ ထုတ်နိုင်ဖို့ အားပေးတာ၊ ရောဂါကူးစက်မှု တားဆီးရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာမှာ ပြည်သူ့ကျန်းမာရေးနဲ့ လူ့အခွင့်အရေးပေါ် အခြေပြုတာ၊ နဲ့ ရဲတပ်ဖွဲ့၊ အကျဉ်းထောင်ဝန်ထမ်းအပါအဝင် သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို လိုအပ်တဲ့ စွမ်းဆောင်ရည် ပံ့ပိုးတာတွေ လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် ကော်မတီအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းတာဝန်ပေးရမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရကို နှစ်ချုပ်အစီရင်ခံစာလည်း တင်ပြရမှာဖြစ်ပါတယ်။
  • ရောဂါပိုးရှိသူဟာ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို ခံယူတာ၊ ရောဂါပိုးကူးစက်မှုအန္တရာယ် လျှော့ချရေးနည်းလမ်းကို လိုက်နာတာ၊ နဲ့ ရောဂါကူးစက်မှု တားဆီးရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ ပူးပေါင်းပါဝင်တာတွေ လုပ်ရပါမယ်။ ရပိုင်ခွင့်အနေနဲ့တော့ ရောဂါပိုးကူးစက်မှု ကာကွယ်ရေးအတွက် ဝန်ဆောင်မှုတွေ နဲ့ ခုခံအားကျဆင်းမှုရဲ့ နောက်ဆက်တွဲရောဂါတွေအတွက် ဆေးဝါးတွေ ရယူသုံးစွဲခွင့်၊ ရောဂါပိုးရှိကြောင်းကို မိမိဆန္ဒအလျောက် အတွင်းရေးအဖြစ် ထားပိုင်ခွင့်တွေ ရရှိပါမယ်။
  • ဆက်နွယ်ထိခိုက်ခံရသူ နဲ့ ရောဂါပိုးကူးစက်ခံရနိုင်ချေ ပိုများတဲ့ သူတွေရဲ့ ရပိုင်ခွင့်တွေကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ အချုပ် ဒါမှမဟုတ် ထောင်ဒဏ်ကျခံနေရသူတွေကတော့ ရောဂါပိုးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို သတ်မှတ်ချက်နဲ့အညီသာ ရပိုင်ခွင့် ရှိပါတယ်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူဟာ ရောဂါပိုးစစ်ဆေးတွေ့ရှိချက်ကို အစစ်ဆေးခံသူ၊ စစ်ဆေးရန် သဘောတူညီချက်ပေးသူတွေကို ထုတ်ဖော်ပြောဆိုနိုင်ပါတယ်။ ရောဂါပိုးနဲ့ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို အခြားကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ထုတ်ပြောခွင့်ကို သတ်မှတ်ချက် ပြဋ္ဌာန်းထားပြီး အဲ့လိုလုပ်ဆောင်ရာမှာ ရောဂါပိုးရှိသူကို ကြိုတင်အသိပေးရပါမယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့ အခြေအနေတစ်ရပ်မှာ ရောဂါပိုးရှိသူရဲ့ လိင်ဆက်ဆံဖက်ကို အသိပေးပြောကြားနိုင်ပြီး၊ ထိုသို့ မပြောခင် ဦးစွာ ပညာပေးဆွေးနွေးပေးရပါမယ်။
  • အသက်အရွယ် အကန့်အသတ်၊ အခြေအနေတစ်ရပ်ရပ်ပေါ် မူတည်ပြီး သုတေသနလုပ်ငန်းတွေနဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ကိစ္စရပ်တွေမှာ ပါဝင်ခွင့် ဒါမှမဟုတ် ငြင်းဆန်ခွင့်တွေကို ပြဋ္ဌာန်းထားပါတယ်။
  • ရောဂါပိုးရှိသူ၊ ဆက်နွယ်ထိခိုက်ခံရသူ နဲ့ ရောဂါပိုးကူးစက်ခံရနိုင်ချေ ပိုများတဲ့ သူ တွေကို ကျန်းမာရေးဝန်ဆောင်မှု ပေးဖို့ ငြင်းဆိုတာတွေ၊ ကန့်သတ်တာတွေ၊ ရပ်စဲတာစတာတွေ မလုပ်ဖို့ တားမြစ်ချက်အနေနဲ့ ပါရှိပါတယ်။ အလုပ်အကိုင်တွေနဲ့ ပတ်သက်ရင်လဲ သီးခြားစည်းကမ်းသတ်မှတ်ချက် ထားရှိတာတွေ၊ အလုပ်ခန့်ဖို့ ငြင်းဆိုတာတွေ အပါအဝင် အလုပ်ရပ်စဲတာ၊ လုပ်ငန်းခွင်အတင်းပြောင်းခိုင်းတာ၊ ရာထူးတိုးမပေးတာ၊ တရားဝင် ခံစားခွင့်တွေ မပေးတာတွေ မလုပ်ဆောင်ဖို့ တားမြစ်ချက်တွေလည်း ပါရှိပါတယ်။ ပညာရေး နဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အချုပ်ခန်း ဒါမှမဟုတ် အကျဉ်းထောင် နဲ လူမှုအသိုက်အဝန်းက‌နေ လိုက်နာရမယ့် အချက်တွေနဲ့ ပတ်သက်လို့လည်း တားမြစ်ချက်တွေအနေနဲ့ ပါရှိပါတယ်။ တားမြစ်ချက်တွေကို ကျူးလွန်ခဲ့ရင်တော့ မြို့နယ်ကော်မတီအဆင့်ကို တိုင်ကြားနိုင်ပြီး အမျိုးသားကော်မတီအထိ အယူခံဝင်နိုင်ပါတယ်။ စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို မလိုက်နာရင် လိုအပ်သလို အရေးယူဖို့ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းကို အမှုတွဲ လွဲပြောင်းပေးပို့ရပမယ်လို့ ပါရှိပါတယ်။
  • ဥပဒေကြမ်းမှာ ပြစ်မှုပြစ်ဒဏ်တွေ နဲ့ ရန်ပုံငွေထူထောင် သုံးစွဲခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေလည်း ပါဝင်ပါတယ်။ တည်ဆဲဥပဒေမှာ ဘယ်လိုပဲ ပြဋ္ဌာန်းထားပါစေ၊ ဒီဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို ဒီဥပဒေနဲ့သာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဆက်စပ်ဥပဒေများ

The Prisons Act (၁၈၉၄)

ရာဇဝတ်ကျင့်ထုံး ဥပဒေ

၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ (၁၉၉၃)

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ (၁၉၉၅)

သွေးနှင့် သွေးပစ္စည်းများဆိုင်ရာ ဥပဒေ (၂၀၀၃)

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉)

လင့်ခ်

ဥပဒေကြမ်း

ဆက်သွယ်ရန်

မိုးအောင် - အာနန္ဒာ၊ moeaung@theananda.org