Posted in ဥပဒေရေးရာ သုတေသန on Oct 09, 2019
မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်ဥပဒေကြမ်းကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၀န်ကြီးဌာနက ရေးဆွဲပြီး တင်သွင်းလာတာ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းက ဆက်သွယ်ရေးလုပ်ငန်းတွေကို စနစ်တကျ ကြီးကြပ်ဖို့၊ စျေးကွက်စီးပွားရေးကို အထောက်အကူပြုဖို့နဲ့ ဆက်သွယ်ရေးဥပဒေပါ လုပ်ငန်းတာ၀န်တွေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဆက်သွယ်ရေးဥပဒေထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်တဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်ကို နှစ်နှစ်အတွင်း ဖွဲ့စည်းပေးရမယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းပြီး နှစ်နှစ်အကြာ ၂၀၁၅ ခုနှစ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ အမိန့်ကြော်ငြာစာအမှတ် (၁၂၅/၂၀၁၅) နဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ အမိန့်ကြော်ငြာစာနဲ့ ခန့်အပ်ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်ဟာ လွတ်လပ်တဲ့ မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်ဖွဲ့စည်းနိုင်ဖို့ ဥပဒေကြမ်း ရေးဆွဲတင်ပြရမှာဖြစ်ပြီး သက်တမ်းကတော့ ဥပဒေအရ ပေါ်ပေါက်လာမယ့် ကော်မရှင်ကို လုပ်ငန်းတာဝန်တွေ လွှဲအပ်ပြီးချိန်အထိ ဖြစ်ပါတယ်။
ဆက်သွယ်ရေးကော်မရှင်ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီးရင် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာနဲ့ စာပို့တိုက်ကဏ္ဍတွေအပေါ်မှာ သက်ရောက်မှု ရှိမှာဖြစ်တဲ့အတွက် အဲဒီကဏ္ဍတွေနဲ့သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ရင်လည်း ဥပဒေအရ ဖွဲ့စည်းတဲ့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေ တာဝန်တွေရှိလာမှာ ဖြစ်ပါတယ် ။ လက်ရှိဥပဒေကြမ်းအရ ပေါ်ပေါက်လာမယ့် မြန်မာ့ဆက်သွယ်ရေးကော်မရှင်ကို ဦးဆောင်မယ့် ပုဂ္ဂိုလ်ဟာ ပြည်ထောင်စုအဆင့်၀န်ကြီးဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်တွေက ဒုတိယဝန်ကြီးအဆင့် ဖြစ်နေပါတယ်။ ဒီအတွက် ကော်မရှင်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဌာန၀န်ကြီးတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေက ထပ်နေမလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဥပဒေကြမ်းဆန်းစစ်မှုကို ဆက်လက်ရေးသားသွားပါမယ်။