Posted in ဥပဒေရေးရာ သုတေသန on Apr 05, 2019

ဘယ်သူဦးဆောင်မလဲ

၂၀၁၉ ခုနှစ်ထဲမှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်အတွက် ဒုတိယမြောက် တင်သွင်းလာတဲ့ ဥပဒေကြမ်းကတော့ မြို့ပြနဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်း ဖြစ်ပါတယ်။ ဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်ထဲမှာ သဘာဝဘေးဒဏ်ခံနိုင်တဲ့ မြို့ပြတွေ၊ ဖွံ့ဖြိုးမှု ကွာဟချက်နည်းပါးစေပြီး ဘက်ညီမျှတတဲ့ မြို့ပြတွေကို စနစ်တကျ တည်ဆောက်နိုင်ဖို့လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းတွေ လုပ်ဆောင်တဲ့အခါမှာလည်း အခြေခံရမဲ့ မူဝါဒတွေနဲ့ မြို့ပြနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းတွေ လုပ်ဆောင်တဲ့အခါမှာ ပါဝင်ရမဲ့ အချက်အလက်တွေ ပါရှိပါတယ်။ မြို့ပြမူဝါဒချမှတ်ခြင်းနဲ့ မြို့ပြနဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ မူဝါဒများရေးဆွဲပြီး ပြည်ထောင်စုအစိုးရကို တင်ပြစေဖို့အတွက် ဒုသမ္မတတစ်ဦး ဦးဆောင်တဲ့ အမျိုးသား မြို့ပြနဲ့ဒေသဖွံ့ဖြိုးရေးဗဟိုကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးရ မယ်လို့လည်း ပါရှိပါတယ်။

ယခင်က မြို့အဆင့်အတန်းများ သတ်မှတ်ခြင်းနဲ့ မြို့၊ ရွာနယ်နမိတ်ဆိုင်ရာ စတဲ့ကိစ္စရပ်တွေကို ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်ခဲ့သော်လည်း ယခုဥပဒေကြမ်းမှာတော့ မြို့များရဲ့အဆင့်အတန်း သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်အတွက် အခြေခံသတ်မှတ်ထားတဲ့ စံနှုန်းများနဲ့အညီ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမယ်လို့ ဥပဒေကြမ်းမှာ ပါရှိပါတယ်။

ပုဂ္ဂလိကတွေရဲ့အခန်းကဏ္ဍ

ပုဂ္ဂလိကကဏ္ဍမှ ပါဝင်နိုင်ဖို့အတွက် ရင်းနှီးမြှပ်နှံမှု ဆောင်ရွက်လိုတဲ့ လုပ်ငန်းရှင်တွေကိုလည်း စံချိန်စံညွှန်း သတ်မှတ်ထားသော မြို့သစ်စီမံကိန်း၊ မြို့တိုးချဲ့ခြင်းစီမံကိန်း၊ မြို့ပြပြန်လည်ဆန်းသစ်ခြင်းစီမံကိန်း၊ စက်မှုဇုန်စီမံကိန်းတွေ ရေးဆွဲပြုစုပြီး ဒေသဆိုင်ရာ ကော်မတီမှတဆင့် ဗဟိုကော်မတီသို့ ဆန်းစစ်နိုင်ရန် တင်ပြရမယ်လို့ ဆိုထားတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ခွင့် ပေးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့များသည် ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေ အရင်းအမြစ်အတွက် အစိုးရ/ ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်တယ်လို့ ဥပဒေကြမ်းမှာ ဆိုထားပါသေးတယ်။

ဘာနဲ့ချိတ်ဆက်ထားလဲ

မြို့ပြနဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာတွေ လုပ်ဆောင်ရင် အမျိုးသား မြို့ပြစနစ်စီမံကိန်းကို အခြေခံတစ်ခုအဖြစ် ထားရှိဖို့လည်း ဥပဒေကြမ်းမှာ ဆိုထားပါတယ်။ အမျိုးသား မြို့ပြစနစ်စီမံကိန်းရေးဆွဲတဲ့အခါမှာ အခြေခံအဆောက်အအုံနဲ့ ဝန်ဆောင်မှုဆိုင်ရာတွေ၊ လယ်ယာမြေ ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝအရင်းအမြစ် ထုတ်ယူသုံးစွဲမှုကို စောင့်ကြပ်ကြည့်ရှုခြင်း၊ ဒီရေတောနဲ့ ရွှံ့နွံဧရိယာထိန်းသိမ်းခြင်း၊ ဇီဝမျိုးကွဲမျိုးစုံစနစ် ထိန်းသိမ်းခြင်း၊ သမိုင်းနဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဒေသများ သတ်မှတ်ခြင်း စတဲ့အချက်တွေ ပါဝင်ရမယ်လို့ ဥပဒေကြမ်းမှာ ဆိုထားပါတယ်။

မြန်မာနိုင်ငံ၏ရေရည်ဖွံ့ဖြိုးတည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးမှုစီမံကိန်း (၂၀၁၈-၂၀၃၀)ရဲ့မဏ္ဍိုင် (၃) ပြည်သူများနဲ့ ကမ္ဘာမြေဆိုပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။ မြို့ကြီးများ၊ မြို့ငယ်များ၊ သမိုင်းဝင်နေရာနဲ့ ယဉ်ကျေးမှု ဒေသများအား ထိရောက်စွာနဲ့ ရေရည်တည်တံ့စွာ စီမံခန့်ခွဲရေးဆိုတဲ့ မဟာဗျူဟာ (၅.၆) မှာလည်း ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးမှ ကာကွယ်နိုင်ရန် မြို့ပြအခြေခံအဆောက်အအုံများရဲ့ ဒဏ်ခံနိုင်မှု တိုးမြှင့်ရန်၊ ရေစီမံခန့်ခွဲမှုနဲ့ အများပိုင်နေရာများ တိုးချဲ့တဲ့ မြို့ပြစီမံကိန်း ဖော်ဆောင်မှု မူဘောင်ထည့်သွင်းဆောင်ရွက်ရန် စတဲ့အချက်တွေ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံ၏ ရေရည်ဖွံ့ဖြိုးတည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးမှုစီမံကိန်းရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဒီဥပဒေကြမ်းကို တင်သွင်းလာခြင်းလည်း ဖြစ်နိုင်ပါတယ်။

ထည့်သွင်းစဉ်းစားရန်များ

ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဖော်ဆောင်တဲ့အခါမှာ ထိခိုက်နစ်နာမှု ရှိလာနိုင်တဲ့ နိုင်ငံသားတွေ၊ ဥပဒေဆိုင်ရာနဲ့ ဥပဒေအကြောင်း သိရှိမှုအားနည်းချက်တွေကြောင့် မိရိုးဖလာမြေပိုင်ဆိုင်မှုနဲ့ ဓလေ့ထုံးထမ်း ပုံစံမြေပိုင်ဆိုင်မှုတွေပဲ ရှိနေဆဲအခြေအနေတွေ၊ စီမံကိန်းတွေလုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ နိုင်ငံသားတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့် ကျယ်ပြန့်စွာရရှိဖို့တွေဟာ အလေးထားရမယ့်အချက်တွေ ဖြစ်ပါတယ်။