Posted in ဥပဒေရေးရာ သုတေသန on Apr 26, 2019
ရည်ရွယ်ချက်အနေနဲ့ အပင်မျိုးမွေးမြူခြင်းလုပ်ငန်း ဖွံ့ဖြိုးလာစေဖို့၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေဖို့နဲ့ အပင်မျိုးသစ်များထုတ်လုပ်ခြင်းအားဖြင့် လယ်ယာကဏ္ဍတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်လို့ ဥပဒေကြမ်းထဲမှာ ဆိုထားပါတယ်။
အပင်မျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာ မူဝါဒချမှတ်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနဲ့ လုပ်ငန်းရှင်များကြား ပေါင်းစပ်ညှိနှိုင်းခြင်းနဲ့ အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာကော်မတီနဲ့ ဆပ်ကော်မတီများကို ဖွဲ့စည်းခြင်းတို့ လုပ်ဆောင်နိုင်ဖို့ အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေး ဆိုင်ရာဗဟိုကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ပြည်ထောင်စုအစိုးရ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေနဲ့ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗဟိုကော်မတီအနေနဲ့ အပင်မျိုးသစ် လျှောက်ထားလာမှုအပေါ်မှာ အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာနည်းပညာကော်မတီရဲ့ သဘောထား မှတ်ချက်အပေါ် စိစစ်ပြီး လျှောက်ထားလာသူအား အသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးနိုင်ပါတယ်။
အပင်မျိုးသစ်အသိအမှတ်ပြုသတ်မှတ်ချက်များ
အပင်မျိုးသစ်အတွက် လျှောက်ထားလာတဲ့ အပင်မျိုးဟာ အသစ်ဖြစ်ခြင်း၊ ထူးခြားတဲ့လက္ခဏာရှိခြင်း၊ ညီညာတဲ့ မူရင်းလက္ခဏာရှိခြင်း၊ တည်ငြိမ်တဲ့ကိုယ်စားပြုလက္ခဏာရှိခြင်းနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ အမည်ပေးခြင်း စတဲ့သတ်မှတ်ထားချက်တွေနဲ့ ပြည့်စုံရပါမယ်။ ဒါ့အပြင် အပင်မျိုးသစ်အဖြစ် မှတ်ယူနိုင်ဖို့နဲ့ ရပိုင်ခွင့်အတွက် လျှောက်ထားလာချိန်မှာ အပင်မျိုးမွေးမြူသူ ကိုယ်တိုင်ကဖြစ်စေ ဒါမှမဟုတ် ၄င်းရဲ့ခွင့်ပြုချက်နဲ့ အပင်မျိုးရဲ့မျိုးပွားနိုင်တဲ့/ရိတ်သိမ်းထားတဲ့ အစိတ်အပိုင်း တစ်ခုခုကို မြန်မာနိုင်ငံမှာ ၁နှစ်၊ ပြည်ပမှာ ၄နှစ် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ထားခြင်းနဲ့ အခြားအသုံးပြုမှုများအတွက် ရောင်းချထားခြင်းမရှိရပါဘူး။ နောက်ပြီး နှစ်ရှည်ပင်နဲ့ နွယ်ပင်ဖြစ်ရင်တော့ ပြည်တွင်းပြည်ပမှာ ၆နှစ် ထက် စောပြီး စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ထားခြင်းနဲ့ အခြားအသုံးပြုမှုများအတွက် ရောင်းချထားခြင်းမရှိရပါဘူး။ လျှောက်ထားလာတဲ့အပင်မျိုးစုနဲ့ မျိုးစိတ်များတွေဟာ နိုင်ငံတွင်းမှာ ၄နှစ်၊ နှစ်ရှည်/နွယ်ပင်ဖြစ်ရင် ၆နှစ် ထက် စောပြီး စီးပွားဖြစ် ဖြန့်ဖြူးရောင်းချခြင်းရှိခဲ့ရင်လည်း ယခင်ကအပင်မျိုးသစ်အဖြစ် လျှောက်ထားခဲ့ခြင်းမရှိခဲ့ပါက အပင်မျိုးသစ်အဖြစ်နဲ့ မှတ်ယူနိုင်ပါတယ်။
အပင်မျိုးသစ်ကာကွယ်ခွင့် လျှောက်ထားရာမှာ အခြားအပင်မျိုးများနဲ့ သိသာကွဲပြားခြားနားတဲ့ လက္ခဏာတွေ ရှိရမှာအပြင် အပင်မျိုးသစ် အမည်ပေးရာမှာလည်း သတ်မှတ်ထားတဲ့အချက်တွေကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ အပင်မျိုးမွေးမြူသူရဲ့ ရပိုင်ခွင့်အခွင့်အရေးအတွက် လျှောက်ထားလိုတဲ့ အပင်မျိုးသစ်ကို ဥပဒေပြဋ္ဌာန်းပြီး ၁နှစ်အတွင်း လျှောက်ထားရမှာဖြစ်ပါတယ်။ ဗဟိုကော်မတီဟာ အပင်မျိုးအမည်နဲ့ ပတ်သက်ပြီး လျှောက်ထားခြင်း၊ မှတ်ပုံတင်ခြင်းနဲ့ ဖျက်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်တွေမှာ အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ်ပေးရေး အဖွဲ့ဝင်နိုင်ငံများရဲ့ တာဝန်ရှိသူတွေကို အသိပေးရမှာဖြစ်ပြီး၊ ၎င်းတို့ဆီမှလည်း မျိုးအမည် မှတ်ပုံတင်ခြင်းနဲ့ဆိုင်တဲ့ လေ့လာတွေ့ရှိချက်များကိုလည်း တောင်းခံရယူနိုင်ပါတယ်။
အပင်မျိုးသစ်ကာကွယ်သည့်အခွင့်အရေး လျှောက်ထားခြင်း
အပင်မျိုးသစ် ကာကွယ်သည့်အခွင့်အရေးကို နိုင်ငံသားများ၊ အမြဲနေထိုင်ခွင့်ရ နိုင်ငံခြားသားများနဲ့ အဖွဲ့အစည်းများ၊နဲ့ မြန်မာနိုင်ငံနှင့် အပင်မျိုးသစ် အကာအကွယ်ပေးရေး သဘောတူညီမှုရထားသော နိုင်ငံခြားတိုင်းပြည်များမှ နိုင်ငံသားများနဲ့ ၎င်းနိုင်ငံများတွင် တရားဝင်နေထိုင်ခွင့်ရထားသူများ၊ အဖွဲ့အစည်းများမှ လျှောက်ထားနိုင်ပါတယ်။ အပင်မျိုးသစ် ကာကွယ်ခွင့်အခွင့်အရေး လျှောက်ထားခွင့်ရှိသူ အားလုံးသည် အခွင့်အရေးတန်းတူညီမျှ ခံစားခွင့်ရှိသည်။ အပင်မျိုး မွေးမြူးသူဟာ အပင်မျိုးစုနဲ့မျိုးစိတ်များ အားလုံးအတွက် အပင်မျိုးသစ်ကာကွယ်တဲ့ အခွင့်အရေး လျှောက်ထားနိုင်ပါတယ်။
အပင်မျိုးမွေးမြူသူရဲ့ ရပိုင်ခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်နိုင်ဖို့ ဗဟိုကော်မတီက အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာ ကော်မတီ၊ သီးခြားအဖွဲ့အစည်းနဲ့ ကျွမ်းကျင်ပညာရှင်တွေကို တာဝန်ပေးအပ်နိုင်ပါတယ်။ ဗဟိုကော်မတီဟာ အပင်မျိုးသစ်ကာကွယ်ခွင့် လျှောက်ထားကြောင်း တရားဝင်ကြေညာတဲ့နေ့မှစပြီး အပင်မျိုးမွေးမြူသူရဲ့ ရပိုင်ခွင့်အခွင့်အရေး ပေးအပ်ချိန်ကာလအတွင်း အပင်မျိုးမွေးမြူသူ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် ယာယီကာကွယ်ခွင့် ပေးအပ်ရပါမယ်။ ယာယီကာကွယ်ခွင့်ရရှိထားတဲ့ အပင်မျိုးသစ်ကို အခြားသူတစ်ဦးဦးက အပင်မျိုးမွေးမြူသူရဲ့ ရပိုင်ခွင့်အခွင့်အရေးများအတွက် မျိုးများထုတ်လုပ်ပြီး ကာကွယ်ခွင့် ထပ်မံလျှောက်ထားလာမယ်ဆိုရင် ယာယီကာကွယ်ပိုင်ခွင့်ရရှိထားသူရဲ့ ခွင့်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။
အပင်မျိုးမွေးမြူသူရဲ့ ရပိုင်ခွင့်အခွင့်အရေး
အရေးပေါ်အခြေအနေမှလွဲပြီး ကာကွယ်ခွင့်ရအပင်မျိုးသစ်ရဲ့ မျိုးပွားနိုင်တဲ့အစိတ်အပိုင်းများကို ထုတ်လုပ်ခြင်း၊ ထပ်ဆင့်မျိုးပွားခြင်း၊ ရောင်းချခြင်း၊ နဲ့ ပြည်ပမှတင်သွင်းခြင်း ပြုမည်ဆိုလျှင် အပင်မျိုးမွေးမြူသူရဲ့ ခွင့်ပြုချက်ကို ရယူရပါမယ်။ ထိုသို့မဟုတ်ပါက အပင်မျိုးမွေးမြူသူဟာ သင့်တင့်မျှတတဲ့ ရပိုင်ခွင့်အခွင့်အရေးများကို အသုံးပြုသူထံမှ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ စီးပွားဖြစ်မဟုတ်ဘဲ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ခြင်း၊ သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းနဲ့ ကာကွယ်ခွင့်ရရှိထားတဲ့မျိုးများ ထုတ်လုပ်ခြင်းမဟုတ်ဘဲ အခြားမျိုးများထုတ်လုပ်ခြင်းတို့အတွက် ခြွင်းချက်ပေးထားပြီး တောင်သူလယ်သမားတွေက ကာကွယ်ခွင့်ရရှိထားတဲ့မျိုးကို ကိုယ်ပိုင်မြေမှာ မျိုးထိန်းစိုက်ပျိုးခြင်းနဲ့ စိုက်ပျိုးခြင်းမှရတဲ့ ထွက်ကုန်များကို စားသုံးခြင်းအတွက်လည်း အပင်မျိုးမွေးမြူသူရဲ့ ရပိုင်ခွင့်ချိုးဖောက်ရာ မကျပါဘူး။ တောင်သူတွေအတွက် ကင်းလွတ်ခွင့်ပေးရာမှာ ကာကွယ်ခွင့်ရရှိထားတဲ့ သစ်သီးပင်များ၊ အလှစိုက်ပန်းပင်များ၊ ဟင်းသီးဟင်းရွက်များနဲ့ သစ်တောသစ်ပင်များကို ခွင့်ပြုပေးထားခြင်း မရှိပါဘူး။ အပင်မျိုးမွေးမြူသူရဲ့ ရပိုင်ခွင့်အခွင့်အရေး ကာကွယ်ခွင့်ကာလဟာ နှစ်ရှည်/နွယ်ပင်မျိုးသစ်အတွက် ၂၅ နှစ် နဲ့ အခြားအပင်မျိုးသစ်အတွက် အနှစ် ၂၀ ဖြစ်ပါတယ်။
အယူခံဝင်ခြင်းနဲ့ ပြစ်မှု/ပြစ်ဒဏ်
အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာကော်မတီရဲ့ သုံးသပ်ချက်အစီရင်ခံစာကို မကျေနပ်သူဟာ ဗဟိုကော်မတီကို အယူခံဝင်နိုင်ပြီး၊ ဗဟိုကော်မတီက အပင်မျိုးသစ်စစ်ဆေးခြင်း နည်းပညာကော်မတီရဲ့ သုံးသပ်ချက်အစီရင်ခံစာကို အတည်ပြုခြင်းနဲ့ ပြင်ဆင်/ပယ်ဖျက်ခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ဆုံးဖြတ်ချက် အကြောင်းကြားစာရရှိပြီး ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီရင်ပိုင်ခွင့် အာဏာအပ်နှင်းထားတဲ့ တရားရုံးသို့ လျှောက်ထားနိုင်ပါတယ်။ ကာကွယ်ခွင့်ရရှိထားတဲ့ အပင်မျိုးသစ်ကို အပင်မျိုးမွေးမြူသူရဲ့ ခွင့်ပြုချက်မရရှိဘဲ ကာကွယ်ခွင့်အခွင့်အရေးတွေကို ချိုးဖောက်လုပ်ကိုင်မယ်ဆိုရင် ထောင်ဒဏ် ၆ လ မှ ၃ နှစ် အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀ သိန်း မှ ကျပ်သိန်း ၅၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။