Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jan 28, 2020

ygn_business.png

အချက်အလက်ရယူရန်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ ကျပ်သန်းပေါင်း ၁၃၄,၀၀၀ ကို ကုမ္ပဏီလေးခုမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ Yangon Metropolitan Development Public Co.,Ltd (YMD)၊ ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC)၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) နဲ့ New Yangon Development Co.,Ltd (NYDC) တို့ ဖြစ်ပါတယ်။ 

အရှုံးပြနေတဲ့ အများပိုင်မော်တော်ယာဉ် ကုမ္ပဏီ နှစ်ခု

တိုင်းအစိုးရက ရင်းနှီးမြှုပ်ထားတဲ့ ကုမ္ပဏီလေးခုထဲက အများပိုင်မော်တော်ယာဉ် ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC)၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) တို့ဟာ ရငွေထက် သုံးငွေ ပိုများနေလို့ ကျပ်သန်းပေါင်း ၃၈၅၇ အရှုံးပြခဲ့ပါတယ်။ 

ဝန်ဆောင်မှုပေးဖို့အတွက် တိုင်းအစိုးရ ရင်းနှီးမြှုပ်နှံမှုနဲ့ မလုံလောက်တာကြောင့်  ပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ဧရာဝတီဘဏ်ကနေ ကျပ် လေး ဘီလီယံကို ချေးယူခဲ့ကာ တရုတ်နိုင်ငံက ကားအစီး ၅၀၀ ဝယ်ယူလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

YBPC ဟာ ဝင်ငွေ ကျပ်သန်း ၈၉၇၈.၁၁၈ ရှိပြီး အသုံးစရိတ်ဟာ ကျပ်သန်း ၁၁၉၈၂.၆၀၃ ထိ ရှိနေတဲ့အတွက် ကျပ်သန်း ၃၀၀၄.၄၈၅ ကျော် အရှုံးပြနေပါတယ်။ YUPT ကတော့ ဝင်ငွေ ၁၄၉၄၉.၂၃ သန်း ရှိပြီး သုံးငွေဟာ သန်း ၁၅၈၀၂.၆၅၂ ရှိတာကြောင့် ကျပ်သန်း ၈၅၀ ကျော် အရှုံးပြနေတာ ဖြစ်ပါတယ်။ 

ကုမ္ပဏီ နှစ်ခုစလုံးဟာ တန်ဖိုးလျော့စရိတ်တွေ မကျခံမီအထိ အမြတ်ရရှိနေပေမည့်လည်း တန်ဖိုးလျော့စရိတ်ကို ထည့်တွက်တာကြောင့် အသားတင်အရှုံးဖြစ်ပေါ်ရခြင်း ဖြစ်တယ်လို့ တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ဒီကုမ္ပဏီနှစ်ခုမှာ ရင်းနှီးမြှုပ်နှံတာဟာ လူမှုရေးအကျိုးအမြတ်ရရှိပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှုအပေါ် ထိုက်သင့်တဲ့ ဝင်ငွေအကျိုးအမြတ်ရရှိစေဖို့ ယာဉ်လိုင်းအားလုံးအနေနဲ့ ခရီးအကွာအဝေးအလိုက် ကျသင့်တဲ့ယာဉ်စီးခနှုန်းထား သတ်မှတ်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်နေသေးတယ်လို့ စာရင်းစစ်ချုပ်က သုံးသပ်ထားပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)

YRTA ဟာ အရင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ပိုင် ပစ္စည်းတွေကို လွှဲပြောင်းရယူ လည်ပတ်နေတာ ဖြစ်ပါတယ်။

ပြင်ပစာရင်းစစ်အဖွဲ့က စစ်ဆေးပြီးသော်လည်း ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တွေ လက်မှတ်ရေးထိုး အတည်ပြုထားခြင်း မရှိတဲ့ စာရင်းစစ်အစီရင်ခံစာ မူကြမ်းအရ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကတော့ ကုမ္ပဏီတွေလိုမဟုတ်ပဲ ကျပ်သန်း ၇၆၉၁ ကျော် အသုံးစရိတ်ထက်ပိုလျှံငွေပြနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အဖွဲ့ရဲ့ လစာနဲ့ အုပ်ချုပ်မှုထောက်ပံ့ကြေးအတွက် ကျပ်သန်း ၃၀.၄၈၀ ကို လုပ်ခလစာ ခေါင်းစဉ်အောက်ကနေ သုံးစွဲထားတာပါ။ Telematics Services ဆိုတာကတော့ Telematics စနစ် အသုံးပြုထိန်းချုပ်ဖို့အတွက် နေ့စဉ်ထွက်ရှိတဲ့ ကားတစ်စီးကို ကျပ် ၄၀၀ နှုန်းနဲ့ B’Smar Telematics Co.,Ltd ကို ဝန်ဆောင်မှုစရိတ်အနေနဲ့ လစဉ်ပေးချေပေးရတဲ့ အသုံးစရိတ် ဖြစ်ပါတယ်။

YRTA ဘက်က တင်ပြထားတဲ့ ဘဏ္ဍာရေးရှင်းတမ်းအရ ကျပ်သန်း ၇၇၀၀ နီးပါး အသုံးစရိတ်ထက်ပိုသော ဝင်ငွေပြနေတဲ့အပြင် မထက ကနေ လွှဲပြောင်းရယူထားတဲ့ ရွှေ့ပြောင်းနိုင်သောနဲ့ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေကို တန်ဖိုးဖြတ်ခြင်း မပြုလုပ်ရသေးတဲ့အတွက် စာရင်းတင် ဖော်ပြထားခြင်း မရှိသေးပါဘူး။ 

YRTA အနေနဲ့ ပြင်ပစာရင်းစစ်အဖွဲ့ စစ်ဆေးပြီးသား အစီရင်ခံစာမူကြမ်းကို အမြန်ဆုံး အတည်ပြုချက် ရယူဖို့ လိုအပ်ပြီး မထသ ဆီကနေ လွှဲပြောင်းရယူထားတဲ့ ပစ္စည်းတွေကို ခေတ်နဲ့ လျော်ညီတဲ့ တန်ဖိုးသတ်မှတ်ရေး၊ ပစ္စည်းစာရင်းကို စနစ်တကျ ရေးသွင်းတန်ဖိုးသင့်ဖို့ ဆောင်ရွက်ရန် လိုအပ်နေတယ်လို့ တိုင်းစာရင်းစစ်ချုပ်က ထောက်ပြထားပါတယ်။ 

ဝင်ငွေမရသေးပေမယ့် ဘဏ်တိုးနဲ့ အမြတ်ပြနေတဲ့ Yangon Metropolitan Development Public Co.,Ltd (YMD) 

ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ကို တိုင်းအစိုးရအဖွဲ့ ကိုယ်စားပြု ခြောက်ဦီး၊ မြန်မာ့ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ ကိုယ်စားပြု ခြောက်ဦးနဲ့ ဖွဲ့စည်းထားပြီး ၉၂ ရာခိုင်နှုန်းကို တိုင်းအစိုးရက ပိုင်ဆိုင်ပါတယ်။ 

YMD အနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ အသားတင် အမြတ်ငွေ ကျပ် ၂၃၇၃ သန်းကျော် ရှာဖွေထားနိုင်ပြီး အရှုံးမရှိပါဘူး။ အသားတင်အမြတ်ငွေဟာ ဘဏ်အပ်ထားတဲ့ မူလရင်းနှီးငွေက ရရှိတဲ့ ဘဏ်တိုးငွေ ကျပ်သန်း ၃၄၁၈.၈၃၅၊ တင်ဒါနဲ့ အခြားဝင်ငွေက ကျပ် ၂.၉ သန်းကျော်တို့ ဖြစ်ပါတယ်။ 

YMD အနေနဲ့ လုပ်ငန်းပေါင်း ၈ ခုအတွက် ကြိုတင်ပေးငွေ ထုတ်သုံးမှုတွေ ရှိနေပြီး ကျပ်သန်း ၃၃၀၀ ကျော် ရှိပါတယ်။ ဒီထဲမှာ မရမ်းကုန်းဗီလာစီမံကိန်းအတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ ခေတ္တစိုက်ထုတ်ပေးချေထားမှုမှာ အများဆုံးဖြစ်ပြီး ကျပ်သန်း ၂၃၆၀ နီးပါး ရှိပါတယ်။

မရမ်းကုန်းဗီလာစီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ တိုင်းအစိုးရက ဆက်လက်အကောင်အထည်ဖော်ဖို့ လွှဲယူထားတာဖြစ်ပြီး တည်ဆောက်ပြီး တိုက်ခန်းတွေ ပါဝင်လို့ လူနေရန် အသင့်အနေအထားရှိပြီ ဖြစ်ကြောင်းနဲ့ စီမံကိန်း ဆောင်ရွက်မယ့် အစီအစဉ်တွေကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့၊ မူလရည်ရွယ်ထားတဲ့ အစီအစဉ်တွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုင်းစာရင်းစစ်ချုပ်က တွေ့ရှိချက်အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ 

လုပ်ငန်းဝင်ငွေ မရှိဘဲ အသုံးများနေတဲ့ ရန်ကုန်မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (New Yangon Development Co.,Ltd - NYDC) 

ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ ဖော်ဆောင်မယ့် ရန်ကုန်မြို့တော်သစ်စီမံကိန်းအတွက် တိုင်းအစိုးရ ရာနှုန်းပြည့်ပိုင် ရန်ကုန်မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ - NYDC ကို ကျပ် ၁၀ ဘီလီယံ ထည့်ဝင် လည်ပတ်တာ ဖြစ်ပါတယ်။ စစ်ဆေးချိန်အထိ ကုမ္ပဏီက စီမံကိန်းလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိပေမည့်လည်း အသုံးစရိတ်တွေကြောင့် အရှုံးပြနေပါတယ်။

ကုမ္ပဏီရဲ့ အသုံးစရိတ်ပိုင်းမှာ စီမံခန့်ခွဲမှုစရိတ်၊ တန်ဖိုးလျော့နဲ့ ဝင်ငွေခွန်ဆိုပြီး သုံးပိုင်းရှိကာ စီမံခန့်ခွဲမှုစရိတ် သုံးစွဲမှုက အမြင့်ဆုံး ဖြစ်ပါတယ်။ ကာလအလိုက် တင်ပြထားတဲ့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးရှင်းတမ်းအရ ၁၂-၁၂-၂၀၁၇ ကနေ ၃၁-၃-၂၀၁၈ အထိ စီမံခန့်ခွဲမှုစရိတ်ဟာ ကျပ်သန်း ၁၀၀ နီးပါးရှိပြီး ၁-၄-၂၀၁၈ ကနေ ၃၀-၉-၂၀၁၈ (ခြောက်လ) အတွက် စရိတ်ဟာ ကျပ်သန်း ၁၀၀၀ ကျော် ရှိပါတယ်။

ကုမ္ပဏီဟာ ဝင်ငွေမရှိသေးဘဲ အသုံးစရိတ်တွေကြောင့် ၁၂.၁၂.၂၀၁၇ ကနေ ၃၁.၃.၂၀၁၈ အထိ အစိုးရထည့်ဝင်ငွေရဲ့ ၀.၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၅၅ သန်းကျော်နဲ့ ၂၀၁၈ ခုနှစ် ခြောက်လ ဘက်ဂျက်မှာ ၁၁.၈၈ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်း ၇၈၉ ကျော် အရှုံးပြနေပါတယ်။ 

NYDC အသုံးစရိတ်ကြောင့် တိုင်းအစိုးရ ရင်းနှီးငွေတွေ လျော့နည်းနေလာလို့ မူလရည်ရွယ်ထားတဲ့ စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သင့်ပြီလို့ တိုင်းစာရင်းစစ်ချုပ်က ထောက်ပြပြောဆိုထားပါတယ်။