Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Mar 18, 2019

လာမယ့် ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲအတွက် ရန်ကုန် မြို့သူမြို့သားတွေ မဲပေးကြရတော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် စည်ပင်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် သူတွေကတော့ အမှိုက်ရှင်းပေးမယ်၊ ဖွံ့ဖြိုးရေးလုပ်ပေးမယ် စသည် စသဖြင့်မဲဆွယ်မှုတွေ စတင်နေကြပါပြီ။ ဒီတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ကို ဘယ်လိုပုံ ဖွဲ့စည်းထားလို့ ဘယ်လိုပုံ မဲပေးရမယ် ဆိုတာကို မဲပေးရမယ့် လူထုက သိဖို့ လိုအပ်လာပါပြီ။

စည်ပင်ကော်မတီ ဖွဲ့စည်းပုံနဲ့ မဲပေးရမယ့် အရေအတွက်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ အပိုင်း (၂) ပိုင်း ရှိပါတယ်။ အလွယ်တကူ ပြောရမယ်ဆိုရင်တော့ မြို့တော် ကော်မတီနဲ့ မြို့နယ်ကော်မတီတို့ပါ။

မြို့တော်ကော်မတီမှာ ကော်မတီ၀င် ၁၁ ဦးပါဝင်ပြီး အဲဒီထဲက မြို့တော်ဝန်အပါအဝင် အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနဲ့ ကော်မတီဝင် ၂ ဦး၊ စုစုပေါင်း (၅) ဦးကို တိုင်းအစိုးရအဖွဲ့က ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ လူထု မဲပေးရွေးချယ်ရမယ့် သူကတော့ (၆) ဦး ဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် မြို့တော်ကော်မတီ မှာ အစိုးရခန့် (၅) ဦးနဲ့ လူထု ရွေးကောက်ခံ ကော်မတီဝင် (၆) ဦး ပါရှိမယ် ဆိုတာပါပဲ။ လူထုရွေးကောက်ခံ ကော်မတီဝင် (၆) ဦးအနက်က တစ်ဦးကိုတော့ ဒုတိယမြို့တော်ဝန်အဖြစ် ကော်မတီအတွင်း ထပ်မံ ရွေးချယ် တာဝန်ပေးအပ်မှာ ဖြစ်ပါတယ်။ ဒီ့အတွက် လူထုက မြို့တော် ကော်မတီဝင်လောင်းတွေအတွက် လာမယ့် စည်ပင်ရွေးကောက်ပွဲမှာ မိမိကြိုက်နှစ်သက်ရာ လူကို မဲတစ်မဲ ပေးရမှာ ဖြစ်ပါတယ်။

မြို့နယ်အဆင့် စည်ပင်သာယာရေးကော်မတီမှာတော့ အဖွဲ့ဝင် (၅) ဦး ရှိမှာ ဖြစ်ပြီး လူထု ရွေးကောက်ခံ (၃) ဦး ပါဝင်မှာ ဖြစ်ကာ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကော်မတီအတွင်းရေးမှူးနဲ့ အဖွဲ့ဝင် အဖြစ် ပါဝင်ပြီး ဖြစ်ပါတယ်။ လူထုက မဲပေးရွေးချယ်ရမယ့် ရွေးကောက်ခံ (၃) ဦးအနက် တစ်ဦးကတော့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြို့နယ်အဆင့် ကော်မတီလောင်းတွေအတွက်ဆိုရင် (၃) ဦး ရှိတဲ့အတွက် လူထုက မဲ (၃) မဲ ပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် စည်ပင်ရွေးကောက်ပွဲမှာ လူထုဟာ မြို့တော်အဆင့်အတွက် (၁) မဲနဲ့ မြို့နယ်အဆင့်အတွက် (၃) မဲ၊ စုစုပေါင်း မဲ (၄) မဲ ပေးပေးရမှာ ဖြစ်ပါတယ်။

လာမယ့် စည်ပင်ရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိပြီး သာသနာ့ဝန်ထမ်းတွေ၊ ထောင်ဒဏ်ကျခံနေရသူတွေ၊ စိတ်ပေါ့သွပ်နေတယ်လို့ သတ်မှတ်ခံထားရသူတွေ၊ လူမွဲစာရင်း ကြေညာခံထားရသူတွေနဲ့ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ခံထားရသူတွေ မဲပေးပိုင်ခွင့်မရှိဘူးလို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေးဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

စည်ပင်က ဘာတွေ လုပ်ရသလဲ…

ရန်ကုန်မြို့ဟာ နိုင်ငံ့ မြို့တော်ဟောင်းနဲ့ စီးပွားရေးမြို့တော် ဖြစ်တဲ့အလျောက် မြို့ စည်ပင်ဖွံ့ဖြိုးရေး လုပ်ဆောင်ရတဲ့ စည်ပင်ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကလည်း များပြားပါတယ်။ ရန်ကုန် စည်ပင်ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေဟာ အချက်ပေါင်း ၄၈ ခု ရှိပြီး၊ အဲဒီအချက်တွေ အလိုက် လုပ်ဆောင်ရတဲ့ လုပ်ငန်း ခွဲတွေကလည်း ရှိပါတယ်။

ဒီလုပ်ငန်းတွေကို အကြောင်းအရာအလိုက် အကြမ်းဖျဉ်းခွဲခြားကြည့်မယ်ဆိုရင် မြေယာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေ၊ သဘာဝဘေးဒဏ်ကြုံလာပါက ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းတွေ၊ မော်တော်ယာဉ်နဲ့ ပတ်သက် တဲ့လုပ်ငန်းတွေ၊ ရေပေးဝေရေးလုပ်ငန်း၊ မြို့နေလူထု ကျန်းမာရေးဆိုင်ရာလုပ်ငန်း၊ အမှိုက်စွန့်ပစ်ရေးဆိုင်ရာလုပ်ငန်း၊ သုဿန်မြေများ စီမံခန့်ခွဲခြင်းလုပ်ငန်း၊ အနှေးယာဉ်ဆိုင်ရာလုပ်ငန်း၊ လမ်းဘေးဈေး ဆိုင်လုပ်ငန်း၊ တည်းခိုခန်း/ ဘော်ဒါ ဆောင်နဲ့ ပွဲရုံလုပ်ငန်းတွေ၊ ကြော်ငြာလုပ်ငန်း စတာတွေအပြင် လေလွင့် စိတ်ဝေဒနာ ရှင်၊ ကိုယ်ရေပြားရောဂါရှင်နဲ့ လေလွင့် ကလေးသူငယ်၊ တောင်းရမ်းစားသောက်သူတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းတွေပါ ပါဝင်ပါတယ်။ နောက်ဆုံး လူသေလို့ မြေမြုပ်သဂြိုဟ်ရတဲ့ ကိစ္စတောင် စည်ပင်ရဲ့ လုပ်ငန်းတာဝန်မှာ ပါဝင်ပါတယ်။

ဒါ့အပြင် ကော်မတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မြို့နေလူထုကို အသိပညာပေးတာ/သတင်းထုတ်ပြန်တာ၊ ကော်မတီပိုင်လုပ်ငန်းတွေကို စီမံခန့်ခွဲတာ၊ ကော်မတီလုပ်ငန်းတွေအတွက် သုတေသနနဲ့ လေ့လာသင်ကြားရေး လုပ်ငန်းတွေ ဆောင်ရွက်တာတွေဟာလည်း စည်ပင်ရဲ့ လုပ်ငန်းတာဝန်တွေ ဖြစ်ပါတယ်။

ဥပဒေထဲမှာတော့ (က) မြို့ပြစီမံကိန်းများရေးဆွဲခြင်း၊ ဇုန်များသတ်မှတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း (ခ) မြေများကို စီမံခန့်ခွဲခြင်း (ဂ) ပန်းဥယျာဉ်နှင့် အားကစားကွင်းများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း (ဃ) အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း (င) မြို့ပြအမွေအနှစ်အဆောက်အအုံ များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုပြီး ကဏ္ဍတူရာတွေ စုပေါင်းလို့ တာဝန်တွေ ခွဲဝေသတ်မှတ်ထားပါတယ်။

ဘယ်လိုပုံစံ အကောင်အထည်ဖော် လုပ်ဆောင်သလဲ

စည်ပင်ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်ဖို့အတွက် လုပ်ငန်းတာဝန်အဖွဲ့တွေနဲ့ ဌာနတွေကို အောက်ပါအတိုင်း ဖွဲ့စည်းရမယ်လို့ ရန်ကုန် စည်ပင်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

မြို့ပြစီမံကိန်းလုပ်ငန်း၊ အဆောက်အဦဆိုင်ရာ လုပ်ငန်း၊ လမ်း/တံတားဆိုင်ရာလုပ်ငန်း၊ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း၊ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်း၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်း၊ ပတ်ဝန်းကျင် စီမံခန့်ခွဲရေး လုပ်ငန်းဆိုပြီး တာဝန်ခံအဖွဲ့ (၇) ဖွဲ့ ရှိပါတယ်။

ဌာနအနေနဲ့ကတော့ စီမံခန့်ခွဲရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးဌာနနဲ့ ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာနတို့ ဖြစ်ပါတယ်။

လုပ်ငန်းတာဝန်ခံအဖွဲ့တွေကို ဖွဲ့စည်းတဲ့အခါမှာ သင့်လျော်တဲ့ ကော်မတီဝင်တစ်ဦးဦးကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး သင့်လျော်တဲ့ ဝန်ထမ်းအကြီးအမှူးတစ်ဦးကို အတွင်းရေးမှူးနဲ့ ပြင်ပပညာရှင်သုံးဦးကို အဖွဲ့ဝင်အဖြစ် ထားရှိ ဖွဲ့စည်း ရမယ်လို့လည်း စည်ပင်ဥပဒေမှာ ပါရှိပါတယ်။ သို့သော် မြို့နယ်အဆင့် စည်ပင်ကော်မတီဝင်တွေရဲ့ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားနဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့တော့ ဥပဒေမှာ တိကျရှင်းလင်းစွာ ရေးသားပြဋ္ဌာန်းထားခြင်း မရှိပါဘူး။

ထို့အတူ ဘယ်လုပ်ငန်းတာဝန်ခံအဖွဲ့နဲ့ ဌာနကတော့ ဘယ်တာဝန်တွေကို ထမ်းဆောင်နေတယ် ဆိုတာကိုတော့ ဥပဒေမှာ ရှင်းလင်းစွာ ဖော်ပြထားတာ မရှိပါဘူး။ ကော်မတီက ဘယ်လုပ်ငန်းတွေကို လုပ်ဆောင်မယ်ဆိုတာကိုပဲ အကြောင်းအရာ အလိုက် ဖော်ပြထားတာဟာ ဥပဒေရဲ့ အားနည်းချက်တစ်ခုလို ဖြစ်နေပါတယ်။

ဥပဒေပါ ပြဋ္ဌာန်းချက်တွေက များပြားတာကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဝက်ဘ်ဆိုက် တရား၀င် www.ycdc.gov.mm မှာ ဖော်ပြထားတဲ့ ဌာနရဲ့ လုပ်ငန်းတာဝန်နဲ့ ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်တွေက စည်ပင်ကော်မတီရဲ့ တာဝန်တွေ ဘယ်လောက်များတယ်ဆိုတာကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဝက်ဆိုက်ပါ ဖော်ပြချက်တွေအရ ကော်မတီရုံး အပါအဝင် ဌာနပေါင်း ၂၃ ခု ရှိပါတယ်။

YCDC website

ဌာနတစ်ခုချင်းစီမှာလည်း လုပ်ငန်းတာတွေကို ycdc.gov.mm မှာ နှိပ်ကြည့်ကြည့်လိုက်မယ်ဆိုရင် စည်ပင်ကော်မတီ တစ်ခုလုံးရဲ့ လုပ်ငန်းတာဝန် ဘယ်လောက်များတယ်ဆိုတာကို သိနိုင်မှာပါ။

အောက်ဖော်ပြပါ ကိန်းဂဏန်းတွေကေတာ့ ဌာနတစ်ခုချင်းစီရဲ့ လုပ်ငန်းတာဝန်တွေကို အရေအတွက်နဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီထဲမှာ လုပ်ငန်းတာဝန် ၃၀ နဲ့အထက် ဌာနပေါင်း ၃ ခု ပါဝင်ပြီး စီမံရေးရာ၊ အင်ဂျင်နီယာ (လမ်း/တံတား)၊ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာနတို့ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဟာ လုပ်ငန်းတာဝန် များပြားတာနဲ့အမျှ ခန့်အပ်ထားတဲ့ ဝန်ထမ်းဦးရေ ကလည်း များပြားပါတယ်။ ၂၀၁၅ ခုနှစ် ကိန်းဂဏန်းများအရ စည်ပင်ရဲ့ ဝန်ထမ်းဦးရေဟာ ၁၇၁၈၅ ရှိတယ်လို့ အဲဒီကာလ မြို့တော်ဝန် ဦးလှမြင့်က မီဒီယာတွေကို ဖြေဆိုခဲ့ဖူးပါတယ်။

ဘယ်က ဝင်ငွေနဲ့ စည်ပင်က ရပ်တည်နေသလဲ

ကိစ္စများမြောင်တဲ့ စည်ပင်အနေနဲ့ ဒီလုပ်ငန်းတွေကို ဘယ်က ရတဲ့ငွေတွေနဲ့ လည်ပတ်နေတယ်ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ရန်ကုန် စည်ပင်သာယာရေးကော်မတီဟာ အစိုးရရဲ့ အထောက်အပံ့ရယူထားသလို ကိုယ်ပိုင်ဝင်ငွေ ရှာဖွေ ရပ်တည်ရသော ရွေးကောက်ခံ အရပ်သားတွေ ပါဝင်တဲ့ တိုင်းအစိုးရအဖွဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ စည်ပင်ကော်မတီရဲ့ ဝင်ငွေရလမ်းပေါင်း ၁၂ ခု ရှိပါတယ်။ အဲဒါတွေကတော့ ...

  • စည်းကြပ်ကောက်ခံရရှိသည့် အခွန်၊ အခများ စီမံခန့်ခွဲမှုဒဏ်ကြေးနှင့် တရားရုံးဒဏ်ငွေများ
  • စည်ပင်သာယာရေးလုပ်ငန်းမှ ရရှိသည့် ငှားရမ်းခ၊ ဝန်ဆောင်ခ၊ ပစ္စည်းများ ရောင်းရငွေနှင့် အခြားနည်းလမ်းဖြင့် ရရှိသည့်ငွေများ
  • ကော်မတီပိုင် လမ်းများပေါ်တွင် ပြေးဆွဲနေသောယာဉ်များပေါ်မှ စည်းကြပ်ကောက်ခံရရှိသည့် ဝင်ငွေများ
  • လုပ်ငန်းလိုင်စင်ခ၊ သက်တမ်းတိုးမြှင့်ခ၊ ခွင့်ပြုချက်ပေးသည့် မှတ်ပုံတင်ခ နှင့် လုပ်ငန်းဆိုင်ရာ အခွန်အခများ
  • မတည်ပစ္စည်းများ ရောင်းချရငွေနှင့် မတည်အသုံးစရိတ်မှ ရငွေများ
  • အစိုးရအဖွဲ့ထောက်ပံ့ငွေများ
  • ရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်သော လုပ်ငန်းများမှရရှိသောဝင်ငွေများနှင့် အကျိုးအမြတ်များ
  • ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာန အသီးသီးက ပေးသွင်းသည့် ဝင်ငွေခွန်ဝေစုများ
  • မြို့တော်နယ်နိမိတ်အတွင်းရှိ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းသည့် စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင်
  • သတ်မှတ်ထားသည့် အခွန်တံဆိပ်ခေါင်းတန်ဖိုးနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော ရာခိုင်နှုန်းအရ သက်ဆိုင်ရာဌာနက လွှဲပြောင်းပေးသော ငွေများ၊
  • မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က နှစ်စဉ်ရရှိသော အရပ်ရပ်အခွန်ဝင်ငွေ စုစုပေါင်း၏သတ်မှတ် ထားသော ရာခိုင်နှုန်းအရ လွှဲပြောင်းပေးသောငွေများ
  • ပြည်တွင်းပြည်ပမှ လှူဒါန်းထောက်ပံ့ငွေများနှင့် ပစ္စည်းများ
  • အဆောက်အအုံများ ငှားရမ်း၍ဖြစ်စေ၊ မြေများငှားရမ်း၍ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ ရရှိသည့် နိုင်ငံခြား ငွေများ
ဥပဒေပါ ပြဋ္ဌာန်းချက်အရ စည်ပင်ကော်မတီက စည်းကြပ်ကောက်ခံသည့် အခွန်အခများ
  • ပစ္စည်းခွန်၊ မြေခွန်၊ မြေခများနှင့် ပိုင်ဆိုင်ခွန်များ
  • ရေခွန်၊ ရေဖိုးရေခ၊ မိလ္လာအခွန်၊ မိလ္လာအခ၊ အမှိုက်နှင့် အညစ်အကြေးခွန်၊ အများသုံးအိမ်သာအခွန်နှင့် အထွေထွေ အခွန်များ
  • ယာဉ်များနှင့် သက်ဆိုင်သော ဘီးခွန်၊ ညအိပ်ခွန်၊ လမ်းအသုံးပြုခနှင့် ယာဉ်ရပ်နားခများ
  • ပုဂ္ဂလိကပိုင်စျေးများ၊ ဆိုင်ခန်းများ၊ ရုပ်ရှင်ရုံများ၊ ကပွဲရုံများ၊ အပန်းဖြေရိပ်သာများ၊ အရောင်းပြခန်းများ၊ ကျန်းမာ ရေးစင်တာများ၊ သင်တန်းကျောင်းများ၊ မင်္ဂလာခန်းမများ၊ ရပ်နားခရယူထားသော ယာဉ်ရပ်နား အဆောက်အအုံ များ၊ ပုဂ္ဂလိကပိုင် အားကစားကွင်းများ
  • စက်ရုံ အလုပ်ရုံများ၊ စက်မှုလုပ်ငန်းများ၊ ကုန်တိုက်များ၊ ဂိုဒေါင်များ၊
  • ဆိပ်ကမ်းများ၊ ဆိပ်ကမ်းသင်္ဘောကျင်းများ
  • ကုမ္ပဏီများ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၊ ဂေါက်ကွင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘော်ဒါဆောင်များ၊ တည်းခို ခန်းများ၊ အပေါင်ဆိုင်များ
  • စက်သုံးဆီအရောင်းဆိုင်များ၊ ဆီသိုလှောင်ရုံ၊ သိုလှောင်ကန်များ
  • ပုဂ္ဂလိကဘဏ်များ၊ ပွဲရုံများ၊ စက်မှုဇုန်ရှိ အဆောက်အအုံအခန်းများ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော မြေနှင့် အဆောက်အအုံများ
  • ဟိုတယ်၊ မိုတယ်၊ အင်းများ၊ ဝန်ဆောင်မှုပေးသောလူနေတိုက်ခန်းများ (Service Apartments)
  • လူနေတိုက်ခန်းများ(Apartments)၊ စုပေါင်းပိုင်အိမ်ရာများ (Condominiums)၊ လူနေအိမ်များ (Residential Houses)
  • ဆက်သွယ်ရေးကွန်ရက်များတည်ဆောက်ခြင်း
  • စားသောက်ဆိုင်များ
  • ယာဉ်ဖြင့်လှည့်လည်ရောင်းချခြင်း၊
  • ယာယီဇာတ်ရုံနှင့် စျေးရောင်းပွဲတော်များ
  • ကြော်ငြာများ
  • အနှေးယာဉ်ဆိုင်ရာ ကိစ္စရပ်များ
  • ဝန်ဆောင်မှုအကျိုးဆောင်လုပ်ငန်းနှင့် အခြားလုပ်ငန်းများ။

စည်ပင်ရဲ့ ရငွေအခြေအနေဟာ တစ်နှစ်ထက် တစ်နှစ် တိုးတက်ရရှိလာတာကို ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ တိုင်းအစိုးရလက်ထက် ၂၀၁၄-၁၅ ခုနှစ်မှာ စည်ပင်ရဲ့ ဝင်ငွေဟာ အသုံးစရိတ်အောက် ရောက်နေပေမယ့် အခု တိုင်းအစိုးရလက်ထက် ၂၀၁၇-၁၈ မှာတော့ ဝင်ငွေနဲ့ အသုံးစရိတ် ထပ်တူကျနေတာကို တွေ့ရမှာပါ။

သင်ဘာတွေ လိုချင်သလဲ

အခုလိုမျိုး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်တွေနဲ့ ကျန်တဲ့ သိသင့်သိအပ်တဲ့ အချက်အလက်တချို့ကို ရှည်ရှည်လျားလျား တင်ပြနေရတာဟာ အကြောင်းအရင်း ရှိပါတယ်။ အဲဒါကတော့ စည်ပင် ဆိုတာ လမ်းပေါ်အမှိုက်တင်တဲ့ ကိစ္စလောက်တင် လုပ်တာ မဟုတ်ဘဲ တခြားတခြားသော လုပ်ငန်းပေါင်းစုံကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခု ဆိုတာ သိစေချင်တာကြောင့်ပါ။

စည်ပင်ရဲ့ လုပ်ငန်းဆောင်တွေကို သိထား၊ နားလည်ထားတယ်ဆိုရင် ကိုယ်နဲ့ သက်ဆိုင်တဲ့ ဒေသဖွံ့ဖြိုးတိုးတက် စည်ပင် ရေးအတွက် ကော်မတီက ဘာတွေ လုပ်ဆောင်ပေးနေသလဲ၊ ဘာတွေတော့ ပျက်ကွက်နေသလဲဆိုတာကို မြင်တတ်၊ သိတတ်၊ ထောက်ပြတတ်မှာ ဖြစ်ပါတယ်။ မသိဘဲ ပြောဆိုခြင်းထက် သိပြီးမှ ပြောဆိုခြင်းဟာ ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခုကို ဦးတည်စေတယ်လို့ ယုံကြည်တာကြောင့် အခုလိုမျိုး ရှည်လျားစွာ တင်ပြနေရတာ ဖြစ်ပါတယ်။

မဲဆွယ် ကိုယ်စားလှယ်လောင်းများကို မေးခွန်းထုတ်ကြပါ

လာမယ့် စည်ပင်ရွေးကောက်ပွဲအတွက် အဆင့်ဆင့်လိုက် ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကတော့ မဲဆွယ်မှုကို နည်းလမ်းပေါင်းစုံသုံး လုပ်ဆောင်နေပါပြီ။ တချို့ကလည်း လူထုကြားထဲ ဆင်းတွေ့နေကြသလို၊ တချို့ကျပြန်တော့လည်း မဲဆွယ်ဆိုင်းဘုတ် ထောင်ကြနဲ့ နည်းပေါင်းစုံ သုံးနေကြပါပြီ။ မဲဆွယ်တဲ့နေရာမှာ သူတို့ကို ရွေးရင် ဘာလုပ်ပေးမယ်ဆိုပြီး တစ်ယောက် တစ်မျိုး၊ တစ်ဦး တစ်ပုံစံနဲ့ မဲဆွယ်နေကြ၊ ကတိက၀တ်တွေ ပြုနေကြပါပြီ။ ဒီလို မဲဆွယ်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပေးမယ်ဆိုတဲ့ ကတိကဝတ် ပြောဆိုချက်တွေဟာ ယေဘူယျ ဆန်ဆန်သာ ပြောဆိုမှုတွေကို တွေ့နေရပါတယ်။ ဥပမာ အားဖြင့် အမှိုက်စွန့်ပစ်မှုစနစ် ကောင်းမွန်ရေး၊ ရေပေးဝေရေး လုပ်ငန်း ကောင်းမွန်ရေး စသဖြင့်ပါ။ တကယ်တော့ စည်ပင်ရဲ့ လုပ်ငန်းတာဝန်တွေက ဒီ့ထက် ပိုများပြီး ဒီ့ထက် ပိုကျယ်ပြန့်တယ်ဆိုတာကိုလည်း အထက်မှာ ဖော်ပြပြီး ဖြစ်ပါတယ်။

အမှိုက်စွန့်ပစ်မှုစနစ် ကောင်းမွန်ရေးဆိုတာ ဘယ်ကဏ္ဍတွေကို ပြောတာလဲ။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာမှာလား၊ နေအိမ်တွေအတွက်လား၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းနဲ့ ဆက်စပ်တဲ့ နေရာတွေမှာလား။ ရေပေးဝေရေးစနစ်ဆိုလည်း ဂျိုးဖြူရေကိစ္စပဲလား၊ သို့တည်းမဟုတ် အဝီစိတွင်းတွေအတွက်လား။ ရေခွန်ကောက်တဲ့ ကိစ္စလား စသဖြင့် ကွဲကွဲပြားပြား တိတိကျကျ ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အများနဲ့ သက်ဆိုင်တဲ့ အခွန်ကောက်ယူမှု၊ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှု အပိုင်းတွေကို ကော ပိုကောင်းအောင် လုပ်ဆောင်ပေးဖို့ စိတ်ကူးထားသလား စသဖြင့် မဲပေးရမယ့်သူတွေဘက်က မေးခွန်းထုတ်ကြဖို့ လိုပါပြီ။

ဒီလို မေးခွန်းထုတ်တာဟာ ကိုယ့်မဲဆန္ဒနယ်တွင်း လိုအပ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို စောကြောနိုင်ဖို့ ဖြစ်ပြီး ဒီလို မေးခွန်းထုတ်မှုတွေကနေတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ စည်ပင်ဝန်ဆောင်မှုကို တာဝန်ခံ လုပ်ဆောင်ပေးမယ့် လူထု ကိုယ်စား လှယ်တွေ ကို ရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

မဲပေးကြပါ

မြို့တော်နေပြည်သူတွေဟာ အသက်ရှင်ချိန်ကစပြီး သေဆုံးချိန်အထိ စည်ပင်ရဲ့ ဝန်ဆောင်မှုတွေနဲ့ ကင်းလွတ်ရတဲ့ အချိန် ဆိုတာ မရှိပါဘူး။ မွေးဖွားချိန် ဆေးရုံပေါ်ကစလို့ သေဆုံးချိန်အထိ စည်ပင်က ဝန်ဆောင်မှုတွေကို နည်းအမျိုးမျိုးနဲ့ ရယူနေရတာ ဖြစ်ပါတယ်။

စည်ပင်ကော်မတီဟာ ဒီဝန်ဆောင်မှုတွေကို မြို့နေလူထုအတွက် ဖြည့်ဆည်းပေးတဲ့နေရာမှာ အဓိကကျတဲ့အဖွဲ့အစည်း ဖြစ်ပြီး ဝန်ဆောင်မှုတွေအတွက် မူဝါဒ ချမှတ်ခြင်း၊ လမ်းညွှန်မှုများ ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေအတွက် အဓိက ကျပါတယ်။ ဒီလို အဓိကကျတဲ့ ကော်မတီဝင်တွေကို ရွေးချယ်တဲ့နေရာမှာ စည်ပင်ရဲ့ လုပ်ငန်းတာဝန်တွေကို သိနားလည်ပြီး တကယ်ကို လုပ်ဆောင်နိုင်မယ့်သူကို ရွေးချယ်နိုင်ခြင်းဟာ မြို့တော် တည်ဆောက် ရေးမှာ ပူးပေါင်းပါဝင်ခြင်းလည်း ဖြစ်ပါတယ်။

ဒါကြောင့် မဲပေးပိုင်ခွင့် ရှိသူဆိုရင် မှန်ကန်တဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်နိုင်ဖို့ မေးခွန်းထုတ်ပြီး သင့်လျော် တယ်လို့ ယူဆသုံးသပ်မိတယ်ဆိုရင် မဲပေးကြပါ။ မှန်ကန်သင့်လျော်တဲ့ ကော်မတီဝင်လောင်းတွေကို ရွေးချယ်ပြီး ပိုမို ကောင်းမွန်တဲ့ မြို့တော်ကို တည်ဆောက်ကြပါ။

အောင်ထွန်းလင်း ရေးသားသည်။

ကိုးကား

  • ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ
  • www.mmbiztoday.com
  • mmbudgets.info
  • www.ycdc.gov.mm