Posted in ဥပဒေရေးရာ သုတေသန on Feb 25, 2019
စာသုံးသူကွယ်ရေးဥပဒေကြမ်းကို စတင်ထုတ်ပြန်ချိန်ကတည်းက စတင်၍ စဉ်ဆက်မပြတ် စောင့်ကြည့်ခဲ့ပါတယ်။ ဥပဒေကြမ်းစတင်ထုတ်ပြန်ကတည်းက ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်တာ၊ တတ်သိနားလည်သူတွေရဲ့ အကြံဉာဏ်ရယူတာ တွေကတစ်ဆင့် ထွက်ရှိလာတဲ့ ဥပဒေကြမ်းကို လေ့လာသုံးသပ်ခဲ့သည်။ ဒီလိုလေ့လာသုံးသပ်ရာမှာ ရုံးက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီနဲ့ဒေသတွင်း နိုင်ငံတွေက စားသုံးသူကာကွယ်ရေး ဥပဒေတွေ၊ ကျွန်တော်တို့နဲ့အသင်းအဖွဲ့ တူညီတဲ့ အာဆီယံနိုင်ငံတွေက စားသုံးသူကာကွယ်ရေး ဥပဒေတွေကို လေ့လာနိုင်းယှဉ်ပြီး သုံးသပ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီလိုလေ့လာသုံးသပ်မှုပြုလုပ်ရာမှာ မြန်မာနိုင်ငံမှာ ထွက်ရှိထားသော စားသုံးသူကာကွယ်ရေးဥပဒကြမ်းနဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှသည် ပြဌာန်ထားသော အကြောင်းအရာများအထိ တူညီမှုမရှိတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပြဌာန်းတော့မယ့် ဥပဒေတစ်ခုဟာ အခြားနိုင်ငံတွေက ဥပဒေတွေနဲ့ တူညီရမယ်လို့ မဆိုလိုပါ။ ကျွန်တော်တို့အနေနဲ့ အခြားပြဌာန်းအသုံးပြုနေပြီးဖြစ်တဲ့ဥပဒေတွေနဲ့ နိုင်းယှဉ်လေ့လာနိုင်ဖို့သာရည်ရွယ်တာဖြစ်ပါတယ်။ ဒီလို လေ့လာရာမှာ မြန်မာ့စားသုံးသူကွယ်ရေးဥပဒေကြမ်းဟာ စားသုံးသူကာကွယ်ရေးထက် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး ကို ပိုမိုအလေးပေးထားတာ၊ ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှုများအတွက် ဥပဒေပြဌာန်းရာမှာ လိုအပ်ချက်တွေ ရှိနေတာ၊ စည်းကမ်း ဖောက်ဖျက်မှုတွေအတွက် အရေးယူခြင်းတွေဟာသည် ခေတ်နှင့် ဆီလျော်မှုမရှိတာတွေကို တွေ့ရပါတယ်။
ဒီလိုတတ်အားသမျှ လေ့လာပြီးနောက် သက်ဆိုင်ရာဌာနနဲ့ အခြားသောဌာနတွေကို စားသုံးသူကာကွယ်ရေးဥပဒေကြမ်းအတွက် အများပြည်သူ အမြင်သဘောထားကောက်ခံဖို့ ဆွေးနွေးပွဲများပြုလုပ်၊ မလုပ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ရေရေရာရာ အဖြေရှာမရခဲ့ပါဘူး။ ဒါပေမယ့်လည်း မြန်မာစားသုံးသူများသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ စားသုံးသူဥပဒေကြမ်းအပေါ် အများပြည်သူအမြင်များ ဆွေးနွေးပွဲမှာ တင်ပြ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအပြီးမှာလည်း မြန်မာ့စားသုံးသူသမဂ္ဂရဲ့ စားသုံးသူကာကွယ်ရေး ကိစ္စရပ်တွဗမှာ တတ်နိုင်သမျှပါဝင်ခဲ့ပါတယ်။၊ ၂၀၁၈ ဖေဖော်ဝါရီလမှာ ပြည်သူလွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းအပေါ် အများပြည်သူအမြင်တွေ၊ အကြံပေးတင်ပြချက်တွေကို တွေ့ဆုံတင်ပြခဲ့ပါတယ်။
အဲ့ဒိအချိန်မှသည် ယနေ့အချိန်ထိ စားသုံးသူကာကွယ်ရေးဥပဒေကြမ်းနဲ့ပတ်သက်သမျှအမျိုးသားလွှတ်တော်ဆွေးနွေးချက်တွေ၊ ပြည်သူ့လွှတ်တော်ဆွေးနွေးချက်တွေ၊ ဆိုင်ရာလွှတ်တော်တွေ၊ ဥပဒေကြမ်းကော်မတီတွေရဲ့ တင်ပြချက်တွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ ဒီဆွေးနွေးချက်တွေမှာ စားသုံးသူဥပဒေကြမ်းအပေါ်မှာ ကျွန်တော်တို့တင်ပြတဲ့ အကြံပြုချက်တွေ အလုံးစုံမပါဝင်သည့်တိုင် ကောင်းမွန်တဲ့ ဆွေးနွေးချက်တွေ ဖြစ်ခဲ့တာဆိုတာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။
သို့သော် စားသုံးသူကာကွယ်ရေးဥပဒေသစ် ပိုမိုကောင်းမွန်အောင်ရေးဆွဲရေးမှာ နောက်ပြန်လှည့်မည့် အခြေအနေတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်နှစ်ရပ် စားသုံးသူကာကွယ်ရေးဥပဒေကြမ်းအပေါ် ဆွေးနွေးချက်တွေမှာ သဘောထားကွဲလွဲတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ အခန် (၁၈) တစ်ခုလုံးကို နောက် နှစ်နှစ်ကြာသော အခါမှသာ သက်ရောက်စေရမည်ဆိုသော အမျိုးသားလွှတ်တော်မှ ဖြည့်စွက်ထည့်သွင်းချက်ဖြစ်ပါတယ်။ ဒီအခန်း (၁၈) ကို ဆိုင်းငံ့ကာလသတ်မှတ်ချက်အဖြစ် နှစ်နှစ်မှ တစ်နှစ်သို့ ပြောင်းလဲလိုက်ပြီဟုလည်း ပြည်ထာင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ သက်ဆိုင်ရာသူများ တွေ့ဆုံဆွေးနွေးမှုလဒ်အနေနဲ့ သိခဲ့ရပါတယ်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီကနေဥပဒေကြမ်းအပေါ် ဆွေးနွေးဖို့ အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခံရသူများထဲမှာ နိုင်ငံတကာ စီပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့နှင့် ဌာနဆိုင်ရာအဖွဲ့တွေသာတွေ့ရပါတယ်။ မြန်မာစားသုံးသူသမဂ္ဂလိုမျိုးမြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးကို တက်တက်ကြွကြွလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ချန်လှပ်ထားခဲ့တာကလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်
အသစ်ပြဌာန်းတော့မယ့် စာသုံးသူကာကွယ်ရေး ဥပဒေကြမ်းအသစ်ရဲ့ အခန်း (၁၈) ဟာ နောက်နှစ်နှစ်အကြာမှ အသက်ဝင်မယ် ဆိုတော့ ဘာတွေပါလို့လဲ သိလိုကြပါလိမ့်မယ်။ စားသုံးသူကာကွယ်ရေး ဥပဒေမှာ အခန်းပေါင်း ၂၅ ခန်း ရှိပါတယ်။ ဒီအထဲကမှ အခန်း (၁၈) ဟာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနဲ့ ပတ်သက်တဲ့ အခန်းဖြစ်ပါတယ်။ ၎င်းအောက်မှာမှ ကုန်ပစ္စည်း၏တံဆိပ်အမှတ်အသား၊ ကုန်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲနဲ့ ကုန်စဉ်အမှတ်စဉ် အပါအဝင် အခြားသော အကြောင်းအရာတွေ ပါဝင်ပါတယ်။
ဥပမာနားလည်အောင်ပြောရလျင် ကုန်စည်ထုတ်လုပ်သူ၊ ရောင်းချသူတွေဟာ ၎င်းကုန်ပစ္စည်းအသုံးပြုပုံ၊ ထားသိုသိမ်းဆည်းပုံနဲ့ အခြားသော အကြောင်းအရာတွေကို စားသုံးသူ သိရှိနိုင်အောင်ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ စားသုံးတွေကမှ အမှန်တကယ်ဘေးကင်းစွာ ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခန်း (၁၈) ဟာ စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းရဲ့ အသက်လို့လဲ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီအခန်း (၁၈) ကို တစ်နှစ်ကြာမှသာ အသက်ဝင်စေရမယ်ဆိုပြီး သိမ်းကြုံးပြဌာန်းလိုက်မယ်ဆိုပါက မလိုလားအပ်တဲ့ စားသုံးသူဘေးအန္တရာယ်ကိစ္စတွေ ဖြစ်ပေါ်လာနိုင်ပြီး အများပြည်သူကို ထိခိုက်စေနိုင်ပါတယ်။
အခန်း (၁၈) ကို ပြဌာန်းရာမှာ အချိန်ယူရမယ့်၊ အခက်အခဲတွေတွေ့နိုင်မယ့်အခြေအနေတစ်ခုရှိပါတယ်။ အဲ့ဒိအချက်က ကုန်ပစ္စည်းတွေကို “မြန်မာဘာသာဖြင့်ဖြစ်စေ သို့ မြန်မာဘာသာဖြင့်တွဲ၍ တစ်ခုထက်ပိုသော ဘာသာဖြင့်ဖြစ်စေ” ကုန်ပစ္စည်းအညွှန်းဖော်ပြရမယ်ဆိုတဲ့ ပြဌာန်းချက်ဖြစ်ပါတယ်။ ဒီပြဌာန်းချက်ဟာ ပြည်တွင်းကုန်ပစ္စည်းများအတွက် အခက်ခဲမရှိနိုင်ပေမယ့် ပြည်ပသွင်းကုန်များအနေနဲ့အခက်ခဲတွေ့ရမယ့် အခြေအနေဖြစ်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်သူများအနေနှင့် ကုန်အညွှန်းအသစ်တစ်ခုကို ပြန်လည်ပြင်ဆင်သည့်အခါ ၁၁ လ မှ ၂၂ လထိ ကြာမြင့်မယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ကုန်ပစ္စည်းတွေအတွက် မြန်မာဘာသာနဲ့ ကုန်ပစ္စည်းအညွှန်း ရေးထိုး ဖြန့်ချိရေးကိုသာ ပြဌာန်းချက်တစ်ခုအနေနဲ့ ပြင်ဆင်ချိန်ပေးသင့်ပါတယ်။ အခန်း (၁၈) တစ်ခုလုံးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာမှ သာ အသက်ဝင်စေမယ်ဆိုရင်တော့ ဥပဒေဟာ နောက်ပြန်သွားသလို ဖြစ်နေပါလိမ့်မယ်။
ဘာ့ကြောင့် နောက်ပြန်သွားသလိုဖြစ်နေတယ်လို့ ပြောရသလဲဆိုတော့ အခုအသစ်ရေးဆွဲနေတဲ့ စားသုံးသူကာကွယ်ရေးဥပဒေကြမ်းမတိုင်မီ ၂၀၁၄ မတ်လမှာ ပြဌာန်းခဲ့တဲ့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ရှိထားပါတယ်။ အဲ့ဒိတည်ဆဲဥပဒေရဲ့ အခန်း (၇) မှာ စီးပွားရေးလုပ်ငန်ငန်းရှင်တွေအတွက် တားမြစ်ချက်တွေကိုပြဌာန်းထားတဲ့အပိုဒ် (ဃ ) မှာ သုံးစွဲပုံ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် သို့မဟုတ် ညွှန်ကြားချက်တွေကို ဗဟိုကော်မတီက သတ်မှတ်ထားသော နေ့ရက်မှစ၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနဲ့တွဲလျက်ဖြစ်စေ မဖော်ပြလျှင် အရေးယူမယ်လို့ ပြဌာန်းထားပြီးဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ ၂၀၁၄ ကတည်းက ပြဌာန်းထားတဲ့ စားသုံးသူကာကွယ်ရေးဥပဒေရှိပါလျက် ပြင်ဆင်မှု နည်းခဲ့သည်လောဆိုတာ သံသယဖြစ်စရာဖြစ်နေပါတယ်။ အကယ်၍သာ ထိုစဉ်ကတည်းက ပြင်ဆင်ထားခဲ့တယ်ဆိုရင် ယခုလို အခက်ခဲတွေ့ကြရလိမ့်မယ် မဟုတ်ပါ။ ကုန်အညွှန်းအမှတ်အသား လိုအပ်ချက် ပိုမိုလိုအပ်လာခြင်း၊ မြန်မာလိုဖော်ပြရန် လိုအပ်လာခြင်းတို့အတွက် အချိန်ရယူလိုသည်ကို အတိုင်းအတာ တစ်ခုထိနားလည်နိုင်ပေးလို့ရပါတယ်။ သို့သော်လည်း ကုန်အညွှန်းအမှတ်အသား လိုအပ်ချက်အားလုံးနဲ့ပတ်သက်ပြီး လွှမ်းခြုံဖော်ပြထားတဲ့စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းအတွက် အသက်သဖွယ်ဖြစ်တဲ့ အခန် (၁၈) တစ်ခုလုံးကို တစ်နှစ်ကြာမှ အသက်ဝင်စေမယ်ဆိုတဲ့အဆိုပြုပြဌာန်းချက်ဟာ လက်ခံနိုင်စရာမရှိပါဘူး။ အကယ်၍သာ အခန်း (၁၈) လုံးကို တစ်နှစ်ကြာမှသာ အသက်ဝင်စေဆိုပြီး ပြဌာန်းလိုက်ပါက ထိုတစ်နှစ်အတွင်းမှာ ဖြစ်ပေါ်လာမယ့် မသမာသော နည်းလမ်းများဖြင့် ကုန်ရောင်းချမှုများ၊ စားသုံးသူဘေးအန္တရာယ်နစ်နာထိခိုက်မှုများ ဖြစ်ပေါ်လာပါက ဘယ်လို ကိုယ်တွယ်တာဝန်ယူဖြေရှင်းမယ်ဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။
ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မြန်မာ့စားသုံးသူကာကွယ်ရေး ဥပဒေ၏ အခန်းတစ်ခုလုံးကို ဆိုင်းငံ့ထားပြီး ဥပဒေကြမ်းကို အတည်ပြုလိုက်မယ်ဆိုရင်တော့ ပြည်သူတွေ၏ကိုယ်ကျိုးစီးပွားထိခိုက်စေမှာ ဖြစ်သလို၊ ဥပဒေပြုလွှတ်တော် အမတ်များအနေနဲ့လည်းကောင်းမွန်သောဥပဒေရေးဆွဲရမည့်အစား ရှိပြီးသား ပြဌာန်းချက်ကိုပါ နောက်ပြန်ဆွဲသလို ဖြစ်နေတာကို သတိချပ်သင့်ပါတယ်။ ဒါ့ကြောင့် အခန်း (၁၈) ကို တစ်ခန်းလုံး ဆိုင်းငံ့မယ့်အစားအပိုင်းအချို့ကိုသာ အချိန်ပေးပြင်ဆင်ခွင့်ပေးခြင်းဖြင့် ပြည်သူကို မှန်ကုန်သော အသံ၊ လုပ်အားဖြင့် အကျိုးပြုနိုင်ပါစေ ဟု ဆန္ဒပြုလိုက်ပါတယ်။
ဝင်းမင်း ရေးသားသည်။
ဦးဝင်းမင်းသည် Myanmar Center for Responsible Business ၏ စီမံကိန်းအရာရှိတစ်ဦးဖြစ်ပြီး မြန်မာစားသုံးသူများသမဂ္ဂ၏ အတွင်းရေးမှူး (၃) ဖြစ်သည်။