Posted in ဥပဒေရေးရာ သုတေသန on Feb 25, 2019

ယခုရက်ပိုင်း လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုက လူထုရဲ့စိတ်ဝင်စားမှုကို တော်တော်လေး ရရှိနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို "ပြင်ဆင်ရမည်" ဟု ပြောဆိုနေကြပြီး "မပြင်ဆင်လိုပါ" ဟု ပြောဆိုသူက မရှိသလောက်ပင်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ အယူအဆမျိုးစုံ၊ အခက်အခဲမျိုးစုံရှိနေတာကိုလည်း လက်ရှိ နိုင်ငံရေးစနစ်အောက်မှာ နေကြရသူတွေ အားလုံးအသိဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရတာဝန်ယူလာချိန်ကတည်းက ဖွဲ့စည်းပုံအခြေခံပြင်ဆင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး လမ်းကြောင်းအတိုင်း ကြိုးပမ်းခဲ့ပြီး၊ လွှတ်တော်သက်တမ်း သုံးနှစ်ပြည့်ခါနီးအချိန်မှာမှ လွှတ်တော်တွင်းမှ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးကို စတင်လာခဲ့တာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်က NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က "ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးပူးပေါင်းကော်မတီ" ဖွဲ့စည်းရန် အရေးကြီးအဆိုတစ်ရပ်တင်သွင်းခြင်းနဲ့ ဒီလုပ်ငန်းစဉ်ကို စတင်ခဲ့တာဖြစ်ပါတယ်။ ဒီကစလို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်း လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပါတယ်။ အဆိုအတည်ပြုပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းတစ်ခုကို တင်သွင်းမယ်လို့ ပြောကြားခဲ့ပြီး၊ တကယ်လည်း လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ ပြင်ဆင်ဖို့ တင်သွင်းတဲ့ အဓိကအချက်က "တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များကို တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များမှ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲကတစ်ယောက်ကို မဲပေးရွေးချယ်ခန့်ထားနိုင်ရန်နှင့်ယင်းကို သမ္မတမှ ခန့်အပ်တာဝန်ပေးရန်" ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မူလပြဌာန်းချက်မှာတော့ "တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များကို တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက သင့်တော်သူကို သမ္မတကရွေးချယ်ပြီး တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်၏သဘောတူညီမှုဖြင့် ခန့်အပ်တာဝန်ပေး"ရန် ဖြစ်ပါတယ်။

USDP က တင်သွင်းထားတဲ့ ယင်းဥပဒေမူကြမ်းအရ တိုင်းဒေကြီး/ပြည်နယ်လွှတ်တော်တွေဟာ ဝန်ကြီးချုပ်ကို ကိုယ်တိုင်တင်မြှောက်ခွင့်ရရှိလာနိုင်မှာဖြစ်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားသောပြဌာန်းချက်တွေက ဝန်ကြီးချုပ်တွေရဲ့ နိုင်ငံရေးအရ လွတ်လပ်မှုကို ထိန်းချုပ်ထားဆဲဖြစ်နေပါသေးတယ်။ ဥပမာအားဖြင့် ဝန်ကြီးဌာနများ ဖွဲ့စည်းခွင့်အပါအဝင် ဝန်ကြီးချုပ်က သမ္မတအားတာဝန်ခံရခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများက ဝန်ကြီးချုပ်ကတဆင့် သမ္မအားတာဝန်ခံရခြင်းစသည့်အချက်တွေကလည်း ရှိနေပါတယ်။ ဒီအထဲက အရေးကြီးတဲ့အချက် မြင်လည်းမြင်သာတဲ့တစ်ချက်ဖြစ်က တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ဘဏ္ဍာရေးအရ လွတ်လပ်မှုဖြစ်ပါတယ်။ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာအချက်အလက်တွေကို ကြည့်မယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရကလွဲရင် ကျန်ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးဟာ ဗဟိုအစိုးရအပေါ်မှာ မှီခိုရမှုအားကြီးလွန်းနေတာကို တွေ့ရပါတယ်။ ရန်ကုန်တိုင်းတစ်ခုတည်းသာ ဗဟိုအစိုးရအပေါ် ဘဏ္ဍာရေးအရ မှီခိုမှုနည်းပါးတာကိုတွေ့ရပါတယ်။ ဒုတိယမြောက် မှီခိုမှုအနည်းဆုံးဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီးတောင်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်ရဲ့ငါးဆယ်ရာခိုင်နှုန်းနီးပါးကို ဗဟိုအစိုးရထံကနေ ရယူနေရပါသေးတယ်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေ ပိုပြီးလွတ်လပ်ဖို့ဆိုရင် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ ဒီအချက်က မီးမောင်းထိုးပြနေပါတယ်။ နောက်ပြီးရေရှည်အတွက်ဆိုရင်လည်း တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေပိုမိုရရှိလာပြီး၊ ဗဟိုအစိုးရရဲ့လုပ်ပိုင်ခွင့်တွေ လျှော့ချနိုင်ဖို့အတွက်ပါ ပြင်ဆင်ချက်မှာ ထည့်သွင်းနိုင်ခဲ့မယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ဖို့အတွက်ရော ငြိမ်းချမ်းရေးအတွက်ပါ အောင်မြင်စေနိုင်မယ်လို့ ယုံကြည်ပါတယ်။

NLDရဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ" ဖွဲ့စည်းရေးအဆိုအပေါ်မှာ တုံ့ပြန်လိုက်တဲ့ USDP ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းဟာ တပ်မတော်သားကိုယ်စားလှယ်တွေလည်း ပါဝင်လက်မှတ်ရေးထိုးထားပြီး၊ တပ်မတော်ကလည်း သဘောတူထားတဲ့ ပြင်ဆင်ချက်ဖြစ်ပါတယ်။ ဒီတင်သွင်းတဲ့ ဥပဒေမူကြမ်းကို NLD ကလည်း သဘောတူခဲ့မယ်ဆိုရင် ပြင်ဆင်ချက်ဟာ အောင်မြင်လာဖွယ် ရှိပါတယ်။ ဒါပေမဲ့ တိုင်းဒေသကြီး/ပြည်နယ်များရဲ့လုပ်ပိုင်ခွင့်တွေ ပိုမိုရရှိလာစေဖို့ဆိုရင် ဒီလောက်နဲ့တော့ ဘာမှအရာထင်လာမှာ မဟုတ်ပါဘူး။ အမှန်တကယ်လုပ်ဆောင်သင့်တာက တင်သွင်းထားတဲ့ဥပဒေမူကြမ်းမှာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့လုပ်ပိုင်ခွင့်တွေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုခွင့်စာရင်းဖြစ်တဲ့ ဇယား (၂) ကို ချဲ့ထွင်တာတွေ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေ ကိုယ့်ဘတ်ဂျတ်နဲ့ ကိုယ် ရပ်တည်စေနိုင်ဖို့ ဇယား (၅)ကို ပြင်ဆင်တာတွေ ထပ်မံထည့်သွင်းဖို့လိုပါမယ်။ ဇယား (၂)၊ ဇယား (၅) ပြင်ဆက်ချက်တွေကို ပထမအကြိမ်လွှတ်တော် ကာလတုန်းကလည်း တပ်မတော်ကိုယ်တိုင်က စတင်အဆိုပြုပြီး ပြင်ဆင်ခဲ့ဘူးတာဖြစ်လို့ ဒီတစ်ကြိမ်မှာလည်း ကြိုးစားကြည့်သင့်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့လိုအပ်ပါတယ်လို့ အားလုံးက တညီတညွတ်တည်း ပြောဆိုနေကြချိန်မှာ ဒီအခွင့်အရေးကို အကျိုးရှိရှိ ရယူအသုံးပြုရမှာ ပြည်ထောင်စုလွှတ်တော်မှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ခုလိုအချိန်မှာ တစ်ပါတီနဲ့တစ်ပါတီ၊အစုအဖွဲ့တစ်ခုနဲ့အစုအဖွဲ့တစ်ခု ညှိနှိုင်းနိုင်ခြင်းမရှိခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ အလှမ်းဝေးနေပါလိမ့်အုံးမယ်။ USDP က လတ်တလောတင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းဟာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေကို ကိုယ့်လွှတ်တော်တွေကနေပြီး ခန့်လို့ရလာတဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များရဲ့လုပ်ပိုင်ခွင့်တွေပိုမိုရရှိတယ်လို့ ထင်မြင်ယူဆရပေမဲ့ "ပေးကားပေး၏ မရ" ဆိုသလိုမျိုး ဗဟိုအစိုးရရဲ့ဘဏ္ဍာရေးအရလွှမ်းမိုးမှုတွေက ရှိနေအုံးမှာဖြစ်တဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေဟာ သမ္မတနဲ့ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့မျက်နှာကိုကြည့်နေရအုံးမှာ ဖြစ်ပါတယ်။ ဒီအတွက် လတ်တလောတင်သွင်းပြီး ပြည့်စုံမှုမရှိလှတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို မြန်မြန်ဆန်ဆန်အတည်ပြုပြီးခဲ့ရင်တောင် တိုင်းဒေသကြီး/ ပြည်နယ်တွေရဲ့လုပ်ပိုင့်ခွင့်နဲ့အာဏာပိုမိုရရှိလာစေရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာဖွဲ့စည်းတဲ့ ပါတီစုံပါဝင်တဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ" ကနေပြီး တိုင်းဒေသကြီး/ပြည်နယ်များရဲ့လုပ်ပိုင်ခွင့်တွေတိုးချဲ့ရရှိစေရေးအတွက် ဇယား (၂) နဲ့ ဇယား (၅) ကိုပါ တိုးချဲ့ပြင်ဆင်နိုင်ရေးအတွက် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အနေနဲ့ ကြိုးစားဆောင်ရွက်သင့်ပါတယ်။

လှမျိုးကျော် ရေးသားသည်။