Posted in ဥပဒေရေးရာ သုတေသန on Aug 11, 2020
နိုင်ငံသားတွေဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးဖို့ တာဝန်ရှိတယ် ဆိုပြီး သြဂုတ်လ ၆ ရက်က ပြုလုပ်တဲ့ အွန်လိုင်းအစည်းအဝေးတစ်ခုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့တယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ မဲမပေးဘဲနဲ့ "ဒီစနစ်ကြီးကို မကြိုက်ဘူးတို့၊ ဟိုဟာ မကြိုက်ဘူးတို့" ဆိုပြီး ပြောဆိုတာက အင်မတန်တာဝန်မဲ့တယ်ဆိုပြီးလည်း ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီပြောဆိုမှုတွေကို ဆန်းစစ်လေ့လာသွားပါမယ်။ နိုင်ငံတကာဥပဒေမူဘောင်၊ ပြည်တွင်းဥပဒေပြဋ္ဌာန်းချက်တွေပေါ် အခြေခံပြီး မဲပေးခြင်းဟာ အခွင့်အရေးသာ ဖြစ်တယ်၊ တာဝန်မဟုတ်ဘူးဆိုတဲ့ အကြောင်း၊ မဲပေးတာ ဖြစ်စေ၊ မဲမပေးတာ ဖြစ်စေ၊ တက်လာတဲ့ အစိုးရတစ်ရပ်ကို ဝေဖန်နိုင်တာက အခွင့်အရေးဖြစ်တဲ့ အကြောင်းတွေကို ပြောဆိုသွားပါမယ်။
၁၉၄၈ ခုနှစ်မှာ စတင်လက်မှတ်ရေးထိုးခဲ့ကြပြီး နိုင်ငံတကာလူ့အခွင့်အရေးဥပဒေရဲ့ အခြေခံအုတ်မြစ်လို့ အများက လက်ခံထားကြတဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် ၂၁ မှာ 'လူတိုင်းတွင် မိမိနိုင်ငံ၏ အစိုးရအဖွဲ့၌ တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့် ဖြစ်စေ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်' နဲ့ 'အစိုးရအုပ်ချုပ်မှုအာဏာသည် ပြည်သူပြည်သားတို့၏ ဆန္ဒအပေါ် အခြေခံရမည်။ လူတိုင်းပါဝင်၍ တန်းတူညီမျှ ဆန္ဒမဲပေးနိုင်ခွင့် ရှိပြီး လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့် ဖြစ်စေ အချိန်ကာလအပိုင်းအခြားအလိုက် ကျင်းပသော စစ်မှန်သည့် ရွေးကောက်ပွဲများတွင် အဆိုပါဆန္ဒကို ဖော်ထုတ်ရမည်' ဆိုပြီး ဖော်ပြထားပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၁ (က) တွင်လည်း "ရွေးကောက်ပွဲစတင်ကျင်းပသည့် နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်" လို့ တွေ့ရပါတယ်။ ဒီလို မဲပေးခြင်းက အခွင့်အရေး ဖြစ်တယ် ဆိုတာကို မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေတွေမှာလည်း 'ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး' ဆိုပြီး 'ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး' ကို အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ဒါကြောင့် မဲပေးခြင်းဆိုတာ နိုင်ငံတကာဥပဒေအရတင်မက ပြည်တွင်းဥပဒေအရပါ အခွင့်အရေးဖြစ်တယ်၊ တာဝန်မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ဒါ့အပြင် 'မဲမပေးဘဲ နေနိုင်ခွင့်' ကို သီးသန့်အနေနဲ့ပါ ရွေးကောက်ပွဲဥပဒေတွေမှာ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် နိုင်ငံသားတွေမှာ မဲမပေးဖို့ အခွင့်အရေး ရှိတယ်ဆိုတာ ရှင်းပါတယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆန့်ကျင်ခဲ့တဲ့ ထင်ရှားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်) ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်လို့ ဆိုရင် အဲ့ဒီတာဝန်ဟာ အစိုးရရဲ့ တာဝန်သာ ဖြစ်ပြီး နိုင်ငံသားတွေအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ တာဝန်သာ ဖြစ်ပါမယ်။
ဝေဖန်ရန် အခွင့်အရေး
မဲပေးဖို့ 'တာဝန်' ဟာ ငါးနှစ် တစ်ကြိမ်သာ ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်ကို ထောက်ရင် ဒါဟာ အလွန့်ကို ပါးလျသေးငယ်တဲ့ စိတ်ဆန္ဒသာ ဖြစ်ပါမယ်။ အဆိုပါ ပြောဆိုမှုဟာ သံသယဝင်စရာ မလိုအောင် မှန်ကန်နေပေမယ့် ဒါဟာ လက်ရှိအစိုးရတစ်ရပ်ရဲ့ ဒီမိုကရေစီစနစ်နဲ့ပတ်သက်ပြီး နားလည်သဘောပေါက်မှုရဲ့ အကန့်အသတ်ကို ဖော်ပြနေပါတယ်။
ဒီမိုကရေစီဆိုတာ မဲပေးခြင်းနဲ့ စတင်ကောင်းစတင်နိုင်ပေမယ့် မဲပေးခြင်းနဲ့တော့ အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ အချိန်ကာလအလိုက် အစိုးရတစ်ရပ်ကို ရွေးကောက်တင်မြှောက်တာကို ဆိုလိုသလို အစိုးရရဲ့ မူဝါဒချမှတ်ခြင်းဖြစ်စဉ် နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ နိုင်ငံသားတစ်ဦးအနေနဲ့ စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ခွင့် ရှိတာကိုလည်း ဆိုလိုပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းမှာ ဖော်ပြထားသလိုဆိုရင် 'လူတိုင်းမှာ မိမိနိုင်ငံရဲ့ အစိုးရအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခွင့် ရှိပါတယ်'။
ဒါပေမယ့် ဒီအစိုးရဟာ မကြာခဏဆိုသလိုပဲ အရွေးကောက်ခံရပြီးချိန်မှာ အကြွင်းမဲ့အာဏာကို ရယူဖို့ နဲ့ ဝေဖန်မှုမှ ကင်းလွတ်ဖို့ မျှော်လင့်ထားပုံ ရပါတယ်။ သာဓကပြရရင် အစိုးရဟာ အသရေဖျက်မှုအရ တရားစွဲဆိုတာတွေ ပြုလုပ်ကာ ဝေဖန်သူတွေကို အသံတိတ်စေတာ၊ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခြင်း ဥပဒေကို ပြင်ဆင်ဖို့ ငြင်းဆိုတာ နဲ့ နိုင်ငံတော်ကနေ ထိန်းသိမ်းထားတဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်အတွက် သတင်းရပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းပေးဖို့ ငြင်းဆန်တာကို မကြာခဏဆိုသလို တွေ့ရပါတယ်။
ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲအပြင် ပြည်သူတွေအနေနဲ့ သူတို့ရဲ့ နစ်နာချက် နဲ့ တောင်းဆိုမှုတွေကို ဖော်ထုတ်ဖို့ လွတ်လပ်စွာ ပြောဆိုတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေက အာဏာရသူတွေကို ခက်ခဲတဲ့ မေးခွန်းတွေ ထုတ်မယ်၊ အကျိုးတူရာ စုဖွဲ့ထားတဲ့ အဖွဲ့တွေက ငြိမ်းချမ်းစွာ လမ်းပေါ်ထွက် ဆန္ဒပြကြပါမယ်။ အာနန္ဒာအဖွဲ့အနေနဲ့ ပြည်သူတွေက "ဒီစနစ်ကြီး မကြိုက်ဘူးတို့၊ ဟိုဟာ မကြိုက်ဘူးတို့" ဆိုပြီး အစိုးရကို မေးခွန်းထုတ်ပြောဆိုမှုတွေအပေါ် ဥပဒေအရ တာဝန်ရှိတယ်လို့ မယုံကြည်ပေမယ့် ကိုယ်ကျင့်တရားပိုင်းအရ တာဝန်ရှိတယ်လို့ လက်ခံထားပါတယ်။ နောက်ထပ်က တာဝန်မဲ့တယ်လို့ ပြောဆိုတာနဲ့ ပတ်သက်လို့လည်း တရားမျှတမှုကင်းမဲ့နေချိန် နဲ့ အကျင့်ပျက်ချစားမှုတွေကို ကြုံတွေ့နေရချိန်မှာ မျက်စိစုံမှိတ် လက်ခံထားတာ နဲ့ အမိန့်နာခံတာတွေကသာ တာဝန်မဲ့ခြင်း ဖြစ်ပါတယ်။
အာနန္ဒာအဖွဲ့အနေနဲ့ 'မဲမပေးခြင်း' လှုပ်ရှားမှုကို အားမပေးပေမယ့် ဒါဟာ ဥပဒေအရ ကာကွယ်ပေးသင့်တဲ့ လွတ်လပ်စွာ နိုင်ငံရေးရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။ မဲမပေးတဲ့ သူတွေဟာ လက်ရှိအခြေအနေအပေါ် ကျေနပ်အားရမှု မရှိတာက ရှင်းလင်းနေပြီး ရွေးချယ်စရာ တခြားနည်းလမ်းတွေလည်း မရှိဘူးလို့ ခံစားနေကြရပါတယ်။ သူတို့မှာ မဲမပေးခြင်းကို ရွေးချယ်လုပ်ဆောင်ဖို့ အခွင့်အရေး ရှိပါတယ်။ ဒီလို ရွေးချယ်ရာမှာလည်း အစိုးရကို ဝေဖန်ဖို့၊ အစိုးရနဲ့ပတ်သက်ပြီး တိုင်တန်းပြောကြားဖို့ အခွင့်အရေးနဲ့ လဲလှယ်စရာ မလိုပါဘူး။
တကယ်တော့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေဟာ ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုကို လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ဆန္ဒတစ်ခုကို အခြေခံပြီး စည်းလုံးလာကြတဲ့ နိုင်ငံသားတွေရဲ့ အာဏာဖီဆန်ခြင်း ဒါမှမဟုတ် ဆန္ဒပြကြခြင်းတွေမှာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ မဲပေးခြင်း မရှိဘဲ အစိုးရတစ်ရပ်အပေါ် ဝေဖန်ပြောဆိုတာက အင်မတန် တာဝန်မဲ့တယ်လို့ တံဆိပ်ကပ်တာကတော့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူတွေအပေါ် မျက်ကွယ်ပြုရာကျပါတယ်။