Posted in ဥပဒေရေးရာ သုတေသန on Sep 12, 2019
ဥပဒေကြမ်းဟာ ယာဉ်မတော်တဆဖြစ်တာတွေ ကျဆင်းလာစေဖို့၊ ယာဉ်အန္တရာယ်ကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်ထိခိုက်တာတွေ လျော့နည်းစေဖို့ နဲ့ လမ်းအသုံးပြုသူတွေ လွယ်ကူချောမွေ့စွာ သွားလာနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။
ယာဉ်အန္တရာယ်လျှော့ချရေး ဆယ်စုနှစ် ကမ္ဘာ့အစီအစဉ် ၂၀၁၁ -၂၀၂၀
ယာဉ်တိုက်မှုကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူ (၁.၃) သန်းလောက် သေဆုံးနေပါတယ်။ ဒါက တစ်ရက်မှာ သေဆုံးမှု လူ (၃၀ဝ၀) အထက် သေတယ်လို့ အချက်အလက်အားဖြင့် ပြနေပါတယ်။ ယာဉ်မတော်တဆဖြစ်မှု ကြုံတွေ့ရတဲ့ သန်းပေါင်း ၂၀ ကနေ ၅၀ အထိ ရှိတဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာရမှုတွေ ခံစားကြရပြီး ဒါဟာဆိုရင် ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ မသန်စွမ်းမှုတွေရဲ့ အကြောင်းရင်းတစ်ရပ်လဲ ဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ သေဆုံးမှုတွေရဲ့ ၉၀ % က ဝင်ငွေနည်းတဲ့ ဒါမှမဟုတ် ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားကြပါတယ်။
ဆိုးရွားလှတဲ့ ယာဉ်အန္တရာယ်ကို သေချာမကိုင်တွယ်ရင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရတာကနေ သေဆုံးရမှုဟာ လူတွေ သေဆုံးမှု အမြင့်မားဆုံးအကြောင်းရင်းတွေထဲက ငါးခုမြောက်ဖြစ်လာမှာ ဖြစ်ပြီး နှစ်စဉ် ၂.၄ သန်းခန့် သေဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။ မော်တော်ယာဉ်တိုက်မှုတွေဟာ နိုင်ငံတွေရဲ့ စီးပွားရေးကို ထိခိုက်စေပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရဆိုရင် သက်ဆိုင်ရာနိုင်ငံရဲ့စုစုပေါင်းအမျိုးသား ထုတ်ကုန် (GNP) ၁ % ကနေ ၃ % အထိ အကုန်အကျ ရှိတယ်လို့ ဆိုပါတယ်။
ဒါကို ကုစားဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂကနေပြီး ယာဉ်အန္တရာယ်လျှော့ချရေး ဆယ်စုနှစ် ကမ္ဘာ့အစီအစဉ် ၂၀၁၁ -၂၀၂၀ (Global Plan for the Decade of Action for Road Safety 2011-2020) ကို ချမှတ်ခဲ့ပါတယ်။ အစီအစဉ်ထဲမှာ မဏ္ဍိုင်ငါးရပ်ပါရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှု၊ အန္တရာယ်ကင်းတဲ့လမ်း၊ အန္တရာယ်ကင်းတဲ့ယာဉ်၊ အန္တရာယ်ကင်းတဲ့လမ်းအသုံးပြုမှုနဲ့ ယာဉ်တိုက်မှုဖြစ်ပွားပြီး တုန့်ပြန်ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။
မြန်မာ့ယာဉ်အန္တရာယ်လျှော့ချရေး အစီအစဉ် ၂၀၁၄ -၂၀၂၀
မြန်မာနိုင်ငံဟာလည်း ၂၀၁၄ ခုနှစ်မှာ မြန်မာ့ယာဉ်အန္တရာယ်လျှော့ချရေး အစီအစဉ် ၂၀၁၄ -၂၀၂၀ (Myanmar Road Safety Action Plan 2014-2020) ကို ရေးဆွဲခဲ့ပြီး အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီနဲ့ ဒေသဆိုင်ရာကော်မတီတွေကနေ အကောင်အထည်ဖော်နေပါတယ်။ ဒီအစီအစဉ်အရ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေကို ထက်ဝက်လျော့ချဖို့၊ ယာဉ်အစီး ၁၀,ဝ၀ဝ မှာ ဖြစ်ပေါ်တဲ့ သေဆုံးမှုအရေအတွက်ကို ထက်ဝက် လျှော့ချဖို့၊ ဆိုင်ကယ်ဦးထုပ်ဆောင်းမှုနှုန်း ၉၀ % ထိ ရောက်ရှိစေဖို့၊ ခါးပတ်ပတ်တဲ့နှုန်းကို ၇၀ % ထိ တိုးတက်စေဖို့နဲ့ လိုင်စင်မဲ့ ယာဉ်မောင်းနှင်ခြင်း ပပျောက်စေဖို့ ရည်ရွယ်ထားပါတယ်။
မြန်မာနိုင်ငံအခြေအနေ
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က လမ်းအသုံးပြုမှုနဲ့ဆက်စပ်တဲ့ သေဆုံးမှုဟာ ၄၃၀ဝ အထိ ရှိခဲ့ပြီး ၂၀ဝ၉ ခုနှစ်ကထက် နှစ်ဆ တိုးလာတာ ဖြစ်ပါတယ်။ ဆေးရုံတွေရဲ့ အစီရင်ခံချက်အရ ဒဏ်ရာရသူတွေရဲ့ သုံးပုံတစ်ပုံဟာ ယာဉ်တိုက်မှုကြောင့်လို့ သိရပါတယ်။ ဒါဟာ အခြားအရှေ့တောင်အာရှနိုင်ငံတွေနဲ့ ယှဉ်ရင် သိပ်မမြင့်မားသေးဘူးလို့ ဆိုရပေမယ့် မမြင့်မား ရသေးတာကလည်း မြန်မာနိုင်ငံမှာ မော်တော်ယာဉ်အသုံးပြုမှု နည်းပါးသေးတာကြောင့်လို့ ဆိုကြပါတယ်။ အစီရင်ခံစာတွေထဲ မပါတဲ့ အခြားအချက်အလက်တွေအရဆိုရင် ယာဉ်တိုက်မှုကြောင့် နှစ်စဉ် လူသေဆုံးမှုဟာ ၆၂၀ဝ ကနေ ၈၂၀ဝ ထိ ရှိတယ်လို့ သိရပါတယ်။ သေဆုံးမှုနှုန်းဟာ ၂၀၂၀ ခုနှစ်မှာ နှစ်ဆတိုးလာမယ် ခန့်မှန်းထားပြီး ဒီအခြေအနေကို မကုစားရင် ၂၀၂၅ ခုနှစ်မှာ ၁၅၀ဝ၀ ထိ ထိုးတက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
တစ်ဖက်မှာလည်း ကမ္ဘာ့ကုလသမဂ္ဂကနေ ချမှတ်ထားတဲ့ မဏ္ဍိုင်ငါးရပ်ကို ပြည့်မှီအောင် လုပ်ဆောင်ရာမှာ မြန်မာနိုင်ငံဟာ ဒေသတွင်း အာဆီယံ၁၀ နိုင်ငံနဲ့ နှိုင်းယှဉ်ရင် အားရစရာ မကောင်းသေးပါဘူး။ ယာဉ်အန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှု၊ အန္တရာယ်ကင်းတဲ့လမ်း၊ ယာဉ်တိုက်မှုဖြစ်ပွားပြီး တုန့်ပြန်ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အလယ်အလတ်အဆင့်မှာ ရှိနေသေးပါတယ်။ အန္တရာယ်ကင်းတဲ့ယာဉ်နဲ့ အန္တရာယ်ကင်းတဲ့လမ်းအသုံးပြုမှု ကဏ္ဍတွေမှာတော့ တိုးတက်မှုအနိမ့်ဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒါက မြန်မာနိုင်ငံဟာ မော်တော်ယာဉ်တွေရဲ့ ကြံ့ခိုင်မှု၊ လမ်းအသုံးပြုသူတွေရဲ့ အပြုအမူ စတာတွေနဲ့ ပတ်သက်ပြီး တိုးတက်အောင် လုပ်ဆောင်ရဦးမယ်လို့ ညွှန်းဆိုနေပါတယ်။ (အာဆီယံဒေသတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေး မဟာဗျူဟာ ၂၀၁၆)
ဥပဒေမူဘောင်
၂၀၁၅ ခုနှစ်မှာ ပြဋ္ဌာန်းအတည်ပြုလိုက်တဲ့ မော်တော်ယာဉ်ဥပဒေသစ်ဟာ ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေကို အစားထိုးလိုက်ပါတယ်။ လက်ရှိအချိန်မှာတော့ လွှတ်တော်ထဲမှာ ဆွေးနွေးတော့မယ့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေမူကြမ်းသာ အတည်ဖြစ်လာခဲ့ရင် ၂၀၁၅ ဥပဒေဟာလည်း အလိုအလျောက် ရုပ်သိမ်းပြီးသား ဖြစ်သွားပါမယ်။
ဒီဥပဒေကြမ်းရဲ့အထင်ရှားဆုံးထူးခြားချက်ကတော့ ဥပဒေအမည်ဖြစ်ပြီး မော်တော်ယာဉ်ဥပဒေလို့ မခေါ်တော့ဘဲ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေလို့ ခေါ်တွင်လာတဲ့အပြင် ဥပဒေကြမ်းရဲ့ရည်ရွယ်ချက်မှာလည်း ယာဉ်မတော်မဆမှုလျှော့ချရေးနဲ့ လမ်းလုံခြုံရေးတွေကို အလေးထားထည့်သွင်းထားတာကို တွေ့မြင်နိုင်ပါတယ်။
ဒါ့အပြင် တည်ဆဲဥပဒေဖြစ်တဲ့ ၂၀၁၅ ဥပဒေက ခွင့်ပြုထားတဲ့ မော်တော်ယာဉ် တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်တပ်ဆင်ခြင်းတွေနဲ့ ပတ်သက်တာတွေကို ဥပဒေမူကြမ်းမှာ ဖြုတ်ထားပါတယ်။ ဒီနှစ်လယ်ပိုင်းလောက်က မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒ ထွက်ရှိထားတဲ့အတွက် တခြားလုပ်ထုံးလုပ်နည်း ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်းတွေအနေနဲ့ ခွဲထုတ်ဖို့လားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ နောက်ထပ်က ဒီမူကြမ်းမှာ မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို အကဲဖြတ်မယ့် မော်တော်ယာဉ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာကျွမ်းကျင်သူအဖွဲ့ကို ထည့်သွင်းထားတာကို တွေ့ရပါတယ်။
စာကိုး
Global Plan for the Decade of Action for Road Safety 2011-2020 - https://www.who.int/roadsafety/decade_of_action/plan/global_plan_decade.pdf
ASEAN Regional Road Safety Strategy - https://www.google.com/url?sa=t&rct=j&q=&esrc=s&source=web&cd=3&ved=2ahUKEwirzarfhsjkAhXkmuYKHaMBBAsQFjACegQIAhAC&url=http%3A%2F%2Fasean.org%2Fstorage%2F2016%2F10%2FASEAN-Road-Safety-Strategy_full_24Oct16_rev_clean.pdf&usg=AOvVaw2jPyrmeDZoKeWVKcTUliW2
Myanmar Transport Sector Policy Note: Road Safety - https://www.adb.org/sites/default/files/publication/189080/mya-road-safety.pdf