Posted in ဥပဒေရေးရာ သုတေသန on May 30, 2018
မြေယာနှင့် ပတ်သက်သည့် ဥပဒေသုံးရပ်ဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြေသိမ်းဥပဒေကြမ်းတို့ကို လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည်။ ဥပဒေများကို ၂၀၁၇ နှစ်ကုန်ပိုင်း အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဥပဒေကြမ်းမှအပ အခြားဥပဒေနှစ်ခုကို ဆွေးနွေးမှုမှာ ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ရပ်တန့်နေခဲ့ခြင်းဖြစ်ပြီး၊ ယခုမှ ထိုဥပဒေကြမ်းများနှင့် ပတ်သက်သည့် ကော်မတီတွင်း ဆွေးနွေးမှုများ ပြန်လည်မြင်တွေ့လာရခြင်းဖြစ်သည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
ဥပဒေကြမ်းကို ၂၀၁၈ ဖေဖော်ဝါရီ ၉ တွင် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယခုအခါ ပြည်သူ့လွှတ်တော်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက မေလ ၂၃ ရက်နေ့တွင် ဥပဒေကြမ်းကော်မတီမှ အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားသည်။
အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်ချထားပေးရာတွင် လက်ရှိလုပ်ကိုင်နေသူမရှိမှသာ ချထားပေးရမည်ဟု ပြင်ဆင်ခဲ့သည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေဖြင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို လက်ခံခဲ့ပြီး၊ ဗဟိုကော်မတီကို လုပ်ပိုင်ခွင့်အာဏာ ပိုမိုအပ်နှင်းရန် အကြံပြုထားသည်။ စီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်၏ ဆုံးဖြတ်ချက်များကို ဗဟိုကော်မတီမှ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်ခွင့်ပေးရန် အကြံပြုထားသည်။ ထို့အပြင် ပြည်နယ်/တိုင်းဒေသကြီးအဆင့် စီမံခန့်ခွဲမှုကော်မတီများတွင် ဒေသခံ တောင်သူလယ်သမား၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ပညာရှင်များ ပါဝင်ဖွဲ့စည်းရမည်ဟု အကြံပြုထားသည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အကြံပြုချက်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို မကြာမီရက်ပိုင်းအတွင်း ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။
လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
အမျိုးသားလွှတ်တော်က ဥပဒေကြမ်းကို ၂၀၁၇ ဇူလိုင် ၃၁ ရက်နေ့တွင် ဆွေးနွေးပြီး၊ သြဂုတ် ၁၈ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ပြည်သူ့လွှတ်တော်သို့ ဩဂုတ်လကတည်းက ရောက်ရှိနေခဲ့ပြီး အောက်တိုဘာလတွင် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာ တင်သွင်းခဲ့သည်ကို တွေ့ရသည်။ ထိုစဉ်ကတည်းကပင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်းကို တောင်းခံထားခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များကို လွှတ်တော်အစည်းအဝေးမတိုင်ခင်မှာပင် ခေါ်ယူကြားနာလေ့ရှိသည်။ မကြာသေးခင် ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့သော ဥပဒေကြမ်းကော်မတီ ကြားနာပွဲများတွင် ဤဥပဒေကြမ်းကို ကြားနာခြင်း မရှိသေးသဖြင့် လာမည့်ရက်များအတွင်း လွှတ်တော်တွင်း ဆွေးနွေးမှုကို မြင်တွေ့ရဖွယ်မရှိသေးပေ။
ဥပဒေကြမ်းတွင် အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီများ၏ သဘောရိုးဖြင့် ဥပဒေကို အကောင်အထည်ဖော်ရန် ကြိုးပမ်းသည့် လုပ်ရပ်ကို အခြေခံ၍ တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခံရခွင့် ပေးထားခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ပယ်ဖျက်ရန် ကြိုးစားမှု အောင်မြင်ခဲ့သည်။ ထို့အပြင် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည့်အချက်များတွင် ကျေးလက်လမ်းနှင့် လယ်ကြားမြောင်းများအတွက် အငြင်းပွားမှု ဖြစ်နိုင်ချေများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။
လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေဖြင့် မြို့နယ် နှင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များတွင် ဒေသခံတောင်သူလယ်သမားကိုယ်စားလှယ် သုံးဦးအထိ ပါဝင်နိုင်ရေးအဆိုပြုထားသည်။
မြေသိမ်းဥပဒေကြမ်း
အမျိုးသားလွှတ်တော်သို့ တောင်သူလယ်သမားရေးရာကော်မတီမှ ၂၀၁၈ အောက်တိုဘာ ၃၀ တွင် စတင်တင်သွင်းခဲ့သည့် ဥပဒေဖြစ်ပြီး၊ ထိုစဉ်ကတည်းကပင် လွှတ်တော်တွင်း ဆွေးနွေးမှု မရှိသေးသည့် ဥပဒေကြမ်းတစ်ရပ်ဖြစ်သည်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအနေဖြင့် ပြီးခဲ့သည့် နှစ်ပတ်အတွင်း လေးရက်အထိ ကြားနာထားသည့် ဥပဒေကြမ်းတစ်ရပ်ဖြစ်သည်။ ကော်မတီတွင်း ကြားနာမှုများ အရှိန်ရနေပုံရပြီး၊ မကြာမီ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းဖွယ်ရှိသည်။
ယခုအချိန်အထိ အခြေအနေ
မြေယာနှင့် ပတ်သက်သည့် ဥပဒေသုံးခုအနက် နှစ်ခုကို အမျိုးသားလွှတ်တော်က အတည်ပြုထားပြီးဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် ယခုအချိန်အထိ ဆွေးနွေးထားမှုအရ လွှတ်တော်ကိုယ်စားလှယ်များ စိတ်ပါဝင်စားမှု ကြီးကြီးမားမားရှိသည့် ဥပဒေကြမ်းများအဖြစ် တွေ့မြင်နေရသည့်တိုင် အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကသာ ဆွေးနွေးနေကြခြင်း ဖြစ်သည်။ ထို့အပြင် ဥပဒေကြမ်းနှစ်ခုလုံးကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးချက်များကို ကြည့်ခြင်းအားဖြင့် မြေယာနှင့် ပတ်သက်သည့် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှာ သတ်သတ်မှတ်မှတ် ရှိနေသည်ဟု ဆိုနိုင်သည်။
ကော်မတီ၏ ကြားနာမှုများအနေဖြင့် ကော်မတီများသည် ဝန်ကြီးဌာနများနှင့် ကော်မတီများကိုသာ အများအားဖြင့် ကြားနာလျက်ရှိသည်ကိုသာ တွေ့နေရဆဲဖြစ်ပြီး၊ လွှတ်တော်ပြင်ပမှ မြေယာဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများကို ပိုမိုကျယ်ပြန့်စွာ ကြားနာနိုင်ရန် လိုအပ်နေဆဲဖြစ်သည်။