Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Dec 12, 2019

keyask5.png

ဒီနေ့ ဒီဇင်ဘာလ ၁၂ ရက်ဟာ “အားလုံး လက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့” – Universal Health Coverage Day ဖြစ်ပါတယ်။ ကုလသမဂ္ဂက ၂၀၁၉ ခုနှစ်မှာ အားလုံးလက်လှမ်းမှီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးတဲ့ တောင်းဆိုချက်ခြောက်ချက်နဲ့ ဆင်နွှဲမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ Investment More, Invest Better (များများသုံး၊ အကျိုးရှိရှိသုံး) ဆိုတဲ့ အချက် ပါဝင်တာဖြစ်တဲ့အတွက် အစိုးရဘတ်ဂျက်အချက်အလက်တွေ အများပြည်သူ အလွယ်တကူ ရရှိရေးဆောင်ရွက်နေတဲ့ အာနန္ဒာအနေနဲ့လည်း ဒီနှစ်အတွက် ကျန်းမာရေးဘတ်ဂျက်အခြေအနေကို သုံးသပ်တင်ပြရင်း တစ်တပ်တစ်အား ပါဝင်ဆင်နွှဲလိုက်ပါတယ်။

အစိုးရက ကျန်းမာရေးကဏ္ဍမှာ ပိုပြီး ရင်းနှီးမြှုပ်နှံဖို့နဲ့ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ဖို့လို့ ဆိုလိုပါတယ်။ အဓိက စီမံခန့်ခွဲရတဲ့ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဖော်‌ဆောင်တဲ့ ကျန်းမာရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေ သဟဇာတဖြစ်စေဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို သဟဇာတဖြစ်ရေးနဲ့ ပတ်သက် လို့ အသေးစိတ်အချက်အလက် လေးခုကို ညွှန်းဆိုထားတာ ရှိပါတယ်။

အဲဒါတွေကတော့ (၁) တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးစရိတ်လျာထားချက် (၂) ပြည်သူ့ဘဏ္ဍာငွေ (၃) ပြင်ပငွေကြေးရန်ပုံငွေရှာဖွေမှု (၄) နည်းပညာအသစ်များနှင့် ဆန်းသစ်တီထွင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်းတို့ ဖြစ်ပါတယ်။

ကျန်းမာရေးကဏ္ဍ တိုးတက်ဖို့အတွက် အစိုးရဟာ အချက် ၁၅ ချက်ပါ အမျိုးသား ကျန်းမာရေးမူဝါဒ ချမှတ်ထားပါတယ်။ ဒီထဲမှာ နိုင်ငံသားတွေကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးဖို့၊ ကျန်းမာရေး ဝန်ထမ်းတွေအတွက် လူ့စွမ်းအားအရင်း အမြစ် တိုးတက်ဖို့၊ ဆေးဝါးဆိုင်ရာ ဥပဒေနဲ့ တခြားဥပဒေတွေ ပြဋ္ဌာန်းဖို့ စတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေး အသုံးစရိတ်တိုးတက်လာဖို့ ရန်ပုံငွေ ရှာဖွေရေးနည်းလမ်းသစ်တွေ ဖော်ဆောင်ဖို့ကို မူဝါဒထဲမှာ ထည့်ထားပေမယ့် အသုံးစရိတ်ကိုတော့ ဘယ်လိုပုံစံနဲ့ တိကျစွာ မူဘောင်ချ သုံးစွဲမယ်ဆိုတာမျိုးတော့ မပါဝင်ပါဘူး။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးစရိတ်လျာထားချက်

“နိုင်ငံအဆင့် အသုံးစရိတ်လျာထားချက်” ဆိုတာကတော့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေမှာ အရည် အသွေးမြှင့်တင်ဖို့ လုပ်ဆောင်တဲ့နေရာမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးမဟာဗျူဟာ‌တွေ ကိုက်ညီအောင် ရည်မှန်းချက် ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အသုံးစရိတ်တွေကို သုံးစွဲဖို့ ဆိုလိုတာပါ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဟာ ဝန်ကြီးနှစ်ခု (ကျန်းမာရေး၊ အားကစား)၊ ဦးစီးဌာန ခုနစ်ခုနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ လူထုကို ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့နေရာမှာ အဓိကကျတဲ့ ဦးစီးဌာနနှစ်ခုကတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတို့ပဲ ဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို အစိုးရက လူထုအတွက် ဝန်ဆောင်မှုပေးတဲ့အခါ အသုံးစရိတ် ခွဲဝေချထားမှုဟာ အရေးကြီးပါတယ်။ အစိုးရက လူဦးရေအအရွယ်အစား၊ ဆင်းရဲမွဲတေမှုပမာဏ၊ တစ်ဦးချင်းစီအလိုက် GDP၊ မြေဧရိယာ၊ မြို့ပြလူဦးရေ၊ တစ်ဦးချင်းစီအလိုက် အခွန်ကောက်ခံရရှိမှု စတဲ့ အချက် ခြောက်ချက်အပေါ် မူတည်ပြီး ခွဲဝေသုံးစွဲလေ့ ရှိပါတယ်။

အခု ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၁၉-၂၀ ခုနှစ် အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အသုံးစရိတ် စုစုပေါင်းဟာ ငွေလုံးငွေရင်းအတွက် ကျပ်သန်းပေါင်း ၄၇၂,၂၇၆ ကျော်နဲ့ သာမန်အသုံးစရိတ်အတွက် ၇၀၆,၇၉၁ သန်းကျော် လျာထား ပါတယ်။

ငွေလုံးငွေရင်းအသုံးစရိတ်ကို အဓိကအားဖြင့် ဆောက်လုပ်ရေးနဲ့ စက်ပစ္စည်း ဝယ်ယူရေးလုပ်ငန်းတွေမှာ အသုံးပြုတာ ဖြစ်ပြီး အသုံးစရိတ်စုစုပေါင်းရဲ့ ၆၆ % ကို ကုသရေးဦးစီးဌာနနဲ့ ၂၀ % ကိုတော့ ပြည်သူ့ကျန်းမာရေးဦးစီးအတွက် အသုံးပြုဖို့ လျာထားတာ ဖြစ်ပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ်မှာ လုံးလုံး အသုံးစရိတ်မရှိတာကတော့ ဝန်ကြီးရုံး (အားကစား) ဖြစ်ပါတယ်။ လူထု ကျန်းမာရေးနဲ့ အဓိက ဆက်စပ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ရတဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကတော့ စုစုပေါင်းငွေလုံးငွေရင်းအသုံးစရိတ်ရဲ့ ၃ % ကို အသုံးပြုမှာ ဖြစ်ပါတယ်။

capital.png

သာမန်အသုံးစရိတ်ကိုတော့ ငွေစာရင်းခေါင်းစဉ် ကိုးခုနဲ့ ခွဲဝေသုံးစွဲတာ ဖြစ်ပြီး ဒီထဲမှာ ဆေးဝါးဝယ်ယူတာတွေ အပြင် ဝန်ထမ်း လစာ၊ ခရီးသွားလာစရိတ်၊ ထောက်ပံ့ငွေ၊ အတိုးပေးငွေနဲ့ ဧည့်ခံကျွေးမွေးစရိတ်တွေ ပါဝင်ပါတယ်။

သာမန်အသုံးစရိတ် စုစုပေါင်းရဲ့ ၄၇% ကို “ပစ္စည်းများဝယ်ယူခြင်း၊ ဆောင်ရွက်ပေးခြင်းတို့အတွက် ကုန်ကျစရိတ်နှင့် လုပ်အားခ” အတွက် သုံးစွဲမှာ ဖြစ်ပြီး ၄၀% ကိုတော့ လစာစရိတ်ချီးမြှင့်ငွေအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။ ငွေစာရင်း ခေါင်းစဉ်တွေအနက် ထောက်ပံ့ငွေ၊ အတိုးပေးငွေနဲ့ ဧည့်ခံကျွေးမွေးစရိတ်တွေဟာ စုစုပေါင်း သာမန်အသုံးစရိတ်ရဲ့ ၁ % နဲ့ ၁ % အောက်စီပဲ ရှိပါတယ်။

current_dept.png

ပြည်သူ့ဘဏ္ဍာငွေ

“ပြည်သူ့ဘဏ္ဍာငွေ” ဆိုတာကတော့ ကျန်းမာရေးကဏ္ဍာအတွက် လုံလောက်သော အသုံးစရိတ်တွေ ဖြစ်လာအောင် စီမံဖို့နဲ့ ထိရောက်မှုကို တိုးမြှင့်ပေးဖို့၊ အသုံးစရိတ်တွေကို မျှတအောင် ခွဲဝေချထားပေးဖို့နဲ့ ကျန်းမာရေးအတွက် ပုဂ္ဂလိကကဏ္ဍက ရင်းနှီးမြှုပ်နှံမှုတွေကို သင့်လျော်သလို စီမံခန့်ခွဲ လုပ်ဆောင်နိုင်ဖို့ကို ရည်ညွှန်းပါတယ်။ ‌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဟာ အခုဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းပေါင်း ၇၅၉ ခု (ဆောင်ရွက်ဆဲနှင့် လုပ်ငန်းသစ်) လုပ်ဆောင်သွားဖို့ ရှိပြီး စီမံကိန်းအားလုံးရဲ့ တန်ဖိုးဟာ ကျပ်သန်းပေါင်း ၆၄၀၀၀ ကျော် ရှိပါတယ်။ စီမံကိန်းအရေအတွက် ၆၀ နဲ့ အထက် အကောင် အထည်ဖော်မယ့် တိုင်း/ပြည်နယ် ၆ ခု ရှိပြီး ရှမ်း၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတို့ ဖြစ်ပါတယ်။ စီမံကိန်း အနည်းဆုံးကတော့ ကယားပြည်နယ် ၁၃ ခုနဲ့ နေပြည်တော်ကောင်စီ ၁၄ ခုတို့ပဲ ဖြစ်ပါတယ်။ ကျန်ဒေသတွေကတော့ ၂၀ နဲ့ ၅၀ ကြား ရှိပါတယ်။

capitaltree.png

စီမံကိန်းတွေကို တွက်ချက်တဲ့နေရာမှာ စီမံကိန်းတည်ရှိရာ ဒေသက လူဦးရေဟာ တိုင်းတာတဲ့နေရာမှာ အရေးပါတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ငွေလုံးငွေရင်းစရိတ်မှာ တိုင်း/ပြည်နယ်အလိုက် တစ်ဦးချင်းကျ အသုံးစရိတ်ကို တွက်ချက်ရင်တော့ ဖွံ့ဖြိုးမှုနည်းတဲ့ ချင်းနဲ့ ကယားက အများဆုံးဖြစ်ပြီး နိုင်ငံ့စီးပွားရေး မြို့တော်ပါဝင်တဲ့ ရန်ကုန်ကတော့ အနည်းဆုံး ဖြစ်ပါတယ်။

ဦးစီးဌာနနှစ်ခုပေါင်း တစ်ဦးချင်း အသုံးစရိတ်

‌ လူထုနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနတို့ရဲ့ ဌာနနှစ်ခုပေါင်း အသုံးစရိတ်ဟာ လူဦးရေ ၇ သန်းခွဲနီးပါးရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ဦးကို ၈၆၉ ကျပ်ပဲ ရှိပြီး အများဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး ၉၄၈၈ ကျပ် ရှိပါတယ်။

လူထုနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ ဒီဦးစီးဌာနနှစ်ခုရဲ့ လူတစ်ဦးချင်းကျ အသုံးစရိတ်တွေကို ကြည့်ရင် အစိုးရက ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှု ပိုလုပ်ထားတာကို တွေ့ရမှာ ဖြစ်ပြီး တိုးတက်မှုမြင့်တဲ့ ဒေသတွေမှာတော့ အနည်းဆုံးသုံးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်နောက်မှာတော့ ကယားပြည်နယ်ရှိပြီး ဌာနနှစ်ခုပေါင်း လူတစ်ဦးချင်းကျ အသုံးစရိတ်ဟာ ကျပ် ၅၇၂၆ ကျပ် ရှိပါတယ်။

percapita.png

ပြည်သူ့ဘဏ္ဍာပြင်ပ ငွေကြေးအထောက်အပံ့

“ပြင်ပငွေကြေးအထောက်အပံ့” ကတော့ အားလုံးလွှမ်းခြုံနိုင်သော ကျန်းမာရေးဝန်ဆောင်မှု ဖြစ်ဖို့အတွက် ပြည်တွင်းတွင်မက ဒေသတွင်းနဲ့ နိုင်ငံတကာ ဘဏ္ဍာရေးနဲ့ နည်းပညာအကူအညီတွေ ရယူနိုင်ဖို့ကို ဆိုလိုပါတယ်။ ဒါ့အပြင် ဒီလို လုပ်ဆောင်ရာမှာ ပုဂ္ဂလိက ကဏ္ဍနဲ့ အခြားသော ပါဝင်ပတ်သက်သူများနဲ့လည်း မိတ်ဖက်ပြုလုပ်ခြင်းမျိုးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပြီး ကျန်းမာရေးရန်ပုံငွေဆိုတာဟာ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနဲ့ စုပေါင်းအားထုတ်မှုအတွက် လိုအပ်ကြောင်းကို အသိအမှတ်ပြုထားဖို့ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဟာ ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတကာ အဖွဲ့အစည်တွေ၊ နိုင်ငံတွေနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ချိတ်ဆက်လုပ်ကိုင်မှုတွေ လုပ်ကိုင်နေတယ်ဆိုတာကို အစိုးရရဲ့ အသုံးစရိတ်တွေထဲကနေ မြင်နိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝင်ငွေကိုကြည့်ရင် နိုင်င်ငံခြားအထောက်အပံ့ရငွေဟာ ဒီနှစ်အတွက် သုံးငွေစုစုပေါင်းရဲ့ ၁၃% ခန့်ရှိနေတာကို တွေ့ရပါမယ်။

>>> ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နှစ်အလိုက်အသုံးစရိတ်တွေကို mmbudgets.info မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

နည်းပညာအသစ်များနှင့် ဆန်းသစ်တီထွင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်း

နောက်ဆုံးဖြစ်တဲ့ “နည်းပညာအသစ်များနှင့် ဆန်းသစ်တီထွင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်း” ကတော့ အရည်အသွေး ပြည့်ဝတဲ့ ကျန်းမာရေးနဲ့ ဆက်စပ်သော လူမှုဝန်ဆောင်မှုနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို လူတိုင်း လက်လှမ်းစေဖို့ ဒစ်ဂျစ်တယ်နည်းပညာ၊ ဆန်းသစ်တဲ့ တီထွင်မှုတွေကို အားပေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတွေ လုပ်ဆောင်ဖို့ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်ရဲ့ ကုန်ကျစရိတ်နဲ့ အကျိုးသက်ရောက်မှုကို ပိုမိုကောင်းမွန်စေဖို့၊ အရည်အသွေးရှိတဲ့ စောင့်ရှောက်မှု ပေးခြင်းနဲ့ ထိရောက်စွာ ဆောင်ရွက်ခြင်းတို့ကို ဆိုလိုပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သာမန်အသုံးစရိတ်ထဲမှာ ဝန်ထမ်းတွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတာတွေ ရှိပါတယ်။ ပညာရေးနှင့် လူမှုရေးအသုံးစရိတ်အောက်မှာ ပညာသင်စရိတ် အတွက် ကျပ်သန်း ၄၅၀၀ ကျော်၊ အခမဲ့ပညာသင်စရိတ်အတွက် ကျပ် ၂ သန်းခွဲနဲ့ ပညာပေးသင်တန်းတွေအတွက် ကျပ်သန်း ၃၀၃၂၀ ကျော် သုံးစွဲမှာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနလက်အောက်မှာ သုတေသနလုပ်ငန်းတွေ လုပ်ဖို့အတွက် ဆေးသုတေသနဦးစီးဌာနရှိပြီး ငွေလုံးငွေရင်းအတွက် ၄၄၂၇ သန်းကျော် သုံးမှာဖြစ်ပြီး ဆောက်လုပ်ရေးနဲ့ စက်ပစ္စည်းဝယ်ယူမှုအတွက် လျာထားတာ ဖြစ်ပါတယ်။ ဒီပမာဏဟာ ဝန်ကြီးဌာန စုစုပေါင်းအသုံးစရိတ်ရဲ့ ၁% ပဲရှိပါသေးတယ်။ သာမန်အသုံးစရိတ်အတွက် ကျပ်သန်း ၇၄၆၁ ကျော် သုံးစွဲမှာ ဖြစ်ပြီး ဝန်ကြီးဌာနရဲ့ သာမန်အသုံးစရိတ် စုစုပေါင်းရဲ့ ၁ % တောင် မပြည့်ပါဘူး။

ယင်း ပမာဏရဲ့ ၄၀ % ကို ထောက်ပံ့ငွေအတွက် လျာထားကာ ၂၉ % ကိုတော့ လစာ၊ စရိတ်၊ ချီးမြှင့်ငွေ အတွက် သုံးမှာ ဖြစ်ပြီး ၂၆ % ကိုတော့ ပစ္စည်းများ ဝယ်ယူခြင်း၊ ဆောင်ရွက်ပေးခြင်းတို့အတွက် ကုန်ကျစရိတ်နှင့် လုပ်အားခအဖြစ် သုံးမှာပါ။

အားလုံး လက်လှမ်းမှီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု

မြန်မာနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်မှာ အောက်ဆုံး နား ကပ်နေပါတယ်။ အစိုးရက ကျန်းမာရေးဝန်‌ဆောင်မှု ပိုပေးနိုင်ဖို့ နှစ်စဉ် အသုံးစရိတ်တွေ တိုးတိုးချပေးနေပေမယ့် အခု ထက် ပိုမိုကောင်းမွန်ဖို့ဆိုရင် လုပ်ဆောင်ရမယ့် အချက်တွေက အများကြီး ရှိနေပါသေးတယ်။

ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ ငွေလုံးငွေရင်းအသုံးစရိတ်ထဲမှာ နိုင်ငံအနှံ့အပြား ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနခွဲ ဆောက်လုပ်နေပေမယ့် ဝန်ဆောင်မှုပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ ရှိနေပြီလား။ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက ပြုလုပ်တဲ့ ၁/၂၀၁၇ သတင်းစာရှင်းလင်းပွဲက ရရှိခဲ့တဲ့ အချက်အလက်အရ တစ်နိုင်ငံလုံးက ဆေးရုံအရေအ တွက်ပေါင်း ၁၁၂၃ ခုမှာ သူနာပြုဝန်ထမ်း ၂၀၆၈၃ ဦး ခန့်ထားပေမယ့် အမှန်တကယ် ခန့်ထားရမယ့်အရေအတွက်ထက် ၁၇၀၀၀ ကျော် လျော့နည်းနေသေးတယ်ဆိုတာ ရှိပါတယ်။ လူတိုင်း လက်လှမ်းမီကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးမယ့် နေရာ လိုအပ်သလို ဝန်ဆောင်မှုပေးရမယ့် သူတွေလည်း လိုအပ်ပါတယ်။

ဒါ့အပြင် ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်စေဖို့ နည်းလမ်းတွေကို သုတေသနလုပ်ရမယ့် ဆေးသုတေသနဦးစီးဌာနရဲ့ အသုံး စရိတ်တွေကို အခုထက် တိုးမြှင့်သုံးစွဲဖို့လည်း လိုပါတယ်။

အစိုးရမူဝါဒအတိုင်း ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍအတွက် ဝင်ငွေရလမ်းသစ်တွေ ဖော်ဆောင်ဖို့ လိုအပ်သလို ထိရောက်ပြီး အကျိုးရှိတဲ့ သုံးစွဲမှုတွေ ဖြစ်ဖို့ကိုလည်း အာရုံစိုက်ဖို့လည်း အရေးတကြီး လိုအပ်နေပါတယ်။ ဒါမှသာ အားလုံး လက်လှမ်းမှီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို အခုထက် ပိုပြီး ဝန်ဆောင်မှုကောင်း ပေးနိုင်မှာ ဖြစ်ပါတယ်။

အောင်ထွန်းလင်း ရေးသားသည်။

aunghtunlin@theananda.org