Posted in ဥပဒေရေးရာ သုတေသန on Apr 29, 2019

ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးတဲ့ ဥပဒေကြမ်းနှစ်ခုကို တင်သွင်းလာခဲ့ပြီး ထိုဥပဒေကြမ်းတွေကို လက်ရှိပုံစံအတိုင်း လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်မယ်ဆိုပါက မြန်မာနိုင်ငံအတွင်းရှိ အသေးစား လယ်ပိုင်ရှင်များကို ဆိုးရွားစွာ ထိခိုက်နစ်နာစေနိုင်မှာ ဖြစ်ပါတယ်။ ထိုဥပဒေကြမ်းနှစ်ခုဟာ လတ်တလော အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်၊မြေလပ်မြေရိုင်းဥပဒေရဲ့အကျိုးဆက်များကို ကျယ်ကျယ်လောင်လောင် ဆန့်ကျင်ကန့်ကွက်နေတဲ့ ကြားကပဲ ထပ်မံထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ဒီမိုကရေစီဖြစ်စဉ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှု တည်ဆောက်လိုတယ်ဆိုရင် လွှတ်တော်အနေဖြင့် ဥပဒေပြုရေးကိစ္စများမှာ ပိုပြီး စနစ်ကျအားကောင်းတဲ့ အစီအစဉ်တွေ ချမှတ်ဖို့လိုအပ်နေပါတယ်။ ဥပဒေတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ထည့်သွင်းစဉ်းစားဖို့နဲ့ အထူးသဖြင့် ထိခိုက်လွယ်ပြီး လျစ်လျူရှုခံထားရတဲ့ နိုင်ငံသားတွေကို ကာကွယ်ဖို့ လိုအပ်နေပါတယ်။

အားလုံးသိကြတဲ့အတိုင်း လက်ရှိကာလမှာ မြန်မာနိုင်ငံရဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းများအားလုံးလိုလိုက မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်လျက်ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်၊စက်တင်ဘာလမှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အဲဒီ မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေဟာ တိုင်းရင်းသားဓလေ့ထုံးတမ်းစဉ်လာတွေကို အသိအမှတ်ပြု လေးစားလိုက်နာပါမယ်လို့ NLD ပါတီရဲ့ အကြိမ်ကြိမ် ပြောဆိုခဲ့တဲ့ ရွေးကောက်ပွဲကတိများနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့ရပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ ထောက်ပြတဲ့အချက်က အဲဒီဥပဒေကြောင့် မြေအနည်းငယ်သာ ပိုင်ဆိုင်တဲ့ လယ်သမားများဟာ လယ်မြေသိမ်းဆည်းခံရနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်ရနိုင်တဲ့အပြင် တနိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေး သဘောတူညီချက် (NCA) နဲ့လည်း ဆန့်ကျင်ကွဲလွဲနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှောင့်အယှက်ပေးနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အချို့သော နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဒီလို ဥပဒေမျိုးကိုတင်သွင်းလာတဲ့ NLD ရဲ့ မဟာဗျူဟာကို အံအားသင့်နေကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဥပဒေမျိုးက အစိုးရရဲ့ လူကြိုက်များမှု တနည်းအားဖြင့် ပြောရရင် လူထုထောက်ခံမှုကို ထိခိုက်စေနိုင်ပါတယ်။ အတိအကျပြောနိုင်တာ တစ်ခုကတော့ စီးပွားရေး တိုးတက်မှုများ ဖြစ်ပေါ်နေတယ်ဆိုတာကို ပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလို ဥပဒေတွေကို အဆောတလျင် ပြဋ္ဌာန်းဖို့ကြိုးစားလာမယ်ဆိုရင် ဒီဥပဒေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးရွားတဲ့ အကျိုးဆက်များကို ဂရုတစိုက် စစ်ဆေးကြည့်ရှုနိုင်ချိန်ရမှာ မဟုတ်တော့ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဥပဒေကြမ်း အသစ်တွေကို စဉ်းစားဆင်ခြင်တဲ့အခါမှာ ထိုဥပဒေကို ဘာကြောင့် လိုအပ်တာလဲ၊ ဘာအတွက် ရည်ရွယ်တာလဲ၊ ရည်ရွယ်ထားခြင်း မရှိတဲ့ ဘေးထွက်ဆိုးကျိုးများက ဘာတွေလဲ၊ ဥပဒေအသစ် ပြဋ္ဌာန်းခြင်းအတွက် (ဘဏ္ဍာရေးအရ ဖြစ်စေ လူသားထိခိုက်မှုအရဖြစ်စေ) ပေးရမယ့်တန်ဖိုးက ဘာတွေ ဖြစ်မလဲဆိုတာကို လွှတ်တော်က တက်ကြွစွာ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်း အသစ်စတင်ရေးဆွဲတဲ့ အချိန်တိုင်းမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အပါအဝင် အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ သက်ဆိုင်ရာ ကော်မတီတွေက ကျွမ်းကျင်ပညာရှင်တွေကို ဆင့်ခေါ်ပြီး လိုအပ်တဲ့ အချက်အလက်အထောက်အထားတွေ ရယူနိုင်ပါတယ်။ မေးမြန်းစုံစမ်းနိုင်ပါတယ်။ ဥပဒေကြမ်းတွေအားလုံးကို လက်ရှိ အသက်ဝင်နေပြီဖြစ်တဲ့ ဥပဒေဟောင်းများနည်းတူ ဂရုတစိုက် လေ့လာသုံးသပ်မှုတွေ ပြုလုပ်နိုင်တဲ့ အစီအစဉ်များထားရှိဖို့ လိုအပ်ပါတယ်။ လွှတ်တော်ကော်မတီတွေဟာ ရှေ့နောက် မညီညွတ်မှုတွေကို ရှာဖွေရပါမယ်။ ဥပဒေတွေရဲ့ သဘောသဘာဝများ တူနေခြင်းမျိုးနဲ့ စုပေါင်းအကျိုးသက်ရောက်မှုတွေကို ရှာဖွေဖော်ထုတ်နိုင်ရပါမယ်။ အထူးသဖြင့် ထိခိုက်နိုင်ချေများတဲ့ ယေဘုယျအားဖြင့် လျစ်လျူရှုခံထားရတဲ့ လူမှုအဝန်းအဝိုင်းထဲက အုပ်စုတွေဖြစ်တဲ့ အသေးစား လယ်သမားများ၊ အမျိုးသမီးများ သို့မဟုတ် တိုင်းရင်းသား လူနည်းစုများအပေါ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုများကို ဆိုလိုပါတယ်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေလိုမျိုး ကျယ်ပြန့်တဲ့ သက်ရောက်မှု များစွာမရှိနိုင်သော်လည်း မကြာသေးခင်က မိတ်ဆက်ပေးခဲ့တဲ့ ဥပဒေကြမ်းနှစ်ခုမှာလည်း အားနည်းသူတွေအတွက် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဥပဒေကြမ်းနှစ်ခုဟာ မတူညီတဲ့ ဝန်ကြီးဌာနနှစ်ခုက ရေးဆွဲတင်ပြလာခြင်း ဖြစ်ပြီး ရည်မှန်းချက်များကလည်း သိသိသာသာ ကွာခြားလှပါတယ်။ ဒါပေမယ့် ဒီဥပဒေနှစ်ခုကို သေချာလေ့လာကြည့်မယ်ဆိုရင်တော့ ဥပဒေကြမ်းအသစ်နှစ်ခုက လူ့အဖွဲ့အစည်းအတွင်းရှိ အုပ်စုတစ်ခုကို ပြိုင်တူသက်ရောက်မှု ရှိနိုင်ကြောင်း တွေ့ရှိနိုင်ပါတယ်။

အပင်မျိုးသစ်အကာကွယ်ပေးရေး ဥပဒေကြမ်း

အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကို ယခင်လွှတ်တော်ကာလကလည်း ပြဌာန်းဖူးပြီး၊ ခုတစ်ကြိမ် ပြန်လည်ပြီးတော့ ဥပဒေကြမ်းအသစ်အနေနဲ့ စတင်မိတ်ဆက်လာခြင်းဟာ နိုင်ငံတကာ အပင်မျိုးစိတ်အသစ်ကာကွယ်ရေးသမဂ္ဂ ညီလာခံနဲ့ ကိုက်ညီမှု ရှိရေးအတွက် ဆောင်ရွက်တယ်လို့ ယူဆနိုင်ပါတယ်။ နိုင်ငံတကာ အပင်မျိုးစိတ်အသစ်ကာကွယ်ရေးသမဂ္ဂ သဘောတူညီချက်ဟာ ၁၉၆၈ ခုနှစ်မှာ စတင်ခဲ့ပြီး အပင်နှင့်မျိုးစေ့အသစ်များ၏ ဉာဏဆိုင်ရာ အခွင့်အရေး ကာကွယ်ပေးတဲ့ နိုင်ငံတကာစနစ်တစ်ခုကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီနိုင်ငံတကာ အပင်မျိုးစိတ်အသစ်ကာကွယ်ပေးရေးစာချုပ်ဝင်နိုင်ငံတစ်ခုတော့ မဟုတ်ပါဘူး။ အဖွဲ့ဝင်ဖြစ်လာဖို့အတွက်ဆိုရင် ပြည်ထောင်စု လွှတ်တော်က ဥပဒေတစ်ခု ရေးဆွဲပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံဟာ အခြားဆက်စပ်နေတဲ့ နိုင်ငံတကာဥပဒေများ ဖြစ်ကြတဲ့ ဇီဝမျိုးစိတ်စုံလင်မှုစာချုပ် (CBD) ၊ ဇီဝအရင်းအမြစ်များ မျှဝေခြင်းအတွက် ရယူမှုနှင့် အကျိုးခံစားခွင့်ဆိုင်ရာ နာဂိုရာ သဘောတူစာချုပ် (ABS) နှင့် နိုင်ငံတကာ အစားအစာနှင့် စိုက်ပျိုးရေးအတွက် အပင်မျိုးစိတ်ရင်းမြစ်များဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ITPGRFA) တို့ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုဖြစ်တယ် ဆိုတာကိုတော့ သတိပြုရပါမယ်။

သီးနှံမျိုးကွဲများအား ကာကွယ်ခြင်းစနစ်ဟာ မူပိုင်ခွင့်ကာကွယ်ခြင်းနဲ့ ပုံစံတူပြီး၊ အပင်မျိုးစိတ်သစ်တစ်ခုကို စိုက်ပျိုးတဲ့ လယ်သမားက အဲဒီမျိုးစိတ်နဲ့ အပင်ကို ၄င်းရဲ့မူပိုင်အဖြစ် မှတ်ပုံတင်ထားရမှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ စိုက်ပျိုးရေးပို့ကုန်ဦးစားပေးတဲ့ နိုင်ငံတွေအတွက် အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာ့ဈေးကွက်မှာ ထိုမျိုးစိတ်ရဲ့ သိသာကွဲပြားမှုကို ကာကွယ်ပေးနိုင်ပြီး မျိုးစိတ်အသစ်များ ဖော်ထုတ်ခြင်း အတွက်လည်း အကျိုးခံစားခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

သို့သော်လည်း နိုင်ငံတကာအပင်မျိုးစိတ်အသစ်အကာကွယ်ပေးရေးစာချုပ်ဟာ အသေးစားလယ်သမားများအတွက် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ချေ ရှိမရှိကို နိုင်ငံတကာမှာ ဆွေးနွေးငြင်းခုံနေရဆဲပဲ ဖြစ်ပါတယ်။ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေများဟာ လယ်သမားတွေအနေနဲ့ သိုလှောင်ထားတဲ့သီးနှံများ နဲ့ ကာကွယ်ပေးခြင်းခံထားရတဲ့ သီးနှံအမျိုးမျိုးကို သုံးစွဲနိုင်ခြင်းမရှိစေရန် တားမြစ်ထားတဲ့ ဥပဒေတွေဖြစ်တယ်လို့လည်း စွပ်စွဲခံနေရပါတယ်။ ဒါ့အပြင် နိုင်ငံတကာအပင်မျိုးသစ်ကာကွယ်ပေးရေးအဖွဲ့အစည်း အနေဖြင့် လယ်သမားတွေရဲ့ အမြင်တွေကို အလေးအနက်ထား နားထောင်မှုမရှိခြင်းနဲ့ လျှိုဝှက်ဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကြောင့် အပြစ်တင်ခံနေရပါတယ်။ အခြားနိုင်ငံတွေထက် လယ်သမားတွေရဲ့အခွင့်အရေးကို ပိုပြီးအားကောင်းစွာကာကွယ်မှုပေးလေ့ရှိတဲ့ အိန္ဒိယနိုင်ငံမှာတောင် အဲဒီဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ နိုင်ငံတကာ သဘောတူစာချုပ်တွေကို လယ်သမားတွေရဲ့ အခွင့်အရေးနဲ့ ဓလေ့ထုံးတမ်း လယ်ယာစိုက်ပျိုးမှု အသိပညာတွေကို ကာကွယ်ပေးတဲ့ စာချုပ်တွေအဖြစ် အချို့က ရှုမြင်ကြတယ်။ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်းလို ရှုပ်ထွေးပြီး နည်းပညာဆန်တဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းအတည်ပြုတော့မယ်ဆိုရင် ဘယ်လိုအစိုးရမဆို ၎င်းရဲ့ ပြည်သူတွေကို အကျေအလည် ရှင်းပြဆွေးနွေးဖို့ တာဝန်ရှိပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေ အထူးသဖြင့် ဆင်းရဲတဲ့ စိုက်ပျိုးရေးကို အားထားရတဲ့ လယ်သမား အသိုက်အဝန်းများပေါ်မှာ ကျရောက်လာနိုင်မယ့် သက်ရောက်မှုတွေကို ဥပဒေ ပြဋ္ဌာန်းခြင်း မပြုမီ ဂရုတစိုက်နဲ့ ဘာကြောင့် ဒီလို ဥပဒေမျိုး လိုအပ်ရသလဲဆိုတာကို ရှင်းပြဖို့ လိုအပ်ပါတယ်။

မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်း

နောက်ထပ် ဥပဒေကြမ်း တစ်ခုကတော့ မကြာမီ လွှတ်တော်မှာ တင်သွင်းတော့မယ့် မြို့ ပြနှင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်း ဥပဒေကြမ်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက စတင်ရေးဆွဲတဲ့ ဥပဒေကြမ်းဟာ အမျိုးသား အဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် နဲ့ မြူနီစီပယ် အဆင့်ကော်မတီတွေမှာ စီမံကိန်းရေးဆွဲမှု အဆင့်ဆင့်ကို စနစ်တကျ ဖြစ်စေဖို့ မူဘောင်ချမှတ်မယ့် ဥပဒေဖြစ်ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်က မြို့ပြစီမံကိန်းအမျိုးမျိုးကို တစ်ခုနဲ့တစ်ခုအချိတ်အဆက်ရှိရှိနဲ့ အမျိုးသားစီမံကိန်းနဲ့လိုက်လျောညီထွေ ရှိစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ် (ဥပမာ ရန်ကုန်စည်ပင်သာယာရေးကော်မတီက ရေးဆွဲထားတဲ့ မြို့ပြစီမံကိန်းက တိုင်းဒေသကြီးအဆင့်က ရေးဆွဲတဲ့ စီမံကိန်းတွေနဲ့ သဟဇာတ ဖြစ်ရမှာကို ဆိုလိုပါတယ်)။ မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ မြို့ကြီးများအားလုံးကို လူဦးရေ၊ စီးပွားရေအင်အားနဲ့ အခြား အချက်အလက်တွေအပေါ် မူတည်ပြီးတော့ က မှ င အထိ အဆင့်များခွဲခြား သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

ကွန်မြူနစ်စနစ်မှာ တွေ့ရလေ့ရှိတဲ့ ဗဟိုထိန်းချုပ်တဲ့စနစ်ပုံစံဆန်နေပေမယ့်လည်း မတူညီတဲ့ ပထဝီ အနေအထားတွေမှာ ဆောင်ရွက်ကြမယ့် စီမံကိန်းတွေ တစ်ခုနဲ့တစ်ခုကြား ကွန်ယက်ဆက်နွယ်မှုရှိဖို့ ကြိုးစားခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ပြုလုပ်ခြင်းဟာ သဘာဝကျတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့်လည်း အခြားဥပဒေကြမ်းများလိုပဲ ဒုက္ခပေးမယ့်အရာက အသေးစိတ်အချက်ထဲမှာ ရှိနေတတ်ပါတယ်။ ဥပဒေကြမ်းမှာ မြေလွတ်မြေလပ်ဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ မြို့သစ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေ၊ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချပေးနိုင်တဲ့ ကော်မတီတွေနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေလည်း ပါနေသေးလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ရဲ့ လုပ်ငန်းတာဝန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝင်ရောက်ဆောင်ရွက်လာတဲ့ အနေအထားလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီလိုဥပဒေမျိုးဟာ မြေယာနှင့်ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ရှုပ်ထွေးမှုတွေ ပေါ်ပေါက်လာနိုင်မယ့် အန္တရာယ်ရှိပါတယ်။ ကစားပွဲစည်းမျဉ်းတွေအတိုင်း ဝင်ရောက်မကစားနိုင်တဲ့ ဥပဒေရေးရာကိစ္စတွေမှာ အသိပညာ ဗဟုသုတ မပြည့်ဝတဲ့ ပြည်သူတွေအတွက် ပိုပြီး ခက်ခဲမှုတွေ ပေါ်ပေါက်လာနိုင်ခြေ ရှိပါတယ်။ ယခုတစ်ခါမှာလည်း ၎င်းတို့ရဲ့ခံစားချက်တွေကို ဖော်ထုတ်တင်ပြနိုင်ခြင်းမရှိပါက မြေယာမဲ့ ဆင်းရဲသားတွေ၊ မြေအနည်းငယ်သာ ပိုင်ဆိုင်သူတွေ၊ မိရိုးဖလာနည်းလမ်းကိုပဲ အားထားနေရသူတွေကသာ ပိုပြီး ထိခိုက်နစ်နာရဖွယ် ရှိပါတယ်။

နားထောင်တတ်ခြင်းရဲ့ အရေးကြီးပုံ

ဥပဒေပြုရေး လုပ်ငန်းစဉ်တွေရဲ့ ပြင်ပမှာ ရှိနေသူ တစ်ဦးအနေနဲ့ သတင်းအချက်အလက် အပြည့်အစုံ ရရှိဖို့နဲ့ ရရှိတဲ့ သတင်းအချက်အလက်ကို အသုံးပြုပြီး အလုံးစုံ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ မလွယ်ကူလှပါဘူး။ ဥပဒေကြမ်းတွေက ဘယ်ကနေ ထွက်ပေါ်လာနေသလဲဆိုတာကို သိဖို့ လုံးဝမဖြစ်နိုင်တာ မဟုတ်ရင်တောင်မှ အလွန်ခက်ခဲတယ်လို့တော့ ပြောနိုင်ပါတယ်။ အဲဒီဥပဒေတွေက ဘယ်လို ပြဿနာတွေကို ဖြေရှင်းပေးမှာလဲ။ ဘယ်လိုသတင်းအချက်အလက်တွေကို ဥပဒေကြမ်းရေးဆွဲတဲ့အခါမှာ သုံးစွဲခဲ့ပါသလဲ။ ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေကို လေ့လာဆန်းစစ်ချက်တွေ ပြုလုပ်ခဲ့ပါသလား။ အဲဒီမေးခွန်းအားလုံးက လွှတ်တော်နဲ့ ၄င်းတို့ရဲ့ ကော်မတီတွေ ရှေ့မှောက်ရောက်ရှိလာတဲ့ ဥပဒေကြမ်းတွေ၊ ဥပဒေအသစ်တွေကို ဂရုတစိုက်နဲ့ အလေးအနက်ထား ချဉ်းကပ်သုံးသပ်ရန် အရေးကြီးကြောင်း ဖော်ပြလျက်ရှိပါတယ်။ အချက်အလက်တွေ ရှာဖွေစုဆောင်းဖို့၊ လွှတ်တော်ကြားနာပွဲတွေ ပြုလုပ်ဖို့၊ အထူးသဖြင့် ဒေသခံ လူမှုအသိုက်အဝန်းတွေရဲ့ ခံစားချက်တွေကို နားထောင်ဖို့ ကိစ္စရပ်တွေဟာ ကော်မတီတွေက လုပ်ဆောင်နိုင်တဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲမှာ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ လွှတ်တော်အမတ်တွေဟာ ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေကို ကိုယ်စားပြုဖို့ လွှတ်တော်ထဲ ရောက်ရှိနေခြင်းဖြစ်တာကြောင့် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကလည်း ပြည်သူလူထုကို အကျိုးပြုနိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ဥပဒေပြုရေး ဖြစ်စဉ်မှာ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက လူ့အဖွဲ့အစည်းရဲ့အစိတ်အပိုင်းတစ်ခုစီကို ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာ နိုင်ငံသားတွေသိရှိနားလည်နိုင်ဖို့အတွက် ရှင်းပြပေးသင့်ပါတယ်။

စိတ်ကူးယဉ်ဆန်ဆန် ပြောရရင်တော့ လွှတ်တော်အမတ်တွေဟာ ဥပဒေပြုရေးဖြစ်စဉ်ကို ဆောင်ရွက်တဲ့အခါမှာ ရာသီဥတုပြောင်းလဲမှု၊ ပဋိပက္ခ၊ မြေသိမ်းခံရမှုစတဲ့အခြေအနေတွေကြောင့် အသက်မွေးဝမ်းကျောင်းမှု ပျက်စီးရနိုင်ချေရှိတဲ့ အရပ်ဒေသက တောင်ယာလုပ်ကိုင်သူ လယ်သမားတစ်ဦးရဲ့ နေရာကနေ ဝင်ရောက်ခံစားပြီး ဥပဒေအသစ်တွေဟာ သူတို့ဘဝတွေကို အမှန်တကယ် အကူအညီပေးနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကို မေးမြန်းကြည့်ခြင်းပဲ ဖြစ်ပါတယ်။လွှတ်တော်ဆိုတာဟာ ပြည်သူအားလုံးကို ဝန်ဆောင်မှုပေးဖို့ တည်ရှိနေတာဖြစ်ပြီး ပုံမှန်အားဖြင့် ပြောရေးဆိုခွင့်မရှိသူတွေရဲ့ ကိုယ်စား ထုတ်ဖော်ပြောဆိုနိုင်တဲ့ အခွင့်အရေးကို ရရှိထားခြင်းပဲ ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ အိန္ဒိယနိုင်ငံ အမျိုးသားခေါင်းဆောင်ကြီး ဂန္ဒီကတော့ "နိုင်ငံတစ်ခုရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ဆုံးဖြတ်ရမယ်ဆိုရင် အဲဒီနိုင်ငံက သူ့ရဲ့အားအနည်းဆုံးပြည်သူတွေအပေါ်မှာ ဘယ်လို ဆက်ဆံလဲဆိုတဲ့အချက်ကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်"လို့ ဆိုပါတယ်။